Breaking News

မောင်လူူူူပေ - ထရန့်ကတော့ ကိုရိုနာကို ခေါင်းနဲ့တိုက်မည် (၂၄/၀၃/၂၀)




မောင်လူူူူပေ - ထရန့်ကတော့ ကိုရိုနာကို ခေါင်းနဲ့တိုက်မည် (၂၄/၀၃/၂၀)

(မိုးမခ) မတ် ၂၅၊ ၂၀၂၀

သမ္မတထရန့်က အီစတာ(ဧပြီ၁၂) ပြီးရင် အရေးပေါ်အခြေအနေကြေညာမှုကို ပြန်ရုပ်သိမ်းချင်၊ ကျွမ်းကျင်သူတွေက တင်းကျပ်မှုဖြေလျှော့ဖို့ စောသေးတယ်လို့​ ပြော။ WHO ကအမေရိကန်ပြည်ထောင်စုဟာ ကိုရိုနာဗိုင်းရပ်ပျံ့ပွားရာ ဗဟိုချက်ဖြစ်လာနိုင်တယ်လို့ သတိပေး။

သမ္မတထရန့်ကတော့ စီးပွားရေးသမားတွေနည်းတူ နိုင်ငံကို ပိတ်ထားတာမကြိုက်။ စီးပွားရေးလုပ်ငန်းတွေထိခိုက်မှာစိုးရိမ်တယ်။ စီးပွားရေးနလံမထူရင် ဒီနှစ်ရွေးကောက်ပွဲမှာ အခြေလှမယ်မဟုတ်။ ဒါကြောင့် ရောဂါပျံ့ပွားမှုကို အရေးမကြီးသလိုသဘောထားပြီး လာမဲ့ ဧပြီ(၁၂) အီစတာနေ့ပြီးရင် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းချင်တယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဆိုရင် Shelter in place က နှစ်ပတ်အတွင်းဝင်လာပြီ။ ပြည်နယ်ခြောက်ခုကျော်ရဲ့ လူဦးရေသန်းတစ်ရာသုံးဆယ်ကျော်၊ နိုင်ငံရဲ့ (၄၀%)ဟာ stay home အမိန့်အောက်မှာ နေထိုင်နေကြတယ်။

ဒီရောဂါဒါဏ်ကို အများဆုံးခံနေရတဲ့ နယူးယော့ခ်ပြည်နယ်မှာ အိမ်မှာနေဖို့အမိန့်ထုတ်ထားပေမဲ့ ကူးစက်မှုက မကျသွားပဲ ပိုလို့ဆိုးလာနေတယ်။ ကူးစက်မှုကိုမထိန်းနိုင်ရင် နယူးယော့ခ်ပြည်နယ်ထဲမှာ ရောဂါကူးစက်ခံရသူ တစ်သိန်းကျော်အထိ ရှိလာမယ်လို့ မှန်းထားတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ရောဂါကာကွယ်ရေးပစ္စည်းတွေ တစ်ပတ်စာလောက်သာကျန်တော့တယ်လို့ပြောထားတယ်။ ဆေးရုံတွေမှာလည်း ယာယီကုတင်တွေနဲ့ ကုသပေးနေရတယ်။ အခြားပြည်နယ်တွေရဲ့ ကူးစက်မှုကလည်း တိုးနေဆဲပဲ။ နိုင်ငံအတွင်း သေဆုံးသူက တစ်ရက်အတွင်း တစ်ရာကျော်အထိ တက်လာနေတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမှာ ကမ္ဘာ့နံပါတ်(၂)အဆင့်ရှိထားတဲ့ အီတလီနိုင်ငံမှာ နိုင်ငံကိုပိတ်ဆို့ပြီးကာကွယ်နေတဲ့ကြားက တစ်ရက်အတွင်း လူခုနှစ်ရာကျော်သေဆုံးခဲ့ရလို့ သေဆုံးသူ ခြောက်ထောင့်ရှစ်ရာကျော်ရှိလာပြီး ကူးစက်ခံရသူ ခုနှစ်သောင်းနီးပါးအထိ ဖြစ်လာပြီ။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကမ္ဘာ့အဆင့် သုံးဆယ်ကျော်မှာသာရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက အမေရိကန်နိုင်ငံကိုပြန်ဖွင့်ဖို့စောသေးကြောင်း ထောက်ပြနေကြတယ်။ WHO ကလည်း ကူးစက်မှုမထိန်းချုပ်နိုင်ရင် အမေရိကန်ပြည်ထောင်စုဟာ မကြာခင်မှာ ဥရောပနည်းတူ ရောဂါပျံ့ပွားရာ ဗဟိုချက် ဖြစ်လာမယ်လို့ သတိပေးထားတယ်။ လာမဲ့အပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရောဂါကူးစက်ခံရသူဦးရေဟာ တရုတ်ကိုကျော်တက်သွားမှာ ဖြစ်တယ်။ နောက်လအလယ်လောက်မှာမှ ကူးစက်မှု အမြင့်ဆုံးကိုရောက်မယ်။ ကူးစက်ခံရသူအရေအတွက်ဟာ အဆနှစ်ဆယ်လောက်အထိ တိုးလာမယ်လို့ မှန်းဆကြတယ်။

ဒီလိုစိုးရိမ်ပူပန်မှုတွေကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် ပြည်နယ်အချို့မှာတော့ အိမ်မှာနေဖို့အမိန့်ကို ဧပြီလကုန်အထိ တိုးဖို့ ရှိပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ပန်းခြံတွေ၊ ကမ်းခြေတွေ ပိတ်လိုက်ပြီဖြစ်ပြီး တစ်ပတ်မှာ တစ်ရက်သာ စျေးဝယ်ရန်အပြင်ထွက်ဖို့ ဆော်ဩနေတယ်။ မလိုက်နာသူကို အရေးယူဖို့လည်း ရှိတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ ရှစ်ထောင်လောက် တိုးလာလို့ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်သလို သေဆုံးသူလည်း ခြောက်ရာကျော်ခန့်ရှိလာပြီ။

ဒီမိုကရက်နဲ့ ရီဗာပလီကင် အမတ်တွေလည်း စီးပွားရေးအကျပ်အတည်းက ကယ်ဆယ်ရေးအတွက်ချပေးမဲ့ အမေရိကန်ဒေါ်လာ နှစ်ထရီလီယံ(ဘီလီယံနှစ်ထောင်)အတွက် ကွန်ဂရက်မှာ အခြေအတင်ဆွေးနွေးနေကြတယ်။ မကြာခင် သဘောတူကြမယ်လို့ ယူဆရတယ်။

(သည်နေရာမှာ ဖြတ်ပြောရရင် - ထရန့်နဲ့ ရီပတ်ဘလစ်ကန်တွေက အစိုးရကူငွေ နှစ် ထရီလီယံကို လူအများစုလက်ထဲအရောက် ကူမယ့်အစား ကုမ္မဏီကြီးတွေလက်ထဲနဲ့ ထရန့်အစိုးရစိတ်ကြိုက်ကူငွေအဖြစ် ၀ကွက်အပ်ဖို့ ဥပဒေရေးဆွဲနေလို့ နန်စီပလိုစီတို့ ဘာနီဆန်းဒါးကို ဒီမိုကရက်တွေက အတိုက်အခံပြန်လုပ်ပြီး တရားနည်းလမ်းကျအောင် လွှတ်တော် ၂ ရပ်မှာ တိုက်ပွဲ ဆင်နေကြရပါတယ် (အယ်ဒီတာ))

ဂျပန်နိုင်ငံ တိုကျိုမှာကျင်းပမဲ့ ၂၀၂၀ နွေရာသီအိုလံပစ်ပွဲတော်ကြီးကို နောက်နှစ်သို့ ရွှေ့ဆိုင်းကြောင်း ကြေညာတယ်။ ၂၀၂၁ နွေရာသီမှာကျင်းပမဲ့ ၂၀၂၀အိုလံပစ်အဖြစ် သမိုင်းဝင်သွားပြီ။ အဲဒီပွဲဟာ ရောဂါဘေးမှ လွတ်မြောက်ခဲ့သူတွေ အောင်ပွဲခံတဲ့ပွဲလည်း ဖြစ်လာပါလိမ့်မယ်။

ကမ္ဘာ့နိုင်ငံပေါင်း(၁၉၆)နိုင်ငံက လူဦးရေလေးသိန်းကျော်ခန့်ကို ကူးစက်ခဲ့ပြီ။ တစ်သိန်းကျော်ပျောက်ကင်းသွားခဲ့ပြီး တစ်သောင်းရှစ်ထောင်ကျော်သေဆုံးခဲ့လို့ သေဆုံးရာနှုန်း(၁၅%) ရှိနေပါတယ်။

နောင်နှစ်မှာကျင်းပမဲ့ အိုလံပစ်ကို မိတ်ဆွေများနဲ့အတူ ကြည့်ချင်ပါသေးတယ်။ ဂရုစိုက်ကြပါဗျို့။