Breaking News

မောင်ရစ် - ကိုဗစ်အလွန် လူတို့ရွာမှာ ...



မောင်ရစ် - ကိုဗစ်အလွန် လူတို့ရွာမှာ ...

(မိုးမခအယ်ဒီတာ့လက်ရေး) ဧပြီ ၁၈၊ ၂၀၂၀

ကိုဗစ်၁၉ အောက်မှာ နေရတာ ငရဲပဲဆိုရင် ကိုဗစ်အောက်မှာကော သမတကြီးဒေါ်နယ်ထရန့် လက်အောက်မှာပါ နှစ်လုံးပူးပြီး ဒုက္ခခံနေရတာ ငရဲ ၂ထပ်ကွမ်းလို့ဆိုရမယ်။

အမေရိကန်ဒုက္ခသည်တွေအတွက် သမတကြီးက လူကြီးတဦးကို ၁၂၀၀ ဒေါ်လာထုတ်ပေးတယ်။ အဲသည် အစိုးရချက်လက်မှတ်မှာ သမတကြီးထရန့်က သူ့အော်တိုလက်မှတ် ပါချင်တယ်လို့ ဘဏ္ဍာရေးအတွင်းဝန်ကို အပူကပ်တယ်။ သည်လိုနဲ့ အတွင်းဝန်က သမတကြီး ကျေနပ်အောင် ချက်လက်မှတ်က မှတ်ချက်ရေးတဲ့ ကွက်လပ်မှာ သူ့လက်မှတ်ကိုု ထည့်ပေးလိုက်ရသတဲ့။ ဖိုးထရန့်၏ ကြောင်ကွက်တွေက ပြောမဆုံးပေါင် တောသုံးတောင်ပေါ့။ (စကားချပ် - အစိုးရချက်လက်မှတ်မှာ သမတလက်မှတ်မလိုပါ)

ပြောချင်တာက ကိုဗစ်၁၉အောက်မှာ လူတွေ အတိဒုက္ခရောက်ကြတယ်။ သေကျေပျက်စီးရတယ်။ ကိုဗစ်၁၉က အမြဲတန်း ဖိဆီးနေမှာ မဟုတ်ပါ။ ကိုဗစ်အလွန်ကာလကိုလည်း မသေလို့ ကျန်ရစ်သူတွေကို ကြို စဉ်းစားကြရမှာပါ။ ကိုဗစ်အလွန် ထရန့်ကြီးလက်အောက်မှာ ဆက်ပြီး ကျန်နေရစ်ကြမယ့်သူတွေလည်း အပြင်းအထန် ဆင်ခြင်ကြည့်သင့်ပါတယ်။

အခုလာမယ့် သမတရွေးကောက်ပွဲမှာ လူထုအတွက် စဉ်းစားစရာ ပေါ်လစီအသစ်တွေ ထွက်ပေါ်လာပါတယ်။ ထရန့်ကြီး၏ ရွှေဉာဏ်တော်အတိုင်း 'အရင်အတိုင်းပေါ်လစီ' ကို နှစ်သက်ချစ်ခင်သူတွေကတော့ အခုလို (ကပ်ဘေးဆိုက်ချိန် အစိုးရညံ့လိို့၊ နူရာဝဲစွဲ လဲရာ ထရန့်ထောင်း အဲလေ သူခိုးထောင်း) ဒုက္ခခံကြရတာကို ဘုရားသခင်အလိုတော်လို့ စိတ်ဖြေပြီး နေချင်နေကြမှာပါ။ သို့သော် မျိုးဆက်သစ်တွေ နောင်လာနောက်သားတွေ ငါတို့လိုမျိုး ဒုက္ခမရောက်ကြရအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် လူထုဝါဒတွေ ပျိူးထောင်ပေးဖို့ စဉ်းစားရပါမယ်။

ခုချိန်မှာ ဘာနီဆန်ဒါးကော အိုဘာမားကိုယ်တိုင်ပါ ထွက်ပြီး အမေရိကန်ပြည်သူတွေအတွက် လူထုဝါဒတွေကို စဉ်းစားပြနေရပါတယ်။

Universal Healthcare - လူတိုင်း ကျန်းမာရေးအာမခံကို ပြည်ထောင်စုက အားလုံးအတွက်ကျန်းမာရေးအဖြစ် ပေးရပါမယ်။ ကိုဗစ်ကာလမှာ လူနာတွေ မနိုင်မနင်း၊ ဆေးရုံတွေ မလောက်မငှ ၊ ဆေးပစ္စည်းတွေ မလုံမလောက် ဆိုတာတွေကို ပြည်ထောင်စုအဆင့် အမြဲတန်း အာမခံဖြေရှင်းပေးနိုင်ရပါမယ်။

Universal Education - လူူူူူူူူူူူူတိုင်း ကောလိပ်ပညာရေးအထိကို သင်ကြားနိုင်ဖို့ အာမခံချက်ရှိရပါမယ်။ ပြည်ထောင်စုက အားလုံးအတွက်ပညာရေးအဖြစ် ပေးရပါမယ်။ ကိုဗစ်ကာလမှာ ကျောင်းသားတွေ ကောလိပ်တွေ ကျောင်းဆရာတွေအားလုံးဟာ ပညာမတတ်တော့မှာ ကို စိတ်ပူတာထက် ကျေင်းစာရိတ် လစာ လခတွေ မပေးနိင် မတတ်နိုင်တာကို ပိုပူကြတယ်။ ပြည်ထောင်စုအဆင့် ပညာသင်စာရိတ်တွေ ကျောင်းဆရာလစာတွေကို ဖြေရှင်းပေးဖို့ စဉ်းစားရပါမယ်။

Universal Connectivity - ခေတ်က ရေဒီယို သတင်းစာ ကြော်ငြာသင်ပုန်းခေတ် မဟုတ်တော့ဘူး။ အင်တာနက်ခေတ် နည်းပညာခေတ်ဖြစ်နေပါပြီ။ အားလုံးအတွက်ချိတ်ဆက်မှု လိုအပ်ပါတယ်။ သည်တော့ လူတိုင်း ချိတ်ဆက်မှု ရှိဖို့ အရေးကြီးပါတယ်။ စမတ်ဖုန်း နဲ့ အင်တာနက်ချိတ်ထားတဲ့ ကွန်ပြူတာ လူတိုင်းမှာ ရှိနေဖို့ လိုအပ်လာပါပြီ။ ကိုဗစ်ကာလမှာ အိမ်တွင်းပုန်းပြီး လူလူချင်း ဖြတ်တောက်ခံထားသော်လည်း အင်တာနက်ချိတ်ဆက်မှုက လူတွေ မိသားစုတွေကို ပြတ်တောက်မှု မရှိအောင် လုပ်ပေးထားရပါမယ်။ သည်အတွက် ပြည်ထောင်စုအဆင့် တာဝန်ယူ ဖြေရှင်းပေးဖို့ လိုပါတယ်။

Universal Basic Income - လူတိုင်းမှာ အခြေခံဝင်ငွေ အာမခံချက်လိုပါတယ်။ အလုပ်လုပ်မှ ဝင်ငွေရမယ်ဆိုတာ အရင်တုန်းကတော့ ဟုတ်မယ်။ အားလုံးအတွက် အခြေခံဝင်ငွေကို ပြည်ထောင်စုအဆင့် စဉ်းစားသင့်ပါတယ်။ အလုပ်ရှိနေမှ ကျန်းမာရေးအာမခံချက်ရမယ်၊ ခံစားခွင့်ရှိမယ်၊ ပင်စင်ရမယ်၊ သင့်ကို လူတဦးအဖြစ် စဉ်းစားမယ်ဆိုတာဟာ တကယ်ကော လက်တွေ့ကျရဲ့လား မေးခွန်းထုတ်သင့်ပါတယ်။ အမေရိကားမှာ အိုးအိမ်မဲ့တွေ အများကြီး၊ အလုပ်လက်မဲ့တွေ အများကြီး၊ ခေတ်နောက်မလိုက်နိုင်တော့တဲ့ သက်ကြီးအလုပ်လက်မဲ့တွေ မစွမ်းနိုင်တော့သူတွေ အများကြီးပါပဲ။ ပြည်ထောင်စုက လူတဦးချင်းစီမှာ စားဝတ်နေရေးအနည်းဆုံး လောက်ငှတဲ့ ခံစားခွင့် ပေးထားဖို့ လိုပါတယ်။ အခု ကိုဗစ်ကာလမှာ လူ သန်း ၂၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ အခြေခံဝင်ငွေ မရှိတော့ ကာလတိုကူငွေ ထုတ်ပေးသော်လည်း ပြည်သူတွေကို ပြန်လည်ထူထောင်ပေးဖို့ မလွယ်ပါ။

မောင်ရစ်တို့ကတော့ လက်ဝဲဝါဒတွေ ကွန်မြူနစ်အိုင်ဒီယာတွေ လာပြောနေတယ် ပြောကြမယ်။ အခု လက်ဝဲနိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ တရုတ်ပြည်တို့မှာလည်း အပေါ်က universal တွေ အပြည့်မရှိသေးပါဘူး။ ဒါတွေက လူသားတွေအားလုံးမှာ သာယာ၀ပြောတဲ့ ဘ၀ခံစားနိုင်ဖို့ အစိုးရတွေက အနည်းဆုံး အာမခံချက်အဖြစ် ဖြည့်ဆည်းနိုင်အောင််မလုပ်သင့်ပေဘူးလားလို့ တွေးမိတာပါ။ တိုက်တွန်းတာပါ။

ကိုယ်လုပ်မှ ကိုယ်စား ၊ ကိုယ်ရတာ ကိုယ် ယူပဲ ဟိတ်။ ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေ ကိုယ်ထိုက်နဲ့ ကိုယ်ကံ၊ ညံ့လို့ ခံတာ ခံကြပါစေလို့ စိတ်သဘောထားတွေ ထက် ငါတို့အားလုံး အတူတူ ကောင်းတူ ဆိုးဖက် ဖြတ်သန်းတဲ့ ယူနီဗာဆယ်ဖြစ်တဲ့ နိုင်ငံတော်မျိုးကိုကော ခင်ဗျားတို့ စိတ်ကူးမယဉ်သင့်ဘူးလား။