တိုးနှောင်မိုး - သူငယ်ချင်းစစ်ဗိုလ်ကပြောတယ်
သူငယ်ချင်းစစ်ဗိုလ်ကပြောတယ်
တိုးနှောင်မိုး
(မိုးမခ) မတ်လ ၆၊ ၂၀၂၀
ပြုံးနေတာမပြုံးချင်တော့
ပြောနေတာမပြောချင်တော့
ငါတို့ကမပေးချင်ပေးချင်ပါကွာတဲ့
စီးကရက်ဖွာတယ်
လက်ဘက်ရည်ငုံတယ်
မပစ်ချင်ပစ်ချင်ပစ်ပေးရတာပဲ။
ကဗျာပြီးရင်မိသားစုဆိုပေမဲ့
မိသားစုပြီးမှကဗျာပါ
ဒိုင်နိုဆောတွေလို
ကဗျာဆရာတချို့ပျောက်သွားတယ်
နွယ်စိမ်းဝေပျောက်သွားတယ်
အဲ့လို
တချို့ကငွေရှိလို့
တချို့ကငွေမရှိလို့
တချို့ကပျော်လို့နေနေတာ
တချို့ကမပျော်လို့နေနေတာ
တချို့ငွေရှာပြီးဝင်လာကြတယ်
တချို့ငွေဖြုန်းဖို့ဝင်လာကြတယ်
တချို့ငွေမရှာတတ်လိုနေနေကြတယ်
ပန်ပွင့်ကိုမီးမစွဲဘူး။
သူငယ်ချင်းစစ်ဗိုက်ကကဗျာဆရာ
ခုတော့ဗျူဟာမှူး
ကဗျာထက်ပိုချစ်တာမဟုတ်ဘူး
ကဗျာရေးရတာမလွယ်ဘူး
အခုလွယ်တယ်
လွယ်အိတ်လွယ်ထားရသလိုလွယ်တယ်
မြွေပွေးဆိုတာခါးပိုက်ပိုက်ရမှ
အရသာရှိတာ။
ကျနော်လိမ်ချင်တယ်
ကျနော်မတည်ဆောက်ခဲ့ဘူး
ကဗျာကပွန်းပဲ့တဲ့အနာမဟုတ်ဘူး
ကဗျာကကျည်ဆံမဟုတ်ဘူး
ကဗျာကတစ်နေရာယူလို့မရဘူး
ရိုးသားခြင်းခဲ့ရဲ့လား
တိမ်တွေဒလိန့်ကောက်ကွေးပြုတ်ကျလာတယ်
စီဆီဖတ်ဘယ်ရောက်နေလဲ။
သူငယ်ချင်းစစ်ဗိုလ်ကပြောတယ်
အာမီရမ်မြင်မှမင်းတို့သတိရတာတဲ့
ငါမရပ်ချင်ဘူး
သွားနေချင်တာ
မယူဘူးရနေတာ
နောင်တမဟုတ်ဘူး
မိသားစုအဆင်ပြေရေး
ပစ်သာပစ်နေတာမျက်စာကပစ်မရ
အဲ့လိုရိက္ခာကရှိသေး
မသေခင်အထိယူရတာ
သေသွားယူမရ
မသေပဲပုတ်နေတဲ့ခန္တာကိုလည်းခဲ့တယ်။
သူငယ်ချင်းစစ်ဗိုလ်နဲ့အပြန်
သူငယ်ချင်းစစ်ဗိုလ်ကစကားလုံးတစ်လုံးပစ်ပေးခဲ့တယ်
အာ့မျက်ရည်ပဲ
သူငယ်ချင်းစစိဗိုလ်ကလည်းမိသားစုထမ်းလို့
ကျနော်ကလည်းမိသားစုကိုထမ်းလို့
အပြန်မှာတစ်ခုသတိရမိတယ်
သူငယ်ချင်းစစ်ဗိုလ်ကကျနော့်အလေးပြုသွားတာ
ကျနော်လည်းဘာလုပ်မိလဲ
သူငယ်ချင်းစစ်ဗိုလ်နဲ့ပြန်တွေ့မေးရဦးမယ်
ကျနော့်မလည်းသူနဲ့
မတွေ့ချင်တွေ့ချင်တွေ့ခဲ့တာ။.. ။
၂.၃.၂၀၂၀