Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၂၊ ၂၀၂၀


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ - ဧပြီ ၁၂၊ ၂၀၂၀

(မိိုးမခ) ဧပြီ ၁၂၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်က ကူးပါတယ်)

မရှိမဖြစ် အလုပ်သမားများ နဲ့ ကိုဗစ်၁၉ ဝင်ကပါ


အမေရိကားကို ကိုဗစ်၁၉ စပြီး ကူးစက်တော့ အမေရိကားက အရင်ဆုံးပိတ်ပစ်လိုက်တာက အားကစား၊ ဖြော်ဖြေရေး၊ အပမ်းဖြေလုပ်ငန်းတွေ ဖြစ်ပါတယ်။ အပိတ်ခံရတဲ့ဆီမှာ ရုပ်ရှင်ရုံတွေ ရုပ်သံရိုက်ကူးရေးလုပ်ငန်းတွေလည်း ပါလာတယ်။ နောက်တော့ စားသောက်ဆိုင်တွေပါ ပါလာတယ်။ ကျောင်းတွေ ရုံးတွေ နောက်က လိုက်လာပါတယ်။ အလယ်အလတ်နဲ့ အဆင့်မြင့်ရုံးလုပ်ငန်းသမားတွေကတော့ remote work from home - အိမ်ကနေ အဝေးရောက် အလုုပ်လုပ်ကြတယ်။

အဲသည်မှာ မရှိမဖြစ် အလုပ်သမားတွေကို သတ်မှတ်ပြီး ဆက်အလုပ်ဆင်းစေတဲ့အခါမှာ - ကျန်းမာရေးလုပ်သား၊ အရေးပေါ်ဌာနက လုပ်သား၊ ရဲတွေ၊ လုံခြုံရေးဝန်ထမ်းတွေက နံပါတ်တစ်။
သတင်းထောက်၊ မီဒီယာသမားများ၊ စိုက်ပျိုးရေး မွေးမြူရေး၊ ပန်းခြံ၊ သန့်ရှင်းရေး၊ စျေးသည်များ စျေးဝန်ထမ်းများ၊ အခြေခံ ကာယလုပ်သားများကိုလည်း ဆက်ပြီး မရှိမဖြစ် လုပ်သာများအဖြစ် သတ်မှတ်ပါတယ်။
သယ်ယူပို့ဆောင်ရေး ကား၊ ရထား၊ လေယျာဉ်တွေက ယာဉ်မောင်းတွေလည်း ဆက်ပြီး အလုပ်လုပ်ရပါတယ်။ စက်ရုံအလုပ်ရုံများအနက် စွမ်းအင်၊ စားသုံးကုန်၊ အဓိကလူသုံးကုန်၊ အဓိကစက်မှုထုတ်ကုန်တွေက အလုပ်သမားတွေကလည်း ဆက်လည်ပတ်ရပါတယ်။ (အမေရိကားမှာ work force ၏ အနည်းဆုံး ၃၀% လောက် ရှိမယ်ထင်တယ်)။

ကိုဗစ်၁၉ ကပ်ဘေးဆိုက်ချိန်မှာ မရှိမဖြစ်လုပ်သားတွေဟာ (ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကုန်စုံဆိုင်အရောင်းစျေးသည်အလယ် သန့်ရှင်းရေးနဲ့ လယ်ကူလီအဆုံး) အစိုးရနဲ့ အာဏာပိုင်တွေ အလုပ်ရှင်တွေဆီက ဘာမှ အကာအကွယ် အထောက်အပံ့ ညှာတာထောက်ထား စောင့်ရှောက်မှု ဘာမျှ မရဘဲ သူတို့တာဝန်ကို သူတို့ ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။ လူနာတွေကို ကယ်ဖို့ ကုသဖို့လည်း ဘာမျှ အလုံအလောက် အပြည့်အစုံလည်း မရှိသေးပါဘူး။ ရှိတာနဲ့ ဖြစ်တာနဲ့ တတ်သမျှ မှတ်သမျှ လုပ်နေကြရတာပါ။ နောက်တော့ စစ်သားတွေ ဆင့်ခေါ်ပြီး လုပ်ကိုင်ခိုင်းတော့လည်း လုပ်ရမည့် ၀တ္ထရားရှိလို့သာ စစ်သားတွေဟာ ခိုင်းတာကို လိုက်နာပြီး လုပ်နေရတာဖြစ်ပါတယ်။ ကပ်ဘေးဆိုးကြီးအတွက် ပြန်ပစ်ခတ် ခုခံဖို့ ဘာလက်နက်မှ သူတို့လက်ထဲ အပြည့်အစုံ ထည့်ပေးလိုက်တာ မဟုတ်ပြန်ပါဘူး။

အိမ်ထဲမှာပဲ နေဆိုပြီး ပြည်သူတွေကိို အိမ်ချုပ်ချထားပြန်တော့လည်း ပြည်သူတွေမှာ ဆေးစစ်ဖို့ အလုံအလောက်မရှိတဲ့အတွက် ဖြစ်သမျှ ငုံခံကြဖို့သာ ရှိပါတယ်။ လက္ခဏာပေါ်ရင် စောင့်ကြည့်၊ ဆိုးရင် ဆေးရုံတက်၊ ဆေးရုံမှာလည်း အတတ်နိုင်ဆုံး အရေးပေါ်သက်ကယ်စက်တွေ ရှိသလောက်နဲ့ ထိန်းပေးမယ် ဆိုတာလောက်သာပါ။ ယခင်က လက်ဆေးကြ၊ ယခုတော့ မျက်နှာဖုံးတပ်ကြ၊ နောက်ဆိုရင် လက်အိတ် စွပ်ကြလို့ အမိန့်ပေးလာလိမ့်မယ်။ ပြီးတော့ ကိုယ်ထူကိုယ်ထ ကိုယ့်ဆေးကိုဖော် ကိုယ့်ဟာကိုယ်ကြည့်လုပ်ကြဆိုတာမျိုးက ပိုပြီး ဖြစ်လာဖို့ များပါတယ်။

အမေရိကန်က ဘာနဲ့ တူလာသလဲဆိုတော့ zombie တွေရဲ့ တိုင်းပြည်နဲ့ တူလာတယ်။ သူတို့ရိုက်တဲ့ zombie ရုပ်ရှင်တွေ ရုပ်သံတွေလိုပေါ့။ လူတွေဟာ လူတွေ မဟုတ်တော့ဘဲ ဗိုင်းရပ်စ်ပိုး ကိုက်ထားလို့ ဖုတ်ဝင်နေတဲ့ ပြိတ္တာတွေ လိို ဖြစ်လာတယ် မဟုတ်ဘူးလား။ ရောဂါပိုးလက္ခဏာမပြဘဲ လမ်းပေါ်မှာ လျောက်သွားနေကြပြီး တဦးဆီ တဦး ဆက်ကူးနေကြတယ်။ ကုစရာဆေးလည်း မရှိဘူး။ မကူးသေးတဲ့သူတွေခင်ဗျာ ကူးပြီးသားလူတွေဆီကနေ လွတ်အောင် ပြေးနေကြရရှာတယ်။ မပြေးနိုင်ရင် ကူးပြီပေါ့။ ကူးပြီဆိုရင် ဖုတ်ကောင်တွေလိုပဲ မသေနိုင်သေးဘဲ ဆက်ပြီး ရုန်းကန်လှုပ်ရှားနေကြရဦးမယ်။

ခုနင်က မရှိမဖြစ်အလုပ်သမားတွေဟာ ဖုတ်ကောင်တွေကို ကုပေးရင်း ကိုယ်တိုင်ဖုတ်ဝင်ပြီး ဖုတ်ကောင်ကြီးတွေ ဆက်ဖြစ်ကုန်မှာကို မြင်နေရသလိုပဲ။ သူတို့တွေကနေတဆင့် မိသားစုတွေ ပတ်ဝန်းကျင်တွေဆီ ဆက်ကူးစက်မှာပေါ့။ သည်လိုဆိုရင် ဒီကိုဗစ်၁၉ ကို စစ်နိုင်တဲ့ ဆေးတွေလည်း ပေါပေါများများ ထုတ်နိုင်မှ၊ လူတိုင်းကို စစ်ပေးထားနိုင်မှ။ ပြီးတော့ ကိုဗစ်၁၉ ကာကွယ်ဆေးလည်း မြန်မြန်များများ ထုတ်နိုင်အောင် လုပ်ကြမှ။ လူတိုင်းကို ကာကွယ်ဆေး ထိုးပေးထားနိုင်မှ။ သည်လိုမှ မဟုတ်ရင် ကိုဗစ်၁၉ကိုက်ထားတဲ့ ဖုတ်ကောင်တွေနဲ့ ကမ္ဘာကြီး ဖြစ်သွားတော့မှာ အသေအချာ ... ။