Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ (၁)

Khin Lunn's FB


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ (၁)

(မိုးမခ) မတ် ၁၉၊ ၂၀၂၀

ဒီဗိုင်းယပ်စ် က ကပ်ကြီး ၃ ပါးကို ပါ တခါတည်းခေါ်လာခဲ့မှာလား။
ငါ သိပ်မသေချာဘူး။ တချိန်လုံး နယ်စပ်ပိတ်တာတွေ။ လေကြောင်းနားတာတွေ။ ဆိုင်တွေ
ပိတ်သိမ်းတာတွေ ။ ငွေကြေး ဈေးကွက် ထိုးကျနေတာတွေ။ ပစ္စည်းတွေ ပြတ်လပ်ကုန်တာ‌‌ တွေ။ အလုပ်မရှိတော့တာတွေ။ ဒါတွေချည်းပဲ။

ခဏခဏ ဝန်ကြီးချုပ်က ပေါ်လာလိုက်။
ဆေးမှူးချုပ်က ထွက်ရှင်းလိုက်။သတင်းတွေက ဒီခေါင်းစဉ်မှာပဲ ထပ်ခါတလဲလဲနဲ့။

မနေ့က ဈေးဝယ်နဲနဲထွက်တော့ ငါက လက်အိတ်စွတ်သွားတယ်။ ငါ နဲနဲ ‌ကြောင်နေသလိုပဲ ခံစားရတယ်။ ငါ့လိုပဲ ခပ်ကြောင်ကြောင် တယောက်နှစ်ယောက်တွေ့တော့ မှ စိတ်နဲနဲပြေသွားသလိုရှိတယ်။ လုံခြုံရေးသမားလဲ လက်အိတ်နဲ့။‌ တော်သေးတာပေါ့။ ကြောင်တာ အဖေါ်ရှိသေးလို့။

လူတွေအချင်းချင်း ခပ်ခွါခွါ ဖြစ်နေကြတာ သိသာတယ်။

သန့်ရှင်းရေး လုပ်တဲ့လူက ကုန်တိုက်ထဲက ကြမ်းပြင်ကို ပိုးသတ်ဆေးရည်တွေ ထည့်ထားတဲ့ သူ့ စက်ကလေးနဲ့ အသားကုန်ပတ် မောင်းနေခဲ့တာ။ 

ခဏနေတော့ ဒေါက်မြင့်ဘိနပ် စီးလာတဲ့ အမျိုးသမီးကြီးတယောက် ငါ့ရှေ့မှာ ဗိုင်းကနဲ လဲကျသွားပါ‌ ရော။ အတော်နာရှာမှာပဲ။ ငါလဲ သတိလက်လွတ် သူ့အနားချက်ခြင်းရောက်သွားတယ်။ လက်ကို ကိုင်ပြီး ဆွဲထူပေးမိတယ်။ ဟိုဒီလွှင့်စင်သွားတဲ့ သူ့ပစ္စည်းတွေ ပြန်ကောက်- စုစည်းပေးလိုက်မိတယ်။ သူက နာကျင်မှုတွေနဲ့ ရောထွေးရှုံ့မဲ့နေတဲ့ကြားက ငါ့ကို ကျေးဇူးတင်ပါတယ် ပြောတယ်။ အဲဒီတော့မှ သတိဝင်လာတာ။ ငါ သူနဲ့ အရမ်းကပ်နေပါလား။ လက်ချင်း ထိမိသွားတာပါ လား။ သူနဲ့ တပေအကွာလောက်ရောက်နေတာပါလား ။ မှားသွားပြီထင်တယ် ။ အဲဒီ အသိ ဝင်လာတာ နောက်ကျသွားပြီ။ ထော့နဲ့ထော့နဲ့ ထွက်သွားတဲ့ သူ့နောက်ကျောကို ကြည့်ရင်း ငါ ကျန်ခဲ့တယ်။ နေဦး။ အခု ငါစဉ်းစားနေတာတွေကကော မှန်ရဲ့လား။

ကုန်တိုက်ထဲမှာ တယောက်နဲ့တယောက် ခါတိုင်းလို မင်္ဂလာနံနက်ခင်းပါလို့ နှုတ်မဆက်နိုင်ကြတော့ဘူး။ ပတ်ဝန်းကျင်တခုလုံး တိတ်တိတ်ဆိတ်ဆိတ် အေးတိအေးစက်။ ထူးခြားနေတာတွေ တော့ အများကြီးပဲ။
ခါတိုင်း အမြဲပြည့်သိတ်နေတဲ့ ကျူးနားငါးဗူးတွေ အခု တဗူးမှ မကျန်တော့ဘူး။ သား‌ တော်မောင် အတွက် ခုရက်ထဲ တိုက်ထားရရင် ကောင်းမလား စဉ်းစားပြီး ရှာတဲ့ ဗီတာမင် စီဗစ် တထောင်ဂရမ် လဲမရှိ ငါးရာဂရမ်လဲ ရှာမရဘူး။ တစ်ရှူးတထုတ်မှ မတွေ့ဘူး ။လက်ဆေးဆပ်ပြာ မရဘူး။

ပိုက်ဆံရှင်းတော့ ပိုက်ဆံကဒ်ကို အရောင်းကောင်တာ စက်ထဲ အထည့်မှာ ပိုးတွေ ကပ်သွားနိုင်တာပဲ အတွေးဖြစ်မိပြန်တယ်။ ဘယ်တတ်နိုင်မလဲ။

တခြားကောင်တာတခုဘက်မှာ ပစ္စည်းတချို့ကို ခွင့်ပြုတာထက် ပိုများအောင် ဝယ်လာတဲ့ လူတယောက်နဲ့ ဆိုင်ကြီးကြပ်တဲ့ လူနဲ့ စကားများနေကြတာ လှမ်းမြင်နေရတယ်။ အချိန်မရလို့ မစပ်စုခဲ့ဘူး။ ခပ်သုတ်သုတ်ပြန်ထွက်လာတယ်။

လက်အိတ်ကို သေချာချွတ်ပြီးအမှိုက်ပုံးထဲ ပစ်ခဲ့တယ်။
ကားထဲရောက်တော့ လက်ကို လက်ပွတ်ဆပ်ပြာနဲ့တခါ ထပ်ပြီး ပွတ်ရပြန်ရော။
အိမ်ဝင်တော့ အိမ်အဝင်ဝ က ရေဘုံဘိုင်မှာ လက်ကို ထပ်ဆေးရသေးတယ်။
အပေါ်ရုံ အနွေးထည်အင်္ကျီ ကို လဲ အပြင်မှာပဲ လှမ်းခဲ့ရတယ်။

သတင်းတွေ ဆက်နားထောင်‌ နေလိုက်တော့ အီတလီမှာ တရက်ထဲ လူ ၅၀၀ လောက်ဖိတ်စင်တဲ့ သတင်းတက်နေလို့။

ခွန်ဆိုင်း
၁၉-၀၃-၂၀၂၀