Breaking News

သစ်ကောင်းအိမ် - စွပ်ထားခြင်းများ


သစ်ကောင်းအိမ် - စွပ်ထားခြင်းများ

(မိုးမခ) မတ် ၂၅၊ ၂၀၂၀

လက်လွတ်ရင်
လက်စွပ်နဲ့
ခြေလွတ်ရင် ခြေစွပ်နဲ့
ခေါင်းလွတ်ရင်ခေါင်းစွပ်နဲ့
ကိုယ်လွတ်ရင် အဝတ်နဲ့

ကြမ်းလွတ်ရင်
ကြမ်းပြင်နဲ့
အခန်းလွတ်ရင်
နံရံနဲ့
မြင်ကွင်းလွတ်ရင်
ပြတင်းနဲ့
အမိုးလွတ်ရင် ခေါင်းမိုးနဲ့

မိုးလွတ်တဲ့အခါ
ဆောင်းရာသီနဲ့
မြေရိုင်းလွတ်ရင် ဥယျာဉ်နဲ့
ချောက်ကမ္ဘားလွတ်ရင် တံတားနဲ့
တောင်ကုန်းလွတ်ရင် စေတီနဲ့

နှစ်ယောက်တည်း အထီးကျန်နေရင် အချစ်နဲ့
လူတစုပြန့်ကျဲနေရင် မိသားစုနဲ့
တယောက်ချင်းသင်းကွဲနေရင် ကမ္ဘာကြီးနဲ့
တခုခုနဲ့စွပ်ထားမှ
လူ့ဘဝဟာ
နေသာထိုင်သာရှိပုံရပြီး
တခုခုနဲ့စွပ်ထားခြင်းက
လူ့ဘဝအဓိပ္ပာယ်ဖြစ်ပုံရလေတော့
လွတ်နေတဲ့ပုခုံးနှစ်ဖက်ကြားခေါင်းစွပ်
ကျိုးဆတ်လွယ်တဲ့သစ်ကိုင်းတခုပေါ်
လက်တဖက်တည်းနဲ့တွဲလွဲခိုရင်း
ကိုယ့်အလွတ်ကြီးက
မလွတ်တမ်း လိုက်စွပ်နေတဲ့
စွပ်ထားခြင်းများ

ကိုယ့်အလွတ်ကြီးကို
မလွတ်တမ်း လိုက်စွပ်နေတဲ့
စွပ်ထားခြင်းများ
၊ ၁၈ မတ်လ ၂၀၂၀