Breaking News

မင်းကိုနိုင််- မြေကျစ်စာခဲတစ်ခုပေါ်မှာ



မင်းကိုနိုင််-  မြေကျစ်စာခဲတစ်ခုပေါ်မှာ

(မြန်မာတိုင်းမ်စ် မတ် ၂၇ မှာ ဖော်ပြပြီး၊ မင်းကိုနိုင်ဖေ့စ်ဘွတ်)
(မိုးမခ) မတ် ၂၈၊ ၂၀၂၀

တစ်ခါက အာကာသယာဉ်မှူးတွေဟာ လကမ္ဘာခရီးအတွေ့အကြုံ ရှင်းကြတယ်။

သတင်းထောက်  - အာကာသထဲ ရောက်တဲ့အခါ ကမ္ဘာ မြေကို လည်ပြန်ကြည့်၊ ဘာတွေ့မိပါသလဲ။

အာကာသယာဉ်မှူး - "တဖြည်းဖြည်းနဲ့ ဝေးသွားတဲ့အခါ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မြေကျစ်စာခဲ လောက်သာ ကျန်တာတွေ့ရပါတယ်။ သြော်... ငါတို့အားလုံး မြေကျစ် စာခဲတစ်ခုမှာ ဝေမျှနေရတာပါလားလို့"

အခု အဲဒီမြေကျစ်စာခဲကို တက်နင်း မယ့် ခြေထောက်ကြီး လာပြီ။ မြို့ကလေးနဲ့ လူသတ်ကောင် ဇာတ်လမ်းမျိုးပဲ။

လူသတ်ကောင်ဟာ ရုပ်ဖျက်ကောင်း တော့ "မှန်း"မရ၊ ကိုယ်ဖျောက်နိုင်တော့ "ဖမ်း"မရ၊

လက္ခဏာ မပြတော့လည်း ပြဿနာ၊ လက္ခဏာ ပြပြန်တော့လည်း ပြဿနာပဲ။

အခြေအနေကတော့ အချမ်းသာဆုံး နေရာတွေမှာတောင် ကမ္ဘာပေါ် ကြာကြာ နေဖူးသူတွေကို လက်လွှတ်ရပြီ။

လူသတ်ကောင်ဟာ ကိုယ့်ဆီ ရောက် တောင် မမြင်ရဘူးဆိုတော့ လည် ချောင်းထဲ ကျပ်ဆို့သလိုလို၊
ချောင်းခြောက် ကြီး ဆိုးမိလိုက်၊ ဖျားချင်သလိုလို ဖြစ်နေ လိုက်၊ ဒါ ကိုယ်တစ်ယောက်တည်းလား။

ဒါကြီးက ဘယ်လောက်ကြာမှာလဲ။ ငါ ပါသွားမလား၊ ကျန်ခဲ့မလား တွေးနေ မိတာ တစ်ယောက်တည်းလား။

မိုးပြိုဟန် မြင်တာနဲ့
ရိက္ခာခြောက်အတွက်၊
ဆေးဝါးအတွက် စီနေကြတာ
လူတန်းရှည်ကြီး မဟုတ်ဘူး၊
အပူတန်းရှည်ကြီး၊
လိုသလောက်ပဲ ယူတဲ့ သူ ="လူ"။


ကြောက်စိတ်နဲ့ ခြောက်ကပ်နေတဲ့ လမ်းထဲ
ဂစ်တာတစ်လက်နဲ့ ပြေးဝင်လာ တာ
ဘယ်သူပါလိမ့်။
အိမ်ထဲ ကုပ်နေသူ တွေ ပြတင်းကကြည့်တော့

"အို... အမိတို့ မကြောက်ကြလင့်"
"အို... အဖတို့ အားမငယ်လင့်"
လူဆိုးဖမ်းတဲ့လက်ဟာ ပန်းတွေကို လည်း ပွင့်စေနိုင်။

နေပါဦး...

ရဲသားလေးက သူ့ပြည်သူကိုဂစ်တာလာတီးပြတာ၊
ကိုယ်က ဘာလို့ တလှိုက် လှိုက်
စိတ်ထိခိုက်နေရတာလဲ။
ခြေချုပ်ကျ နေသူတွေ လက်ခုပ်တီးပြန်တော့ ကိုယ် ဘာလို့ ရင်ခုန်သံမြန်လာရပြန်သလဲ။ ဘာ ဆိုင်လို့လဲ။

"ဘယ်လောက်နီးလို့လဲ"ဆိုတဲ့အမေး ကို "ဘယ်လောက်ဝေးလို့လဲ"ဆိုတဲ့အမေး နဲ့ ပြန်ဖြေမယ်။
မြေကျစ်စာခဲတစ်ခုပေါ် မှာ။

ကလေးတစ်ယောက်က မေးတယ်။
"အဲဒီပိုး"ကို သေနတ်နဲ့ ပစ်သတ်လို့ မရဘူးလား"တဲ့။

ဟော... ဟိုမှာ...
သေရေးရှင်ရေး တွေ့တဲ့အခါ
အများ ရှင်ရေး ရွေးခဲ့ကြသူတွေ၊
ဆေးအိတ်၊ နား ကြပ်ယူ ဖြူနီရောင်တွဲတွေ။

ဟိုမှာ သူတို့ ဆ/မ နံပါတ်တွေကို
အော်ဟစ် ကြေညာပြီး သေမင်းရှိရာ
ခြေလှမ်း ကျဲကြီးတွေနဲ့ ထွက်သွားသူတွေ
အမှောင် ည "ကြယ်"တွေရဲ့ရင်ဘတ်မှာ
သူတို့ ဆ/မ နံပါတ်ခပ်နှိပ်ဖို့
လက်နက် မကိုင်လည်း
သူရဲကောင်းဖြစ်တယ်ဆိုတာ
နှောင်းလူတို့ သိစေဖို့ငှာ
သေမင်းရှိရာ သွားကြပါပြီ။

တတ်မြောက်သမျှနဲ့ အသက်ပေးလှူ သူ လူ၊တတ်နိုင်သမျှနဲ့ လက်ဆေးရည် ကူသူ ကူ၊
ကမ္ဘာကြီးရဲ့ ဥပဓိကို အကျည်း တန်မခံ၊
ခုခံကြတာ
မြေကျစ်စာခဲတစ်ခု ပေါ်မှာ...

လက်နက်နဲ့တိုက်မရတဲ့ လူသတ်ကောင် ကို
စိတ်စေတနာ၊ ညာဏ်ပညာနဲ့ ခုခံကြပြီ။
ဒီပွဲဟာ ကမ္ဘာမြေသမိုင်းရဲ့ သင်ရိုးသစ်ပဲ။
လူသားဝါဒ အက်ဆေးကို တစ်ယောက် တစ်လက် ဝါကျဆက်ရေးကြပြီ

ရှုလော့ လေ တို့မြေမှာ...
"အိမ်ထဲမှာပဲ လုံအောင်နေပါ၊ လိုတာ ရှိပြော"
ပိုက်ဆံစိုက် ဈေးဝယ်ပေးမယ့် လူငယ် တွေနဲ့၊
သေမင်းကို အန်တုဖို့
လုပ်အားပေး မယ့် လူငယ်တွေနဲ့၊
အိမ်ပြန်လာမယ့် သား အတွက်
သီးခြားတဲလေး ဆောက်ပေးနေ တဲ့ ဖခင်နဲ့...
(မေးကြည့်လိုက်)...
ဓနကြွယ်လို့လား ...မဟုတ်၊
အတန်းစာ တတ်လို့လား ....မဟုတ်၊

ဒါဖြင့် ဘာနဲ့လဲ။
"ဆင်ခြင်တုံတရားနဲ့"
"အသိစိတ်နဲ့"ထိုးတဲ့ တောသားရဲ့ ယာယီတဲကလေးပေါ့။

ရောင်စုံကမ္ဘာကြီးမှာ တချို့က အရောင် ညစ် အမှောင်ရောင်တွေ
သူတို့ကတော့ အလင်းရောင်တွေနဲ့ "သစ်"တယ်။

ဟိုမှာ... ရွာကိုမြင်လျက်၊ အိမ် မပြန်
မရေမရာဘဝကိုယ့်ကိုယ်ကို
တောထဲအကျဉ်း ချခံလိုက်တဲ့ ရွာသားလေးရေ။
တစ်ချိန် မှာ
အမည်မသိ တောပန်းလေးတွေ တွေ့ ရင်
မင်းတို့နာမည် ခေါ်လိုက်ပါမယ်။
လူ သတ်ကောင်ကို တွန်းလှန်ရာ
ကျွမ်းကျင်သူ စကား နားထောင်တာလည်း တာဝန်ကျေ မှုပဲလေ။
မြေကျစ်စာခဲတစ်ခုပေါ်မှာ...

"ကျွန်တော်ကတစ်နေ့ရှာမှတစ်နေ့စားရပေမယ့် ဖုန်းသာကြိုဆက် ခေါ်လိုက် ပါ။
ကယ်သူတွေကို ကူသယ်ဖို့ လာပါမယ်" တဲ့။

အငှားယာဉ်မောင်း ညီလေးရေ....
ကူပါ၊ ပို့ပါ၊
ကမ္ဘာမြေချစ်စိတ် ဂီယာသွင်း၊
လူတွေကို တန်ဖိုးထားမှု လီဗာနင်း၊
စတီယာရင်ကိုင်တဲ့ မင်းလက်
လူသတ်ပိုး မနှိပ် စက်စေကြောင်း
တစ်ချိန် ကမ္ဘာ့တိုက်ကြီး တွေ ဆက်မယ့်လမ်း ကွန်းထောက်စခန်း တစ်ခုမှာ
မင်းမောင်းခဲ့တဲ့ ကားနံပါတ်လေး ရေးခွင့်ပြုပါ အညတရယာဉ်မောင်းရေ...

တစ်လမ်းဝင် တစ်လမ်းထွက်
မျက်နှာ ဖုံး၊ လက်ဆေးရည်ကမ်းနေတဲ့
လူမသိ သူ မသိ ပရဟိတသမားတို့ရေ၊
မင်းတို့ ရုပ်တု တွေ
မြေကျစ်စာခဲတစ်ခုပေါ်မှာ...

ဟိုမှာ... လူသားမျိုးနွယ်တစ်ခုလုံး အတွက် တာဝန်ကျေခဲ့သူတို့ ကားတန်း အပြန်
ကျကျနနအလေးပြုနေကြတာ မြင် လား။

ဒါ... အကြောက်တရားနဲ့ မဟုတ်
နင့်ပိုးနေတဲ့ လေးစားမှုနဲ့ "ပြု"တာ။
တစ်ခါ တလေ မခံစားနိုင်တဲ့အဆုံး မျက်ရည်တွေအလိုလိုကျလာသလို
လက်တွေ အလိုလို မြှောက်ပြီး အလေးပြုတာ။

ဒီစာဟာ
အရေးကြုံမှ မြင်ခွင့်ရတဲ့
လူ သားဆန်မှု၊ ဖေးမမှုတွေကို
မခံစားနိုင်တဲ့ အဆုံး
အသည်းတုန်တုန်၊ ခဲမှုန်မှုန် ရေး လိုက်တာ ဖြစ်နိုင်ပါတယ်။

မြေကျစ်စာခဲ တစ်ခုပေါ်မှာ...။