Breaking News

သားကြီးမောင်ဇေယျ - မျှခံစားဝေ



သားကြီးမောင်ဇေယျ - မျှခံစားဝေ

(မိုးမခ)မေ ၂၆၊ ၂၀၂၀

တနေ့က ကိုဗစ်ကာလ အလုပ်နားခံရတဲ့ သတင်းထောက်တွေ ၊ လစာအလျှော့ခံရတဲ့ သတင်းထောက်တွေကို မီဒီယာကောင်စီက တာဝန်ယူပြီး we love Yangon အဖွဲ့အကူအညီနဲ့ ဆန်နဲ့ဆီတွေ လိုက်လံမျှဝေပါတယ်။
လက်ခံတဲ့ သတင်းထောက်တွေ သတင်းဌာန တာဝန်ရှိသူတွေ အသီးသီးက ဝမ်းသာအားရလက်ခံကြပါတယ်။ အသားညိုညို ဆံပင်ဖြူဖြူ နဲ့ အသက် ငါးဆယ်ကျော် သတင်းထောက် တစ်ယောက်ရဲ့ အမေ က ပစ္စည်းတွေကိုလက်ခံရင်း ဝမ်းသာအားရ ဆုတောင်းနေတာ အကြာကြီးပါ။

ဒီမြင်ကွင်းကို အလျှူရှင် ကိုယ်တိုင် မြင်ရရင် ဘယ်လောက်ဝမ်းသာမလဲ လို့တွေးမိပါတယ်။ ကျွန်တော်လို အလျှူပစ္စည်းတွေ လိုက်လံ ဆက်သွယ် ပို့ဆောင်ပေးရတဲ့ သူတောင် ဒီလောက် ရင်ထဲ စို့နစ်ဝမ်းသာ နေမိ မှတော့။
ဒါနတခု မြောက်ဖို့ အတွက် အလျှူရှင်ရှိဖို့၊ အလျှူခံရှိဖို့၊ အလျှူနိုင်တဲ့ အခြေအနေရှိဖို့၊ လက်ခံနိုင်တဲ့ အခြေအနေရှိဖို့ ဆိုတဲ့ အချက်အလက်တွေ တပြိုင်ထဲ ရှိဖို့ဆိုတာ မလွယ်ပါ။ ခု ဒါနမြောက်ပြီလေ။ ဒီလိုအခြေအနေဆိုတာ ကြုံထောင့်ကြုံခဲပါ။

ဒီလိုအဖြစ်မျိုး ကြုံရတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နာဂစ်ကာလကိုပြန်သတိရတယ်။

တခါနဲ့တခါ ၊ အချိန်နဲ့ အခြေအနေ မတူပါဘူး။ ခံစားမှုကလည်း တူသလိုလို မတူသလိုပါပဲ။

နာဂစ်တုန်းက ပြည်သူကိုပြည်သူက ကူညီကြ ဆိုတဲ့ ကြွေးကြော်သံ နဲ့ အတူ ကျွန်တော်တို့ သီချင်း၊ ပန်းချီ၊ ကဗျာ၊ အဖွဲ့ကလေးဟာ ကိုယ့်အထုပ် ကိုယ်ဆွဲလို့ မုန်တိုင်းသင့် လူထုတွေ ဆီ အရောက်သွားခဲ့ကြ။ ဒီဆောင်းပါး ရေးနေရင်း ကဗျာဆရာ အောင်ဘညို၊ ကဗျာဆရာလှသန်း၊ ကိုရဲလွင် တို့ကိုသတိရမိ။ အဲဒီတုန်းက သူတို့တတွေ
စစ်အစိုးရရဲ့ တားဆီးမှုအမျိုးမျိုးကိုကျော်ဖြတ်ပြီး ရေဘေးသင့် ရွာသားတွေဆီ ရောက်အောင်သွားခဲ့ရ။ ဒေါက်တာနေဝင်းနဲ့ သမီး ဖြိုးဖြိုးအောင်တို့ ပါဝင်တဲ့ ရေဘေးကယ်ဆယ်ရေး ကျောင်းသားအချို့ ကိုအလောင်းဖျောက်မှုနဲ့ တရားစွဲခံရ။ ထောင်ကျခံခဲ့ရ။ လျှူမယ့်သူရှိတယ်၊ အလျှူခံမယ့်သူရှိတယ်။ ဒါပေမယ့် အလျှူ ပြုဖို့ အခွင့်အရေး အခြေအနေမရှိခဲ့။ ဒါနမြောက်ဖို့ မလွယ်ဘူးဆိုတာသိခဲ့ရ။

နောက်တခါ ကြုံရတာက ထောင်ထဲမှာ ။ အင်းစိန်ထောင် ကြိုးတိုက် ၅ မှာ။

စစ်ကြောရေးဝင်နေတုန်း။ ဘယ်သူနဲ့ မှ အဆက်အသွယ်လုပ်ခွင့်မရတဲ့ အချိန်။ ထောင်ဝင်စာ မရှိတဲ့ အချိန်။ ခေါင်းစုတ်ဖွား၊ နံရိုးအပြိုင်းပြိုင်း လူငယ်တစ်ယောက် ရုတ်တရက် ကျွန်တော့်တိုက်ခန်းရှေ့ရောက်လာပြီး သံတိုင်ကြားထဲ လက်သီးဆုပ်လောက်ရှိတဲ့ အထုပ်တထုပ် ပစ်ထည့်သွားတယ်။ ဖွင့် ကြည့်လိုက်တော့ ငါးပိကြော်ထုပ်။ ငါက ဂျွန် အရေးအခင်းက၊ ဒီနေ့ထောင်ဝင်စာ လာတယ် လို့ပြောပြီး ချာကနဲ့ လှည့်ပြေးသွားတယ်။ သူ့ကို ထောင်ဝါဒါက မိတယ်။ သားရေခါးပတ်နဲ့ ရိုက်သံကြားရတယ်။ သူ့ကို တံခါးနှစ်ထပ်ရှိတဲ့ ု၆ တိုက်ထဲပို့လိုက်တယ်လို့ သဲ့သဲ့ကြားလိုက်တယ်။ ဗိုက်ပူပူ အသားမဲမဲ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ ထောင်ဝါဒါ ရွှေသွား က သားရေပတ်ကို တဖြန်းဖြန်း ဝှေ့ယမ်းရင်း ကျွန်တော့် တိုက်ခန်းရှေ့လာရပ်တယ်။ ဟိုကောင်ဘာပေးသွားလဲ ပြစမ်းလို့ ပြောတယ်။ ငါးပိကြော်ထုပ်ကလေး သူ့ကိုပေးလိုက်ရတယ်။ ငါးပိကြော်ထုပ်ကလေးကို ကျွန်တော့ရှေ့မှာပဲ မြေကြီးပေါ်သွန်ချလိုက်တယ်။ ငါ့ကို ဒါမျိုးလာလုပ်လို့မရဘူး ၊ ငါက သခင်စိုးတို့ ဦးနုတို့ကို အုပ်ချုပ်လာတဲ့ကောင်ကွ မင်းတို့ကျောင်းသားတွေလောက်တော့ ….။

အဆဲနဲ့ သူစကားကိုပိတ်လိုက်တယ်။ သံတိုင်ကြားက နေ ပြန့်ကျဲနေတဲ့ ငါးပိကြော် အစအန လေးတွေကို ကျွန်တော် ငေးနေမိတယ်။

ဒါန တခုမြောက်ဖို့ ဆိုတာ မလွယ်ပါလားလို့ တွေးမိတယ်။

ဒီနေ့ ဒီအခါမှာတော့ ဒီလို အဖြစ်မျိုးတွေမရှိတော့ပြီ။ အလျှူရှင်က ရန်ကုန်တိုင်း အစိုးရနဲ့ ဒီလှိုင်းဂျာနယ် အယ်ဒီတာမုံရွာအောင်ရှင်တို့ကတဆင့် သတင်းသမားတွေကို မီဒီယာကောင်စီ က တာဝန်ယူလျှူပေးဖို့ပြောတယ်။ we love Yangon က ကူညီပြီး ဖြန့်ပေးတယ်။ အားလုံးအစဉ်ပြေတယ်။ အလျှူရှင်ရော လက်ခံသူပါ ကြေနပ်ဝမ်းမြောက်ကြတယ်။

ကျွန်တော်တို့သတင်သမားတွေဟာ နိုင်ငံရေးအပြောင်းအလဲတွေ၊ နည်းပညာအပြောင်းအလဲတွေ၊ နိုင်ငံ စီးပွားရေး နှေးကွေးမှုတွေကြောင့် ယိုင်နဲ့ နေချိန်မှာ ရုတ်တရက် ကိုဗစ်ကပ်ဘေးရင်ဆိုင်လိုက်ရတဲ့ အတွက် ဗုန်းဗုန်းလဲ တော့မယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ကံကောင်းချင်တော့ မြန်မာတို့ရဲ့ မိရိုးဖလာ မျှဝေခံစားတတ်တဲ့ စိတ်ဓါတ်တွေ ပြန်လည်နိုးကြားခွင့်ရလိုက်ပါတယ်။

သဒ္ဒါအားထက်သန်သူတွေက မီဒီသမားတွေရဲ့ လတ်တလော အခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ စားသောက်ကုန်တွေထောက်ပံ့လာပါတယ်။ ဒါနဖြစ်မြောက်ရေးအတွက် တာဝန်ယူပေးတဲ့ မီဒီယာကောင်စီက အလုပ်အနားခံရသူ၊ လုပ်အားခ လျှော့ချခံရသူ၊ လုပ်အားခ နည်းပါးသူ၊ လုပ်အားခ ပုံမှန်ရသော်လည်း ကိုဗစ်ကာလ အခက်အခဲရှိသူ၊ နဲ့ သတင်းလောကနဲ့ ဆက်စပ်တဲ့ သူတွေကို စားသောက်ကုန်တွေနိုင်သလောက်ထောက်ပံ့ဖို့ပြင်ဆင်ပါတယ်။
သတင်းလုပ်ငန်းကို ဆောင်ရွက်နေရသူတွေကို အကာအကွယ်ဝတ်စုံ တွေ ထောက်ပံ့ဖို့စိတ်ကူးလာကြပါတယ်။
အန္တရာယ်ကာလမို့ လုပ်ငန်းခွင်ဝင်နေရတဲ့ သတင်းသမားတွေကို အာမခံ ထားပေးဖို့လိုတယ်လို့ အချို့က အကြံပြုကြပါတယ်။

ဒါက ရေတိုဖြေရှင်းမှုပါ။

ရေရှည် အတွက်တော့

အလုပ်နားခံရသူတွေကို အလုပ်သစ်ရှာမရခင် သတင်းတန်းတွေ ပေးပြီး စွမ်းရည်မြှင့်ဖို့။

သတန်းဆင်းတွေကို အွန်လိုင်းမီဒီယာ ငယ်လေးတွေ ထူထောင်နိုင်ဖို့ ထောက်ပံ့ အားပေးဖို့။ ဖြစ်နိုင်ရင် အသေးစားချေးငွေ ထောက်ပံ့ ဖို့ ။

တပြိုင်ထဲမှာ မီဒီယာ ကြီးတွေနဲ့ ချိတ်ဆက်ပေးဖို့။

မီဒီယာကြီးတွေကိုလည်း အခွန်လျှော့ပေးမှု ချေးငွေ ထုတ်ပေးမှု အပါအဝင် အခြားလိုအပ်တဲ့ အကူအညီတွေ ပေးဖို့။ စသဖြင့် လိုအပ်တာတွေကို စုဆောင်းရေးမှတ်ပြီး နိုင်ငံတော်နဲ့ တိုင်ပင်ဖြည်ဆည်းသွားဖို့ တိုင်ပင်ကြတယ်။ ကိုဗစ်ကိုအံတုကြဖို့ အကြံတွေထုတ်ကြတယ်။

မိမိတို့ထံမှာ ရှိသလောက်ကို ဝေမျှခံစားကြဖို့ ကြံစည်လာကြတယ်။

လူဆင်းရဲပေမယ့် စေတနာ မဆင်းရဲကြတဲ့ နိုင်ငံသားတွေ ဖြစ်ခွင့်ရလာတဲ့ အချိန်မှာ
စေတနာနဲ့မေတ္တာတွေ မျှဝေကြမယ်။
အသိတရားနဲ့ သတိတရားတွေမျှဝေကြမယ်။
ဉာဏ်ပညာနဲ့ မျှော်လင့်ချက်တွေ မျှဝေကြမယ်။

မြေကြီးပေါ် ကျနေတဲ့ ငါးပိကြော် အပိုင်းအစ ကလေးတွေကို သံတိုင်ကြားကနေ ငေးကြည့် ရတဲ့ အချိန်တွေ လွန်ခဲ့ပါပြီ။

သားကြီးမောင်ဇေယျ (၂၄-၅-၂၀၂၀)