Breaking News

သားကြီးမောင်ဇေယျ - လမ်းမလွဲအောင် လမ်းလွှဲက ပြန်ခဲ့တယ်


သားကြီးမောင်ဇေယျ - လမ်းမလွဲအောင် လမ်းလွှဲက ပြန်ခဲ့တယ်

(မိုးမခ) မတ် ၂၀၊ ၂၀၂၀

အခြေအနေတွေ အားလုံးပြောင်းလဲသွားပြီ လား ။

ဘယ်လိုလဲ။ ဘာဆက်လုပ်မလဲ။ ဘာတွေ နားလည်မှု လွဲနေတာလဲ။

ကျွန်တော်တို့ကို တာဝန်ခံကြိုဆိုသူကလည်းမျက်နှာမကောင်းပါ။ ကျွန်တော့်တို့ကို မြဝတီ နယ်ခြားစောင့်တပ်(BGF)  ကဖိတ်လို့ မြဝတီကို သွားနေတယ် ဆိုတဲ့သတင်းတွေကလည်း လူမှုကွန်ယက်စာမျက်နှာမှာ တက်နေပါပြီ ။

အခန်းထဲမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပါတယ်။ ကျွန်တော်ရယ်၊ မီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင်ရယ်၊ အတွင်းရေးမှူး ကိုကျော်စွာမင်းရယ်၊ မြဝတီက ကြိုဆိုဧည့်ခံသူ တွေရယ်။

ဒီအခန်းထဲကို ကျွန်တော်တို့ရောက်နေတာဟာ မတ်လ ၄ ရက်နေ့က  ဖရမ်းတီးယား မြန်မာသတင်းဌာနက သတင်းထောက်  နော် ဘက်တီဟန် နဲ့ မြန်မာတိုင်း ဓါတ်ပုံသတင်းထောက် ကိုမာနော် တို့နှစ်ယောက် နယ်ခြားစောင့်တပ်က ဖမ်းထားပြီး နောက်တစ်နေ့မှာ ... သတင်းထောက် နှစ်ယောက်ကိုနယ်ခြားစောင့်တပ်က ပြန်လွှတ်လိုက်ပြီဆိုတဲ့သတင်းကြောင့်  အဆိုးဘက်ကို ဦးတည်နေတဲ့ ဖြစ်ရပ်ဟာ ရုတ်တရက် အကောင်းဖက်ကို ရောက်ရှိခဲ့ လို့ အားလုံးဝမ်းသာနေတဲ့ အချိန်ပါ။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် တိုးတက်လာပြီ ဆိုတဲ့ အခြေအနေတရပ် အဖြစ် အားလုံးမှတ်ချက် ပေးနေကြတဲ့ အချိန်ပါ။ ဒီသတင်းဟာ မြန်မာ့ သတင်းမီဒီယာတွေသာမက ကမ္ဘာ့ သတင်းမီဒီယာတွေကပါ စိတ်ဝင်စားနေတဲ့ သတင်းတခုပါ။

ခု တော့ အဆိုးဘက်ကို ပြန်လည်ဦးတည် နေပြီလား။

သတင်းထောက်နှစ်ယောက်ကို မြဝတီ နယ်ခြားစောင့်တပ်က ဖမ်းသွားတယ် ဆိုတဲ့ သတင်းကို ကြားကြားချင်း မီဒီယာကောင်စီရုံးခန်းမှာ ရောက်နေတဲ့ ကိုမြင့်ကျော်နဲ့ ကိုဇေယျာလှိုင် တို့က သတင်းမှန်မမှန်ကို ဒေသခံသတင်းထောက်တွေ ဆီ အမြန်ဆုံးဆက်သွယ်မေးမြန်း အတည်ပြုချက်ရယူပြီး သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ချက်ချင်း ဆောင်ရွက် နေကြပါတယ်။ ဥက္ကဌ ဦးအုန်းကြိုင်၊ အတွင်းရေးမှူး ကိုကျော်စွာမြင့်တို့ကလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး က  ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၊ မြဝတီ ရဲမှူးကြီး အောင်မြတ်မိုး ၊ ဗိုလ်မှူး နိုင်မောင်ဇော် ( ကွပ်ကဲရေးအဖွဲ နယ်ခြားစောင့်တပ် ကရင်ပြည်နယ်)  တို့ နဲ့ ချက်ချင်း ဆက်သွယ် စုံစမ်းကြပါတယ်။

ကျွန်တော် စိတ်ထဲမှာတော့ သတင်းထောက် ကိုပါကြီး အသက်စွန့်သွားရသလို လက်လွန်ခြေလွန် မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း သူတို့ သတင်းကို နားစွင့်နေပါတယ်။ သတင်းသမားတွေကလည်း သတင်းလောဘ တက်သွားပြီးဆိုရင် ဘယ်လို အန္တရာယ် ကို မှ မမြင် ပဲ လက်သွက် ခြေသွက် ဖြစ်တတ်ကြသလိုလက်နက်ကိုင် ထားသူတွေကလည်း ရန်သူ လို့ သံသယ ရှိလိုက်တာနဲ့ လက်မနှေး ကြသူတွေပါ။ အဲဒီတော့ မမျှော်လင့်ပဲ သူတို့ နှစ်ဖက်ပွတ်တိုက်မိတဲ့ အခါ ကြေကွဲ ဝမ်းနည်းမှုတွေနဲ့ အဆုံးသပ်လေ့ရှိပါတယ်။ ဒါကြောင့် သတင်းသမား လုံခြုံရေး အန္တရာယ် ကင်းရေး သတင်းသင်တန်း တွေမှာ  အန္တရယ်တွေကို ဘယ်လိုရှောင်ရှားရမယ် ၊ စိုးရိမ်ဖွယ် အခြေအနေ တခု နဲ့ ရင်ဆိုင်ရရင် ဘယ်လိုလုပ်ရမယ်၊ ဆိုတာတွေကို မဖြစ်မနေ သင်ယူထားရတာဖြစ်ပါတယ်။

 အဲဒါကြောင့် လည်းအခုလို အခက်အခဲ ကြုံ ရတဲ့ အခါ သတင်းသမားတွေ ဟာ သူတို့ရဲ့ သတင်းဌာန က တာဝန်ရှိသူတွေ ဆီ ချက်ချင်းသတင်းပို့နိုင်ခဲ့ကြပါတယ်။ သတင်း ဌာန က တာဝန်ရှိသူကလည်း မီဒီယာကောင်စီကို ချက်ချင်း ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။ အဲဒါကြောင့် မီဒီယာကောင်စီက တာဝန်ရှိသူတွေဟာ ချက်ချင်းဆောင်ရွက်နိုင်သလို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေက လည်း ချက်ချင်း အရေးတယူ ဆောင်ရွက် ခဲ့ကြပါတယ်။

အဲဒါကြောင့် ကျွန်တော်ညနေ အိမ်ပြန်ရောက်ချိန်မှာပဲ သူတို့နှစ်ယောက်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ မသေကောင်း မပျောက်ကောင်း ပြန်လွတ်လာလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ချီးကျူး လေးစားမိပါတယ်။ ဒီဖြစ်ရပ်ဟာ တပ်မတော်ရဲ့ သဘောထားကြီးမှုကိုပြသ သလို ၊ နယ်ခြားစောင့်တပ်ရဲ့ မီဒီယာ အပေါ်နားလည်မှုနဲ့ အကြွမ်းဝင်မှုကို ပြသလိုက်တာ လို့ ကျွန်တော်တို့ အားလုံးသုံးသပ်မိကြပါတယ်။

ပုံမှန် အခြေအနေဆို ဒီဇာတ်လမ်းက ဒီမှာတင် တခန်း ရပ်သွားပါပြီ။ အားလုံး အောင်မြင်မှုတွေနဲ့ အဆုံးသပ်သွားပါပြီ။

ဒါပေမယ့် ဘယ်လိုအကြောင်းတွေ ဘယ်လိုဖြစ်ရပ်တွေကြောင့် အခုလို မသေကောင်း မပျောက်ကောင်း အခြေအနေတွေထိ ပွတ်တိုက်မိကြပါသလဲ။ နော်ဘက်တီ ဟန် နဲ့ ကိုမာနော်တို့ကို တွေ့ရင်မေးကြည့်မယ်လို့ စိတ်ထဲတေးထားပါတယ်။

အဲဒီညနေမှာပဲ မီဒီယာကောင်စီအတွင်းရေးမှူးကိုကျော်စွာမင်းက  မနက်ဖန်မနက် သုံးနာရီ မှာ မြဝတီကိုသွားရမယ်။ သတင်းထောက်နှစ်ယောက်နဲ့ ပါတ်သက်လို့ မြဝတီ နယ်ခြားစောင့်တပ်နဲ့ တွေ့ စရာရှိတယ် လို့ ရုတ်တရက် အကြောင်းကြားလာပါတယ်။ နေ့ချင်းပြန်မို့ ကျွန်တော့်အတွက် အခက်အခဲမရှိပါ။

 မြဝတီရောက်ရင်တော့ သူတို့ ဘာတွေ ဖြစ်ခဲ့ ၊ ဘယ်လိုနားလည်မှုတွေ လွဲခဲ့တယ် ဆိုတာ သိခွင့် ရမယ်၊ နောက်နောင် ဒီလို စိုးရိမ်ဘွယ်ရာ အဖြစ်မျိုးတွေ မကြုံအောင် ဘာတွေ ဆောင်သင့်တယ်၊ ဘာတွေ ရှောင်သင့်တယ် ဆိုတာတွေ လေ့လာခွင့်ရမယ် စတဲ့ မျှော်လင့်ချက်တွေက ကျွန်တော့် စိတ်ကို လွမ်းမိုးနေပါတယ်။

နောက်နေ့ ရန်ကုန် - မြဝတီ လမ်းပေါ်ရောက်မှပဲ နယ်ခြားစောင့်တပ် ဗိုလ်မှူး နိုင်မောင်က ဖိတ်ကြားတဲ့ အကြောင်းနဲ့ နယ်ခြားစောင့် တပ်က သတင်းသမားတွေကို ဘယ်လိုအလေးထားတယ်၊ ဆိုတာကို ရှင်းပြဖို့ မီဒီယာ ကောင်စီကို ဖိတ်ကြားတာဖြစ်ကြောင်း ကိုကျော်စွာမင်းကပြောပါတယ်။ အခြေအနေက ကောင်းလှပါကလား ။ ခေတ်ကြီးတကယ်ကောင်းတော့မှာပါလားလို့ တွေးမိပါတယ်။ ကိုကျော်စွာမင်းက  ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် လွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးနေတာတွေကို သူ့ရဲ့ ဂျပန်သတင်းဌာနဆီ အချိန်နဲ့ တပြေးညီ သတင်းပို့ရင်း ဒီခရီးစဉ်ဟာ မီဒီယာသမားတွေနဲ့ လက်နက်ကိုင်တွေကြား ရှိတဲ့ စိုးရိမ်စိတ်တွေနဲ့ သံသယ တွေကို ဖယ်ရှားပြီး ရေရှည်ယုံကြည်မှုနဲ့ နားလည်မှုတွေ ရဖို့ လမ်းပွင့်သွားပြီလို့ ဝမ်းသာအားရ ပြောလာပါတယ်။

 မြဝတီကိုရောက်တော့ လာရောက်ကြိုဆိုသူတွေရဲ့ မျက်နှာမှာ တခုခု အစဉ်မပြေသလို ဖြစ်နေတာမြင်ရပါတယ်။

ကျွန်တော် စိုးရိမ်စ ပြုလာပါပြီ။

ကျွန်တော်တို့ရဲ့ ဝမ်းသာမှုတွေဟာ သဲထဲရေသွန်ဖြစ်သွားပြီလား။ ကျွန်တော်တို့ကို ဧည်ခံကြိုတဲ့ ကုမဏီ တခုရဲ့ ရုံးခန်းထဲမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို စောင့်ဆိုင်းနေရပါပြီ။ အချိန်က တဖြည်းဖြည်း လင့်လာပါတယ်။ တာဝန်ရှိသူတွေ ကျွန်တော်တို့နဲ့ လာတွေ့ဖို့ မသေချာ မရေရာ ဖြစ်နေပါပြီ။ ဥက္ကဌ ဦးအုန်းကြိုင်က မျက်နှာမသာမယာနဲ့ သူ့ဒုတ်ကောက်ကြီးကို တင်းတင်း ဆုပ်ရင်း ထားပါတယ်။ ဖြူဖွေးနေတဲ့ ကိုကျော်စွာမင်း မျက်နှာကလည်း အနီရောင်သန်းနေပါပြီ။

နာရီလက်တံတွေက ပုံမှန် အတိုင်း ရွေ့လျှားနေပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာတော့ နှေးလွန်းလှပါတယ်။ စက္ကန့်တံကလေး တချက်ရွေ့လိုက်တိုုင်း ရင်ခုန်သံတွေက ဒိန်းကနဲ ဒိန်းကနဲ ခုန်နေပါတယ်။ ဒီခရီးစဉ်က လက်နက်ကိုင်တွေနဲ့ မီဒီယာတွေကြား ယုံကြည်မှု မော်ကွန်း တခုရေးထိုးဖို့ ၊ တနည်းအားဖြင့် တွေ့ထိမှုတွေက တဆင့် နားလည်မှုတွေ တည်ဆောက်ဖို့၊ နောက်တစ်ဆင့် ယုံကြည်မှုတွေ မြှင့်တင်ဖို့ အထိ မျှော်မှန်းထားတဲ့ တွေ့ဆုံပွဲကလေးပါ။

ခုတော့ . . . .

လာရောက်ကြိုဆိုသူတွေလည်း မျက်နှာမကောင်းပါ။

သတင်းထောက်တွေလည်း အလျှို အလျှို ထွက်ခွာ သွားကြပါပြီ။

အစိုးရ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေ လုပ်တဲ့အခါ လုပ်ထုံးလုပ်နည်းတွေကြောင့် အခက်အခဲ ရှိတတ်တာကို ကျွန်တော် အတွေ့ အကြုံရ သိထားပါတယ်။ အခု ဘာတွေဖြစ်နေလဲ၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ ထပြန်လို့မဖြစ်။ အဲဒီတော့ တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အထိ စောင့်ရန်မှတပါး အခြားမရှိ။

အသက် ကိုးဆယ်ကျော် မီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင် က အခြေအနေကိုရှင်းရှင်းလင်းမေး ပါတယ်။ နောက်ဆုံး နယ်ခြားစောင့်တပ်က တာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်  ကိုယ်တိုင်လာတွေ့ပြီး သတင်းထောက်တွေရှေ့မှာ မီဒီယာကောင်စီနဲ့ တွေ့မယ်။ အထက်က အပြစ်ဒဏ်ပေးလည်း သူခံမယ် လို့ တိုင်းရင်းသားလက်နက်ကိုင်ပီပီ ရိုးရိုးရှင်းရှင်း ရဲရဲရင့်ရင့် ဆုံးဖြစ်ပြီး နယ်ခြားစောင့် ရုံးခန်းမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံပါတယ်။

သူက မီဒီယာတွေနဲ့ ရင်းနှီးကြွမ်းဝင်သူမို့ အပြောအဆိုယဉ်ကျေးရှင်းလင်း ပါတယ်။ ဦးအုန်းကြိုင်က အခုလိုတွေ့ဆုံမှုဟာ မီဒီယာနဲ့ ပါတ်သက်လို့ တပ်မတော်အပေါ် အကောင်းမြင်မှုတွေတိုးပွားလာမှာ ဖြစ်ကြောင်း ၊ နိုင်ငံတကာကလည်း မြန်မာနိုင်ငံမီဒီယာလောကကို ပိုမို အကောင်းမြင်လာမှာဖြစ်ကြောင်း ၊ အကျယ်တဝင့်ပြောပါတယ်။

ကိုကျော်စွာမင်းကတော့ သတင်းရပိုင်ခွင့်၊ သတင်းသမားကျင့်ဝတ်နဲ့ သတင်းမီဒီယာဥပဒေ အကြောင်း အသေးစိတ်ရှင်းပြပါတယ်။

နှစ်ဖက်စလုံးက အောက်ခြေပွတ်တိုက်မှုတွေ နောက်ထပ် မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။ ဖြစ်လာရင် တာဝန်ရှိသူတွေ က ဘယ်လို ချက်ချင်း ဆက်သွယ်ဆောင်ရွက်ကြမလဲ စတာတွေကို သတင်ထောက်တွေရှေ့မှာ ဆွေးနွေးကြပါတယ်။ နှစ်ဖက်လုံးက ရလဒ်ကောင်းတွေ ရရေးအတွက် ဆွေးနွေးကြတာမို့ တဖက်နဲ့ တဖက် နားလည်မှုက တဆင့် ယုံကြည်မှုအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ဆွေးနွေးပြီးတဲ့ အခါ အရပ်ဝတ် ဝတ်ထားတဲ့ တပ်မတော်က အမှတ် (၄) တပ်က တပ်နယ်မှူး ဗိုလ်မှူး မုတ်သုန်နဲ့ ကုမဏီရုံးခန်းမှာဆွေးနွေးခွင့်ရပါတယ်။ ဗိုလ်မှူး မုတ်သုန်ဟာ အရပ်ပုပုပြတ်ပြတ် မျက်နှာပေါ်မှာ ထင်ရှားတဲ့မေးရိုးတွေကြောင့် သူဟာ သွက်သွက ်လက်လက် လုပ်တတ်သလို ခိုင်မာတဲ့ ယုံကြည်မှုတွေလည်း သူ့ စိတ်ထဲမှာရှိနေကြောင်းခန့်မှန်းမိပါတယ်။

သူက ကျွန်တော်တို့ကို ဖက်လှဲ တကင်း ကြိုဆိုပါတယ်။ သတင်းထောက်တွေ ဆိုတာ ရဲဘော်ကလေးတွေ မသိလို့ခုလိုဖြစ်ရတယ် ဆိုတဲ့အကြောင်းနဲ့ နောက်နောင် သတင်းထောက်တွေ လာမယ်ဆိုရင်ကြိုအကြောင်းကြားဖို့နဲ့ သူတို့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

သူ့ရဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးကြောင့် မနက်က ဖြစ်ပျက်ခဲ့ တဲ့ အဖြစ်အပျက်တွေဟာ အငွေ့ပျံသလို ပျောက်ကွယ်သွားပါတော့တယ်။

ကိုကျော်စွာမင်းမျက်နှာကလည်း အနီရောက်မှ အဝါရောင်ဘက်သို့ ကူးပြောင်းသွားပါတယ်။

ဦးအုန်းကြိုင်ကလည်း ပြည်သူ၊ တပ်မတော် ၊ အစိုးရ နဲ့ မီဒီယာတွေ တစ်ဖက်နဲ့ တဖက် နားလည်မှု ယုံကြည်မှုရဖို့ အလွန်လိုအပ်နေတဲ့ အချိန်ဖြစ်ကြောင်း ၊ ခု ခရီးစဉ်အောင်မြင်မှုဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို တွန်းလှန်ဖို့ အင်အားတခုအဖြစ် မှာပါလို့ပြောပါတယ်။

ဗိုလ်မှူး မုတ်သုန်နဲ့ အဖွဲ့ဟာ ဥက္ကဌ ဦးအုန်းကြိုင်ကို ထိခြင်း ငါးပါးနဲ့ ကန်တော့ နှုတ်ဆက်ပြီး တွေ့ဆုံပွဲကလေးကို အဆုံးသပ်လိုက်ပါတယ်။

အပြန်ခရီးမှာတော့ ကျွန်တော်တို့ စီးလာတဲ့ ကားကလေးဟာ ဖြောင့်ဖြူးတဲ့ လမ်းသစ်ကြီးတွေ၊ အဖုအထစ် တွေပြည့်နေတဲ့ ဖေါက်လက်စ လမ်းတွေ၊ မြေ ညှိလက်စ လမ်းတွေကို အမှောင်ထဲမှာ နှေးတခါ မြန်တလှည့် နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ တခါတရံ ဆောက်လက်စ တံတားတွေ ကို ကွေ့ရင်း ရှောင်ရင်း လမ်းလွှဲတွေက မောင်းခဲ့ရပါတယ်။ အချိန်ကလည်း မှောင် နေပြီမို့ မြင်ကွင်းတွေက မသဲမကွဲ။ လမ်းကလည်း ချိုင့် တွေ ကျင်းတွေ ၊ အဖုတွေ အထစ်တွေနဲ့မို့ မဖြောင့်ဖြူး။ ဒါပေမယ့် ကျွန်တော်တို့ ရဲရဲ ဖြတ်သန်း၊ အမှောင်ကိုကျော်လွှား ၊ လိုရာခရီးကို ရောက်အောင်သွား ဖို့ ကလွှဲလို့ ရွေးစရာမရှိ ဆိုတဲ့ အမြင်က ရှေ့ကို အရှိန်နဲ့ တွန်းပို့လိုက်တာပါ။

ဒီလိုနဲ့ အဖုအထစ်အကွေ့အကောက်များတဲ့ ဒီ လမ်း တလျှောက်မှာ ထိတွေ့ဆက်ဆံမှု၊ နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှု တွေကို ဆုပ်ကိုင်ရင်း စမ်းတဝါးဝါးခရီးဆက်ခဲ့ရပါတယ်။

သတင်းရေးဘော်တွေရဲ့ မက်ဆင်ဂျာ ကတဆင့် ပို့လိုက်တဲ့ ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေးသတိပေးချက်တွေ နဲ့ အတူ နော်ဘက်တီဟန်၊ ကိုမာနော် တို့ပုံတွေ၊ တာဝန်ရှိသူတွေ စုပေါင်းရိုက်ထားတဲ့ ပုံတွေ၊ တာဝန်ထမ်းဆောင်ရင်း အမိန့်မရပဲ လက်ပါ ခဲ့တဲ့ ကရင်ရဲဘော်လေးပုံ တွေကိုကြည့်ရင်း မင်းတို့ကိုလည်း ကျေးဇူးတင်တယ် လို့ စိတ်ထဲက ပြောမိပါတယ်။

အကြောင်းကတော့ ဒီလိုလူငယ်ကလေးတွေရဲ့ အဖြစ်အပျက ်က လေး ကို အရင်းတည်ပြီး တပ်မတော်၊ နယ်ခြားစောင့်တပ်၊ အစိုးရ နဲ့ မီဒီယာတွေကြား နားလည်မှုတွေ၊ ယုံကြည်မှုတွေ ခိုင်မာအောင် စွမ်းဆောင်နိုင်ခဲ့ကြလို့ပါ။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ နန်ခင်ထွေးမြင့်၊ ဗိုလ်စောချစ်သူ၊ ခိုင်ခိုင်ကျော် ထမင်းဆိုင်ပိုင်ရှင် ဦးကျော်ဇေယျ တို့က လည်း ဒီအောင်ပွဲကလေးကို ကန့်လန့်ကာ အကွယ်က ကြည့်ရင်း ပြုံးနေကြမှာ မြင်ယောင်မိပါတယ်။

ကရင်ပြည်နယ်နဲ့ ပြည်မ ဆက်သွယ်တဲ့ ခေတ်မီလမ်းကြီးကလည်း မကြာမီ ဖြောင့်ဖြူးတော့မှာပါ ။

သားကြီးမောင်ဇေယျ (၁၉-ဝ၃-၂၀၂၀)