Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၂၁ - ၂၄၊၂၀၂၀)


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၂၁ - ၂၄၊၂၀၂၀) 

(မိုးမခ) မတ် ၂၁၊ ၂၀၂၀

(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)

မတ် ၂၁ ရက် ညနေ ၂၂:၃၉ 

သမတကြီးက ပြောတယ် မမေငြိမ်း

မမေငြိမ်းက ပြောတယ်။ ကိုဗစ်၁၉ ဗိုင်းရပ်ကြောင့် စိတ်ရောဂါတောင် ဖြစ်တော့မလိုပဲတဲ့။ စိတ်ပျော်အောင် ဟာသများများကြည့်ဖို့ ပြောပြရမယ်။

ဥပမာ - နေ့စဉ် သမ္မတနဲ့ လူကြမ်းများ အဲလေ သမတကြီးတို့ ကိုဗစ်နေ့စဉ်သတင်းစာရှင်းလင်းတဲ့ ထုတ်လွှတ်မှုကို လိုက်ဗ် ထိုင်ကြည့်ပါ။ သမတကြီး၏ တနေ့တမျိုး မရိုးရတဲ့ ဟာသပြက်လုံးတွေဟာ ပါးစပ်မပိတ်ရဘူး အမရေ။ စိတ်ပူပန်ထားသမျှ ပျောက်ကွယ်သွားအောင် အစွမ်းထက်ပါတယ်။

သမတကြီးက ပြောတယ်၊ ကွီနိုင်သောက် ပျောက် ... တဲ့။ ကျန်းမာရေးဌာနက နောက်ကနေ လိုက်ဖြေရှင်းတယ်။ မဟုတ်ပါဘူး တဲ့။


သမတကြီးကို မေးတယ်၊ လူတွေ စိုးရိမ်သောကရောက်နေချိန်မှာ သမတကြီး လူထုကို ဘယ်လိုဖြေသိမ့်ပေးချင်ပါသလဲခင်ဗျား တဲ့။ သမတကြီးက ဖြေတယ်၊ မင်းဟာ အတော် ညံ့တဲ့သတင်းထောက်ပဲ။ မင်းက ငါ့ကို ပြည်သူနဲ့ ရန်တိုက်ပေးနေတာ၊ ငါသိနေတယ် တဲ့။

သမတကြီးက ပြောတယ်။ ငါ့ကိုငါ ဒီအရေးမှာ စွမ်းဆောင်ရည်အမှတ်ပေးရမယ်ဆိုရင် ၁၀မှတ်အပြည့် ပေးပစ်လိုက်မှာတဲ့။

သမတကြီးက ကိုဗစ်တိုက်ဖို့ ၂ ဘီလျံတောင်းတယ်၊ ကွန်ကရက်က ၆ ဘီလျံတိုးပေးတယ်။ သမတကြီးကပြောတယ်။ သူတို့ပေးတော့လည်း ယူရတာပေါ့လေတဲ့။ အခုတော့ ဘီလျံံ၁၀၀ ကျော် အရေးပေါ်ထုတ်သုံးရတော့မယ်ဆိုတော့ သမတကြီးက ပြောတယ်၊ အစက ဒို့ မပြောလား ... တဲ့။

သမတကြီးက ပြောတယ်။ ကိုဗစ်က တရုတ်ဗိုင်းရပ်စ်ပါတဲ့။ အမေရိကန်ကို မရောက်နိုင်ပါဘူး။ နယ်စပ်တွေ ပိတ်ထားရင် ပြီးပြီတဲ့။ အခု အမေရိကားကို ရောက်လာတော့ ခနနေ ပျောက်သွားမှာပါ တဲ့။ ပျောက်ချင်မှလည်း ပျောက်မယ် တဲ့။ ဘယ်သူက သိမှာမို့လဲ တဲ့။

သမတကြီးကပြောတယ် အရင်သမတတွေ ညံ့ခဲ့လို့ အခုလို ကပ်ဆိုက်တဲ့အချိန်မှာ သူတဦးတည်း ခေါင်းခံပြီး ဖြေရှင်းနေရတာတဲ့။

သမတကြီးကပြောတယ်။ ဒါက ဖလူပါတဲ့။ နောက်ကလိုက်ဖြေရှင်းနေရတယ်။ ဒါ ဖလူမဟုတ်ပါဘူး၊ အဆုတ်ကိုထိခိုက်စေတဲ့ ရောဂါပါ လို့ ကျန်းမာရေးက ဖြေရှင်းရတယ်။

သမတကြီးက ပြောတယ်။ တနိုင်ငံလုံး ပိတ်ချထားစရာ မလိုသေးဘူးတဲ့။ သို့သော် လက်ရှိမှာ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ ကင်နားတီးကပ်၊ အီလီးနွိုက် ပြည်နယ် ၄ ခုက သူ့တို့ဘာသာ သူတို့ shelter in place တွေ လုပ်နေရပြီ။

သမတကြီးကပြောတယ်။ တချို့ပြည်နယ်တွေမှာ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်သေးပါဘူးတဲ့။ ဘယ်ဖြစ်မှာလဲ ... ဆေးစစ်စရာ ကိရိယာ (တက်စ်ကစ်) မှ လုံလုံလောက်လောက်မရှိတာ ဆိုတော့ ... သမတကြီးကပြောတယ်၊ မင်းတို့မီဒီယာတွေ အားလုံးက fake news တွေ ချည်းပဲတဲ့။ လူထုကို လမ်းမှားကို ပို့နေတယ် တဲ့။

သမတကြီးကပြောနေပြီ ... မမေငြိမ်း။ နက်ဖြန် တီဗီဖွင့်ပြီး နားထောင်လိုက်။ ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်။ သူ့ ပြက်လုံးတွေက ရာဇဝန်ကို တွန်ရောပဲ။

ဟိဟိ


မတ် ၂၄ ရက် ညနေ ၁၉:၄၁ ·

ကိုဗစ်အလွန်ကို ထရန့်နှင့်အတူ စိတ်ကူးယဉ်ခြင်း


သမတကြီးထရန့်က ပြောတယ်။ သကြန်အကြိုမှာ အမေရိကန်ကို ပြန်ဖွင့်လိုက်မယ် တဲ့။ ကိုဗစ်ကို လွန်အောင် စောင့်နေစရာမလိုဘူးတဲ့။ ကဲ ... ဒါမှ အမေရိကန်က ဒီမိုကရေစီခေါင်းဆောင်ဆိုဒါ လို့ လက်ပေါက်ပန်းခပ်ပြီး ပေတရာကို လျောက်ပါလို့ ထင်သလောက်ပြလိုက်ချင်ပါသည် ။ အဲဒါမှ တုံးကျော်မ ဒေါ်နယ်ထရန့် တဲ့ကွ ... ပေါ့။

တနိုင်ငံလုံးက ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်နယ်တွေမှာ ပိတ်ဆို့တားဆီး ဖြေရှင်း ဖိနှိပ်ဖို့ ကြိုးစားချိန်၊ ကျန်းမာရေးနယ်ပယ်က အင်အားကုန် အစွန်းကုန် အသက်ပေးပြီး ကုသပေးနေချိန်၊ ကျန်းမာရေးကိရိယာ ဆေးရုံပစ္စည်းတွေ မလောက်ငှတော့ဘူးလို့ အရေးပေါ် ဥဩဆွဲနေချိန်မှာ ... အမေရိကန်က စကြ၀တေးမင်းကတော့ အေးအေးပဲဗျ။ လူ့အသက်တွေထက် စီးပွားရေးက အရေးကြီးတယ် ဆိုပဲ။ သေသေကျေကျေ ဆိုင်တွေ ပြန်ဖွင့်ပြီး စျေးရောင်းမှ ဖြစ်မယ် ... တဲ့။


မတ်လ ဒီတပတ်မှာပဲ အမေရိကန်မှာ လူနာ ၅သောင်းဖြစ်လာတယ်။ တရုတ်ပြီး အမေရိကား ဒုတိယပဲ။ အသေအပျောက်လည်း ၇၆၀။ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ဝန်ကြီးချုပ် ၂ယောက်မှာလည်း အသံပြာနေပြီ။ သတိပေးနိုးဆော်နေရလို့။ ကုမ္မဏီကြီးတွေကလည်း နိုင်သလောက် ကုန်ထုတ်လုပ်မှုတွေ ဝင်ကူတယ်။ လူတွေကလည်း လှူတယ်၊ စေတနာဝန်ထမ်းကြတယ်။ သမတကြီးထရန့်က အရေးပေါ်အခြေအနေ ကြေငြာပြီး အဆိုပါပြည်နယ်တွေဆီ မြို့စောင့်တပ် (National Guard) တွေ လွှတ်ပေးသော်လည်း နောက်ထပ်အရေးပေါ်အမိန့်ဖြစ်တဲ့ Nationalised Manufacturing ပုဂ္ဂလိကကုမ္မဏီတွေကို အစိုးရအမိန့်ဖြင့် အရေးပေါ်ကုန်ထုတ်လုပ်စေခြင်းကိုတော့ ထရန့်က မလုပ်ပါဘူး။ သူတို့ဖာသာသူတို့ ကြည့်လုပ်လိမ့်မတဲ့။ ကြည်ညိုလို့ မကုန်ပါတကား။

ကိုဗစ်ဗိုင်းရပ်က အခုမှရောက်နေတာမဟုတ်ပါ။ ရောက်ပြီးလို့ မုန်တိုင်းဖြတ်ကျော်နေသလို အစွမ်းကုန် သောင်းကျန်းနေပြီ။ မုန်တိုင်းကျနေချိန် ခေါင်းပုပြီးနေသော်လည်း မုန်တိုင်းလွန်ချိန်ကို စိတ်ကူးယဉ်နေရတဲ့ မျော်ကြည့်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ထရန့်ကတော့ ရဲရဲကြီး စိတ်ကူးလိုက်တယ်။ သင်းကြန်အကြိုမှာ အမေရိကန်ကို ပြန်ဖွင့်မယ်။ ကျနော်တို့ကကော။

ပညာတတ်တွေ ပညာရှိတွေ သိပ္ပံပညာရှင် စတဲ့ အချို့ကတော့ သင်ခန်းစာတွေယူကြမယ်။ ပြန်လည် စိစ်သုံးသပ်မယ်။ နောင်အနာဂတ်အတွက် ပြင်ဆင်ကြမယ်လို့ အကြမ်းအားဖြင့် ပြောကြပါတယ်။ လူပြိန်းအချို့ကတော့ ဆန်ဝယ်စု ဆီဝယ်စုမယ်၊ လက်ဖြန့်မယ် လက်ညိုးထိုးမယ် ။ ဟိုလူ ဒီလူတွေကို အပြစ်တင်မယ်၊ ရှုတ်ချမယ်။ မိတ်ဆွေတွေ ဆုံးရှုံးပြီး ရန်သူတွေ ပိုတိုးအောင် လုပ်ကြလိမ့်မယ်။ နိုင်ငံကြီးသားဆန်သူတွေ မိသားစုစိတ်ဓာတ်ရှိသူတွေကတော့ အများနဲ့ အတူတူ ရင်ဆိုင်ကြတာကို ရွေးပါလိမ့်မယ်။ ပါးစပ်က နည်းနည်းပြောပြီး နား၂ဘက် ကျယ်ကျယ်ဖွင့်လို့ များများ နားစွင့်ထောင်နေကြပါလိမ့်မယ်။ စံနမူနာယူစရာတွေကို လိုက်လံရှာဖွေ အတုယူကြပါလိမ့်မယ်။

ကျနော်ကတော့ ဒေါ်နယ်ထရန့်ကို အံ့ဩတယ်။ သူကြောက်တဲ့အရာ ခုထိ ကမ္ဘာမှာ မပေါ်သေးဘူး။ ကိုဗစ်၁၉ကိုတောင် သူက မမှုတဲ့နောက်မှတော့ ဘယ်ခွေးမှ လူမထင်ဘူးလို့ အရက်သမားတွေ မူးရင် ကြွေးကြော်သလို ထရန့်ကလည်း ဘာကိုမှ လူ မထင်သူ ဆိုတာ ထင်ရှားလာပါတယ်။