Breaking News

လင်းသက်ငြိမ် - လွမ်းရတဲ့ရေကန်ကြီး

လွမ်းရတဲ့ရေကန်ကြီး
လင်းသက်ငြိမ်
(မိုးမခ) မတ် ၆၊ ၂၀၂၀


             အိမ်ရဲ့အဝေးကလူ။ ဇာတိမြေနဲ့ ခွဲခွာနေရသူအတွက် အလွမ်းတွေက ခေါင်းစဥ်တပ်စရာအများအပြားပါပဲ။ ဇာတိမြို့ရဲ့ လမ်းကလေးကနေ အိမ်က မိသားစုအထိ တစ်ရက်တစ်မျိုးမထပ်အောင် လွမ်းလို့ ရနိုင်ပါတယ်။ အမေ့ကိုလွမ်းတဲ့အခါလွမ်း၊ အဖေနဲ့ညီ ညီမတွေကိုလွမ်းတဲ့အခါလွမ်း၊ ခြံထဲကသစ်ပင်တွေကိုလွမ်း၊ သရက်သီးမှည့်တွေကိုလွမ်း၊ ဇီဇဝါပန်းတွေကို လွမ်း၊ ကျေးငှက်မြည်သံတွေကိုလွမ်း၊ မြေဝါလမ်း
ကလေးကိုလွမ်း၊ သူငယ်ချင်းတွေကိုလွမ်း၊ တစ်ဖက်သတ်ချစ်ဖူးတဲ့သူကိုလွမ်း အဖုံဖုံ၊ အစုံစုံလွမ်းရတဲ့ အိမ်ဝေးနေ့ရက်တွေပါပဲ။ မဆီမဆိုင်ရေကန်ကြီးတစ်ကန်ကို လွမ်းမိတာကတော့လွန်တယ်ထင်ကြမလား ။

            ကျွန်တော်တို့ ရပ်ကွက်ရဲ့အနောက်ဖက်မှာ မီးရထားလိုင်းလို့ ကျွန်တော်တို့ခေါ်တဲ့ မီးရထားဝန်ထမ်းအိမ်ယာတွေရှိတယ်။ မီးရထားရပ်ကွက်လို့လည်းခေါ်ကြတယ်။ အဲ့ဒီရပ်ကွက်ထဲက လမ်းတွေကို ကကြီးလိုင်း၊ ခခွေးလိုင်း အဲ့ဒီလို နာမည်တွေတပ်ပြီး ခေါ်ကြတယ်။ ရာထူးအဆင့်အလိုက် နေရာချထားတယ် ထင်တာပဲ။
လိုင်းခန်းတွေက မြေစိုက်၊ပျဥ်ထောင်၊ သွပ်မိုးတွေပါပဲ။ မီးရထားစက်ခေါင်းရုံရှိတော့ မီးရထားဝန်ထမ်းတွေလည်းများလာတာနဲ့ ရပ်ကွက်တစ်ခုလို စည်ကားလာပုံရပါတယ်။ အဲ့ဒီရပ်ကွက်ကလေးက ဘယ်နှခုနှစ်ကစပြီး ကျွန်တော်တို့မြို့မှာ ပေါ်လာတယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။

                မီးရထား ဝန်ထမ်းတွေကတော့ ​အောက်ပိုင်းဘက်ကများပါတယ်။ ကာလတွေကြာလာ​တော့ သူတို့မျိုးဆက်တွေလည်း ကျွန်တော်တို့ မြို့ကလူတွေနဲ့ အိမ်ထောင်တွေကျ၊ သားသမီးတွေ ပွားစီးပြီး မြို့ခံလူတွေလိုဖြစ်လာကြတော့တာပဲ။ မီးရထားရပ်ကွက်ရဲ့ အမှတ်သင်္ကေတက​တော့ အိမ်အပြင် လမ်းမပေါ်မှာဖြစ် ဖြစ် အိမ်နောက်ဖေးမှာဖြစ်ဖြစ်အဆင်ပြေသလို အလျှိုလျှိုဆောက်ထားကြတဲ့ဝက်ခြံတွေ၊​ မီးရထားစက်ဆီနံ့တွေ၊ ဆီဝလို့မည်းညစ်နေတဲ့ ဆီပုန်းကြီးတွေကို သယ်ဆောင်နေတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေပါပဲ။ အဲ့ဒီရပ်ကွက်ကရတဲ့ စက်ဆီဖတ်တွေက မီးမွှေးလို့သိပ်ကောင်းတယ်လို့ အမေခဏခဏပြောဖူးတယ်။ အမြဲတမ်းရေချိုးသူမပြတ်တဲ့ ရေကန်တွေနဲ့ ရေတွေတပေါက်ပေါက်ကျနေတဲ့ သံရေစင်ကြီးတွေကိုလည်း ဒီရပ်ကွက်မှာပဲ တွေ့နိုင်ပါတယ်။ ရေစက်က ရေပေးချိန်မှာလည်းသူ့အိမ်ရှေ့၊ ကိုယ့်အိမ်ရှေ့မှာ ရေပိုက်ကရေကိုစောင့်ခတ်နေကြတာလည်း မီးရထားလိုင်းရဲ့နိစ္စဓူဝပုံရိပ်ပါပဲ။

            တစ်မြို့လုံးလျှပ်စစ်မီးပျက်နေတဲ့အချိန်တွေမှာ မီးတွေနဲ့လင်းထိန်နေတတ်တာက မီးရထားရပ်ကွက်ရဲ့အထူးခြားဆုံး အမှတ်သင်္ကေတပါပဲ။ မီးရထားရပ်ကွက်မှာ မီးစက်အကြီးကြီး ရှိတာကိုး။ လျှပ်စစ်မီးပျက်သွားတဲ့အခါ မီးစက်ကြီးမောင်းပြီး ဖျတ်ခနဲမီးတွေလင်းလာပြီဆိုတာနဲ့ ဟိုအိမ်ဒီအိမ်က အပြိုင်အဆိုင်ဖွင့်ကြတဲ့ သီချင်းသံ၊ဗွီဒီယိုသံတွေကလည်း မီးရထားရပ်ကွက်ရဲ့ အမှတ်အသားတစ်ခုပါပဲ။
တစ်ခြားရပ်ကွက်မှောင်မည်းတိတ်ဆိတ်နေတဲ့အချိန် ဆူညံလင်းလက်နေတဲ့ရပ်ကွက်ပေါ့။
ကျွန်တော် အဲ့ဒီရပ်ကွက်ကိုရောက်သွားတိုင်း အရိပ်ကောင်းကောင်းအောက်မှာ မိန်းမတွေတန်းစီထိုင်ကာ ဆံ ပင်တွေကိုဖြန့်ချပြီး သန်းရှာနေကြတာ ဒါမှမဟုတ် အိမ်ထဲမှာ ဖဲထိုင်ရိုက်နေကြတာပဲ။ တစ်ခုမဟုတ် တစ်ခုတော့ မီးရထားရပ်ကွက်မှာ အမြဲတမ်းတွေ့ရလေ့ရှိတယ်။

                မီးရထားရပ်ကွက်ရဲ့ မြောက်ဘက်မီးစက်အကြီးကြီး ရှိတဲ့နေရာမှာ ရေကန်ကြီးတစ်ကန်ရှိတယ်။ကျွန်တော်လွမ်းတယ်လို့ ဆိုခဲ့တဲ့ ရေကန်ကြီးပါပဲ။ ရေကန်ကြီးကို ဘယ်လိုနာမည်ပေးထားမှန်း ကျွန်တော်မသိပါဘူး။
ကျွန်တော်တို့ကတော့ မီးရထားကန်လို့ပဲခေါ်ကြတယ်။ မီးရထားရပ်ကွက်မှာရှိတော့ မီးရထားကန်ပေါ့ သူ့ထက်မှန်တဲ့ နာမည်တောင်သူ့လောက်မှန်မယ် မထင်ပါဘူး။ ရေရှားပါးတဲ့ရာသီအတွက် ရည်ရွယ်ပြီး တူးဖော်ထားခဲ့တဲ့ ရေကန်ကြီးပဲ ဖြစ်မှာပါ။ ဘယ်နှခုနှစ်ကတူးဖော်ခဲ့မှန်းလည်း ကျွန်တော်မသိဘူး။
ချိုးရေသုံးရေနဲ့မီးစက်ကြီးလည်ပတ်နေတာ အဲဒီရေကန်ကြီးထဲက ရေတွေနဲ့ပဲပေါ့။ ရေကန်ကြီးကို တစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ ဆယ်လေ့ရှိတယ်။ ရေကန်ကြီးထဲ ဗေဒါပင်တွေနဲ့ကြာပင်တွေလည်း အများအပြား ပေါက်ရောက်နေတတ်တယ်။ငါးတွေလည်း အများကြီးရှိတယ်။ ငါးမျှားတာပဲ ခွင့်ပြုပြီး ပိုက်တန်းတာ၊ကွန် ပစ်တာတွေကိုတော့ တားမြစ်ထားပါတယ်။ ရေကန်ကြီးရဲ့ရှေ့မှာ လမ်းလေးတစ်လမ်းရှိတယ်။ရေကန်ကြီး
ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွာကလေးကိုသွားတဲ့လမ်းကလေးပါပဲ။

               လမ်းကလေးရဲ့ရှေ့မှာ အင်းကြီးနှစ်ခုရှိတယ်။ တစ်ခုက မိုးရာသီဆိုရေတွေနဲ့ပြည့်နေပေမယ့် နွေ ရာသီဆိုမြက်ပင်တွေစိမ်းစိုနေလေ့ရှိတဲ့ အင်းကြီး။ အဲ့ဒီ အင်းကြီးထဲ ကျွန်တော်နွားကျောင်းနေကျပေါ့။ မြို့ကြီးကိုမရောက်ခင် အလုပ်လက်မဲ့ကာလမှာ ကျွန်တော့်အဒေါရဲ့နွားတွေကိုကျောင်းပေးခဲ့ရဖူးတယ်လေ။လွယ်အိတ်ထဲ စာအုပ်တွေထည့်ပြီး ဇီယာခြုံအရိပ်ခိုဖတ်ရင်း နွားကျောင်းခဲ့ရတဲ့နေ့တွေ။ အဲဒီအင်းရဲ့အရှေ့က အင်းကျတော့ နွေကောမိုးပါရေမပြတ်ဘူး။ ကလေးတွေရေလာချိုးကြ၊ မိန်းမကြီးတွေ အဝတ်လျှော်ကြတဲ့အင်းပေါ့။ ညနေဆည်းဆာနွားတွေသိမ်းရင်း မြင်ရတဲ့ ရေကန်ကြီးဘေးက ရှုခင်းတွေကို ကျွန်တော်သတိရတယ်။ ဘာမှမချမ်းသာတဲ့ လူမှာလည်း ခံစားစရာအရသာတွေရှိတယ်မဟုတ်လား။ ရေကန်ကြီးအကြောင်း
တွေးလိုက်မိရင်ကိုပဲ လေးလံထိုင်းမှိုင်းနေတဲ့စိတ်ဟာ နုသစ်လန်းဆန်းသွားသလိုပါပဲ။

              နည်းနည်းတော့ကြောင်တယ် ခေါ်ရမလားပဲ။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊တဖက်သတ်ကြွေခဲ့ရတဲ့ ကောင်မလေးတွေကိုမလွမ်းပဲ သက်မဲ့ရေကန်ကြီးတစ်ကန်ကို မြို့ကြီးကနေ ဘာမဆိုင်ညာမဆိုင် ကျွန် တော်လွမ်းနေခဲ့တယ်။
ညနေခင်းတွေဆို ကျွန်တော် အမျိုးအမည်မသိတတ်တဲ့ ငှက်မျိုးစုံအိပ်တန်းပြန်ဖို့ စုရုံးအော်မြည်နေကြမယ်။ကန်ဘောင်​ဘေးက မြက်ခင်းစိမ်းပေါ်မှာ လူတွေ လမ်းလျှောက်နေကြမယ်။ ဗေဒါပွင့်ပြာပြာတွေနဲ့ကြာပွင့်ဖွေးဖွေးတွေ ရေကန်ကြီးထဲ အလုအယက် ဖူးပွင့်နေကြမယ်။ ငါးတွေ ခုန်တက်တဲ့အခါ ကန်ရေပြင်ဟာ လှိုင်းဂယက်တွေ ထနေမယ်။ ညနေဆည်းဆာရဲ့ တိမ်တွေက ရေကန်ကြီးပေါ်မှာ တောက်ပနေမယ်။ လေပြည်ကလေးသုတ်ဖြူးရင် ကျေးလက်နံ့သေးသေးကလေးကို ရမယ်။ မြို့ကြီးရဲ့ ညနေခင်းထဲက ကျွန်တော့် အတွေးထဲ ရေကန်ကြီးဟာ ရုပ်ရှင်ဆန်ဆန် ခမ်းနားလှပနေတော့တယ်။

                မြို့ကြီးကနေ ကျွန်တော့်မြို့ကလေးကို အလည်ပြန်ရောက်လာတဲ့အခါ စက်ဘီးကလေးနင်းပြီး ရေကန်ကြီးဆီ ကျွန်တော်တစ်ယောက်တည်း ထွက်လာခဲ့တယ်။ အဝေးကလွမ်းခဲ့ရတဲ့ ရေကန်ကြီးကို တဝကြီးကြည့်မယ်ပေါ့။ ညနေခင်းရဲ့ကောင်းကင်ကြီးက ဆေးရောင်စုံတွေနဲ့ အလုပ်ရှုပ်လို့။ စက်ဘီးစီးရင်း တွေးလာတဲ့အကြောင်းအရာတွေကလည်း ရေကန်ကြီးအကြောင်းကလွဲလို့ ဘာများဖြစ်နိုင်မှာတဲ့လဲ။
ကဗျာဆရာနေမျိုးရေးတဲ့ ငါတို့ရွာကရေကန်ကြီးဆိုတဲ့ ကဗျာကိုတောင် တိုးတိုးလေး အသံထွက်ရွတ်လိုက်မိသေးတယ်။ အဝေးကနေစိတ်ကူးနဲ့မြင်ယောင် လွမ်းဆွတ်နေခဲ့ရတဲ့ရေကန်ကြီးနဲ့ ပက်ပင်းတွေ့ဆုံမိတဲ့ အခါ
ကျွန်တော် ဘယ်လိုနူတ်ဆက်ရင် ကောင်းမလဲ။

               ရေကန်ကြီးဆီရောက်လာတော့ ဒိတ်ခနဲ မြည်သွားတဲ့ ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားမိလိုက်သလို ခံစားရတယ်။ ဟာခနဲမအော်မိပေမယ့် ပါးစပ်အဟောင်းသားတော့ ဖြစ်သွားမိခဲ့တယ် ထင်တာပါပဲ။ ရေကန်ကြီးကိုကျွန်တော်တွေ့ပါပြီ။ ဗေဒါဘုတ်တွေ၊ ကြာပင်တွေနဲ့ အမှိုက်သရိုက်တွေကို ကန်ဘောင်ပေါ်ဆွဲတင်
ထားတာကို တွေ့ရတယ်။ ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ်မှာ ဘာပင်မှ မတွေ့ရတော့ဘူး။
ငှက်မျိုးစုံမပြောနဲ့ ငါးပွက်တာတောင် မမြင်ရဘူး။ ရေပင့်ကူကောင် တချို့သာ ရေပြင်ပေါ် ဟိုဒီ ပြေးလွှားလို့။ဘယ်မှာလဲ ကျွန်တော့်စိတ်ကူးထဲက ရေကန်ကြီး။ ဘယ်မှာလဲ ကျွန်တော် အဝေးက လွမ်းနေခဲ့ရတဲ့ရေကန်ကြီး။
အလွမ်းတွေထဲမှာ ပန်းချီကားတစ်ချပ်လိုလှပနေခဲ့တဲ့ ရေကန်ကြီးက အခုတော့ ရှင်းလင်းဆိတ်ငြိမ်လို့။အလွမ်းဟာ အလွမ်းအတိုင်းထားမှ လှပနေတတ်တာပဲလား။ ရေကန်ကြီးဆီ ကျွန်တော်ရောက်ခဲ့ပေမယ့် ရေ ကန်ကြီးနဲ့လွဲခဲ့ပါတယ်။ စိတ်ကူးတမ်းမက်ခဲ့တဲ့ အရာတစ်ခုခုကိုလက်တွေ့ပိုင်ဆိုင်လိုက်ရတဲ့အခါ စိတ်ကူးထဲကလောက် မခမ်းနား၊ မလှပနိုင်ဘူးပေါ့။ ရေကန်ကြီးက ရေကန်ကြီးအဖြစ် တည်ရှိနေပါသေးတယ်။

ကျွန်တော်အရင်က မြင်ခဲ့ဖူးတဲ့ ရေကန်ကြီးမဟုတ်တော့ဘူး။ ကျွန်တော့်အတွေးထဲက ရေကန်ကြီးတော့ မဟုတ်တော့ဘူး။ လောကရဲ့ သဘောသဘာဝအတိုင်း ရေကန်ကြီးလည်း ပြောင်းလဲသွားခဲ့ပြီပဲ။ ဒါဆို ကျွန် တော်ကကော ပြောင်းလဲနေခဲ့ပြီလား။ ရေပြင်ပေါ်ကျနေတဲ့ ကျွန်တော့်အရိပ်ကို ကျွန်တော်လှမ်းကြည့်မိတော့ ကြေကွဲနေတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို တွေ့​မြင်လိုက်ရတော့တယ်။


လင်းသက်ငြိမ်