Breaking News

ခိုင်မာကျော်ဇော - သစ်ခုတ်သမားများ ကြားပါစေ



ခိုင်မာကျော်ဇော - သစ်ခုတ်သမားများ ကြားပါစေ

(မိုးမခ)မေ ၂၆၊ ၂၀၂၀

"စိုက်သူ မခုတ် ခုတ်သူ မစိုက်" ဒီစကား ကိုယ်ပြောတာတော့ မဟုတ်။ အမိုးရွာက အဖိုးတယောက်က ပြောတာ။ တနှစ်က ရွာကို ပြန်တော့ ဒီဆိုင်းပုဒ်ကြီးကို ရွာကို သွားတဲ့ လမ်းဘေးမှာ တွေ့ရတယ်။ သူခိုးတွေက လူဟစ်တဲ့ ခေတ်သစ်ပုံပြင် တပုဒ်ကို ဖုန်လုံးကြီးတွေကြားမှာ ဖတ်လိုက်ရတယ်။

ဒီလမ်း ဒီရွာတွေဟာ ကရင်ရွာတွေပါလို့ ကြိမ်ပြောရအောင်ကို ဖုန်လုံးကြီးတွေက တလိပ် လိပ်။ တကယ်ပါ သစ်ပင်သစ်တောတွေနဲ့ ထုပ်ပိုးသိမ်းဆည်းထားတဲ့ ငှက်ဖျားပေါတဲ့ရွာတွေပါ။ ဖုန်လုံးကြီးတွေ တလိပ်လိပ်နဲ့ဆိုတာ သီးချင်းတွေထဲမှာဘဲ ကြားဖူးခဲ့တာ။ အဲ့ဒီရွာက လူတွေ တကယ်မြင်ဖူးခဲ့ကြတာ မဟုတ်ဘူး။ ရွာထဲ ရောက်လို့ ကြက်သံ ခွေးသံကြားရမှ ဒါ ရွာရောက်နေတာလို့ သိရတဲ့ ရွာတွေပါ။ အိမ်တွေကို အလွယ်တကူ မမြင်နိုင်အောင်ကို သစ်ကြီး ဝါးကြီးတွေက အုပ်ဆိုင်းနေခဲ့တာ။ အခုတော့ ပူလိုက်တာ လောင်လိုက်တာတဲ့။ ကိုယ်တွေ ပြန်သွားတုန်းကလည်း အဲ့ဒီ အပူဒဏ်ကို ကျောကော့အောင်ခံစားခဲ့ရတာမို့ စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ရှည်ရှည်ဝေးဝေးလည်း မေးမနေတော့ပါဘူး။ လက်သည်က ဘယ်သူဘယ်ဝါဆိုတာ ကိုယ်တွေ သိသလို အားလုံးလည်း သိနေကြတာဘဲလေ။

ဒီနှစ်မှာ ပိုပူတယ်။ ရေလည်း ရှားတယ်။ မြေကြီးကို နင်းရတာ ငရဲမီး နင်းရသလိုဘဲ ဆိုတာကတော့ ဒီနှစ်အတွက် ထူးခြားချက်တွေပေါ့။ ကပ်ရောဂါကြီးဖြစ်လို့ လက်ဆေးပါ။ လက်ဆေးပါလို့ ပြောကြပေမဲ့ ရေမရှိရင် ဘာနဲ့ ဆေးမှာလဲလို့ မေးချင်သူတွေလည်း ဒီရွာမှာရှိနေတယ်။ မီးမလာတာတို့ မတ်ချုပ်ပြိုင်ပွဲ ဝင်ဖို့ဆိုတာတွေ ပြောဖို့ကတော့ ဒီရွာတွေနဲ့ အတော်လေး အလှမ်းဝေးပါတယ်။ ထားပါတော့လေ။

အခု ပြောချင်တာက သူခိုးက လူဟစ်တဲ့အကြောင်း၊ ပူလို့လောင်လို့ အကြောင်းတွေပါ။ အမိုးရွာက အဖိုးက ပြောတယ်။ တို့က သစ်ပင်စိုက်သူတွေပါ။ သစ်ပင် ခုတ်သူတွေ မဟုတ် ပါဘူး။ သစ်ပင်စိုက်သူတွေသာ သစ်ပင်ရဲ့ တန်ဖိုးကို သိကြတာ။ သစ်ပင်ခုတ်သူတွေက သစ်ပင်တန်ဖိုး သိကြတာ မဟုတ်ဘူး။ သူတို့က သစ်စျေး လောက်ဘဲ သိကြတာတဲ့။ ဒါနဲ့များတောင် တို့ကို သူတို့က အဒိန္ဒာဒါနာကံနဲ့ ခြိမ်းသလိုလို ခြောက်သလိုလို လာလုပ်နေကြတယ်။ ဖြစ်နိုင်ရင် စိုက်သူ မခုတ် ခုတ်သူ မစိုက်လို့ ငါတို့က ဆိုင်းပုဒ်တောင် ပြန်ထောင်လိုက်ချင်​သေးတယ်တဲ့။ မတတ်သာတော့လည်း ငါတို့က အခုဘဝပူ နင်တို့ နောက်ဘဝပူလို့ဘဲ စိတ်ထဲ တေးထားလိုက်ရတယ်တဲ့။

သူတို့ ရွာမှာ သစ်ကြီးဝါးကြီး ခုတ်ရောင်းသူ မရှိ။ သစ်ကုန်ကူးသူ မရှိ။ သစ်ရောင်း ဝါးရောင်းလို့ ချမ်းသာသူလည်း တယောက်မှ မရှိ။ ရွာက အိမ်တွေ လိုက်ကြည့် သစ်နဲ့ လုပ်တဲ့ ထမင်းစားပွဲ ကောင်းကောင်းတောင် အိမ်တိုင်း ရှိကြတာမဟုတ်။ ရွာလယ် လမ်းပေါ်မှာတော့ ဖုန်လုံးကြီးတွေ တလိပ်လိပ်နဲ့ သစ်ကားကြီးတွေ အိပဲ့အိပဲ့နဲ့။

သစ်ပင် သစ်တောတွေသာ စကားပြောတတ်ရင် သစ်ခုတ်သမား ဘယ်သူလဲဆိုတာ အဲ့ဒီ ဆိုင်းပုဒ်ကြီးကို ပြောပြမှာပါဘဲ။ အဒိန္ဒာဒါနာကံ ကျူးလွန်လို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ သံသရာထဲ ဘယ်သူတွေ ဝဲလည်နေကြမလဲဆိုတာ ငရဲကတော့ အသေအချာ ပြောပြမှာပါ။

ဆိုင်းပုဒ်လေးထောင်ပြီး ပြည်သူကို လှည့်စားလို့ ငါတို့ သိပ်လည်လှပြီလို့ မထင်ကြပါနဲ့။

အကြောင်းတိုက်ဆိုင်လို့ (ပါမေက္ခချုပ်ဆရာတော်ဘုရားကြီး) ရဲ့ ဩဝါဒစကားလေးနဲ့ဘဲ အဆုံးသပ်ပါရစေ....

" လှည့်စားလို့ ရတိုင်း ငါ သိပ်လည်တယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့"
" လောကမှာ သင့်ထက်တော်တဲ့ လူတွေ အပါယ်ဘုံက စောင့်နေကြတယ်" ။

ကိုယ်ပြုသည့်ကံ ကိုယ့်ထံသို့သာ
သစ်ခုတ်သမားများ ကြားပါစေ။

ခိုင်မာကျော်ဇော
​May 24, 2020