Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၂၀)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၂၀)

ဘုန်းကြီးကောနဲ့ အင်တာဗျူး

(မိုးမခ) ဇွန် ၄၊ ၂၀၂၀


ဘုန်းကြီးကောသည် ၉၀ပတ္တနိက္ကုဇ္ဇန = သပိတ်မှောက်ကံဆောင်ပွဲ၏ ပဲ့ကိုင်ရှင်ဆရာတော်ဖြစ်ပါသည်။ အသက်အရွယ်အလွန်အမင်း ကြီးရင့်နေသော်ငြား၂၀၀၇ရွှေဝါရောင်သပိတ်ဖြစ်ပေါ်လာသောအခါ မပြီးသေးသော သပိတ်ပန်းချီကားကို တတ်နိုင်သမျှ ဆက်လက် ရေးဆွဲ ပုံဖော်ခဲ့ပြန်ပါသည်။ ဆရာတော်၏ ၉၀ခုနှစ် သပိတ်မှောက်ကမ္မဝါမှာ "ဒီမြန်မာနိုင်ငံမှာ ကြမ်းတမ်းတဲ့၊ ပိတ်ဆို့နှိပ်စက်တတ်တဲ့ သဘောရှိတဲ့၊ နိုင်ထက်ကလူ ပြုမူတတ်တဲ့၊ သနားတတ်တဲ့ အလေ့မရှိတဲ့၊ သူတစ်ပါးကို ညှဉ်းပမ်း နှိပ်စက်တတ်တဲ့" ဟု ရေးသားခဲ့သည့်အတိုင်း သဘောထားမပြောင်းသည့် စစ်အုပ်စုအပေါ် တော်လှန်ရေးသတိ မပြတ်ရှိနေမှုကို ဂုဏ်ပြုပူဇော်သောအားဖြင့် ဆရာတော်၏ အင်တာဗျူးနှင့် ဆရာတော့်အကြောင်း ဆောင်းပါးကို ထည့်သွင်း ပုံနှိပ်အပ်ပါသည်။

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒဘိဝံသနဲ့ အင်တာဗျူး
မောင်ရစ် ဘာသာပြန်
စက်တင်ဘာ ၈၊ ၂၀၀၈

(ဘာသာပြန်သူ့ စကား - ၂၀၀၇ ဒီဇင်ဘာမှာ မစိုးရိမ်ဆရာတော် ဦးကောဝိဒဘိဝံသ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လာရောက်လက်ခံခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာတုံးက စစ်အာဏာရှင်တွေကို သပိတ်မှောက်တဲ့ မြန်မာပြည်က သံဃာ့အာဇာနည်တွေကို ချီးမြှင့်တဲ့ ဘွဲ့ကို ၁၉၉၀ ခုနှစ်များမှာတုံးက စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ရာမှာ ဦးဆောင်တဲ့ သံဃာအဖြစ် အကျဉ်းချခံခဲ့ရသူ ဆရာတော်ကြီးတပါးက လာရောက်လက်ခံတာ ဖြစ်တဲ့အတွက် သင့်မြတ်တဲ့ မြင်ကွင်းတခုပဲလို့ ဆိုနိုင်ပါတယ်။
ဆရာတော်ကြီး ရောက်ရှိနေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် ဥပသကာများလို့ ဆိုနိုင်တဲ့ Buddhist Peace Fellowship အဖွဲ့က အမေရိကန်နိုင်ငံသား မာရီယာ နဲ့ အယ်လင်တို့က လာရောက်ပြီး အင်တာဗျူးခဲ့ကြပါတယ်။
သူတို့အဖွဲ့က ထုတ်ဝေတဲ့ စာစောင်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို မြန်မာဘာသာနဲ့ ပြန်ဆိုပြီး တင်ဆက်လိုက်ပါရစေ။ ၂၀၀၇ စက်တင်ဘာ သံဃာသပိတ် အရေးတော်ပုံ နှစ်ပတ်လည် အမှတ်တရ၊ ပြီးတော့ ၂၀၀၈ ဧပြီ သက်တော် ၈၂ နှစ်မှာ ပျံလွန်တော်မူတဲ့ သပိတ်မှောက်ဆရာတော်ကြီးတပါးရဲ့ အမှတ်တရ … )

ဆရာတော် ဦးကောဝိဒ ဟာ သက်တော် ၈၁ နှစ်ရှိတဲ့ အများက ရိုသေလေးစားကြတဲ့ သံဃာတော်တပါး ဖြစ်ပါတယ်။ ယခုအချိန်မှာ နယူးယောက် မဲဇာမှာ သီတင်းသုံးနေရပေမယ့် တချိန်က ”မစိုးရိမ် ကျောင်းတိုက်” လို့ အမည်တွင်တဲ့ သက်တမ်းရှည် စာသင်တိုက်ကြီးရဲ့ နာယကဆရာတော်ကြီး ဖြစ်ခဲ့ပါတယ်။

၂၀၀၁ မှာ ဆရာတော် အမေရိကန်ကို အလည်အပတ် ကြွရောက်ချိန်က အစပြုပြီး နယူးယောက်က သာသနဇောတိ ဓမ္မရိပ်သာမှာ သီတင်းသုံးနေထိုင်ပါတယ်။ နှစ်စဉ် နှစ်တိုင်း မြန်မာပြည်ကို ပြန်ကြွနိုင်ခဲ့ပေမယ့် စက်တင်ဘာ ၂၀၀၇ ကတည်းက မပြန်နိုင်တော့ပါဘူး။ အောက်တိုဘာ ၂၀၀၇မှာ စတင်ထူထောင်တဲ့ သာသနမောဠိ လို့ အမည်ပေးထားတဲ့ နိုင်ငံတကာရောက် မြန်မာရဟန်းတော် အပါး ၅၀ ကျော် နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ရဲ့ နာယကဆရာတော်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

၂၀၀၇ ဒီဇင်ဘာ ၁၅ မှာ ဘီပီအက်ဖ် အဖွဲ့သားတွေဖြစ်တဲ့ မာရီယာနဲ့ အယ်လင်တို့ ဆရာတော်ကို ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ ကျောင်းတိုက်မှာ သီးသန့်တွေ့ဆုံ စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီ ယမန်နေ့က ဆရာတော်ကိုယ်တိုင် ဆန်ဖရန်စစ္စကိုတက္ကသိုလ် ဘွဲ့နှင်းသဘင်သို့ တက်ပြီး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို မြန်မာပြည်တွင်းက သံဃာတော်များကိုယ်စား လက်ခံရယူခဲ့ပါတယ်။ ဆရာတော်ကို ဘုန်းတော်ကြီးကျောင်း ဒုတိယထပ်မှာ တွေ့ဆုံခဲ့ရပြီး မြန်မာမိသားစုများလည်း အတူရှိနေတာကို တွေ့ရပါတယ်။ ဆွမ်းဟင်းများ ဆက်ကပ်ထားတဲ့ ဘုရားစင်အနီးက ကုလားထိုင်မှာ ထိုင်နေတဲ့ဆရာတော်က ပြုံးရွှင်စွာ ဦးခေါင်းကို ညိတ်ပြီ်း ကြိုဆိုပါတယ်။

မာရီယာ - ၁၉၉၀ ခုနှစ်မှာတုန်းက ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဆရာတော် ဘယ်လို ပါဝင်ပတ်သက်လာရပုံနဲ့ အဲသည်ရဲ့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာရသလဲဆိုတာကို ပြောပြပါ ဘုရား။


၁၉၈၈ မှာတုန်းက တပြည်လုံး အုံကြွခဲ့ကြတယ်။ ဆရာတော်က မပါဝင်ခဲ့ပါ။ ၁၉၉၀ မှာကျတော့ စစ်တပ်က လူတွေကို သေနတ်နဲ့ ပစ်တယ်။ သံဃာတော်တွေကိုလည်း ပစ်တယ်။ သံဃာငယ်တချို့က သူတို့ရလာတဲ့ ဒဏ်ရာတွေကို လာပြီး ပြကြတယ်။ အဲဒီမှာ ဆရာတော်ကိုယ်တိုင် ပါရတော့တာပဲ။

အစိုးရက ပြည်သူတွေကို ထိခိုက်အောင် လုပ်လာပြီဆိုရင် သံဃာတော်တွေဟာ ဝိနည်းနဲ့အညီ နိုင်ငံအရေးကို ဝင်ပြီး ပတ်သက်ရတယ်။ အဲဒီမှာ တို့တတွေ ပထမဦးဆုံးအကြိမ် သပိတ်တွေကို မှောက်ရတော့တာပဲ။ ဘာကြောင့် သပိတ်မှောက်ရသလဲ၊ ငါတို့ စာသင်သားတွေ အပစ်ခံရတယ်။ အရိုက်ခံကြရတယ်။

စစ်အစိုးရက ဆရာတော့်ကို သပိတ်မှောက်အောင် ကြိုးကိုင်တဲ့သူအဖြစ် စွပ်စွဲပြီး ထောင်ချခဲ့တယ်။ သူတို့မှာ ဆရာတော်ကို စွပ်စွဲဖို့ သက်သေအထောက်အထား မရှိပါဘဲလျက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချခဲ့တယ်။ မန္တလေးထောင်ထဲမှာ ၂၂ လ လုံးလုံး တရားသွားထိုင်နေရတယ်လို့ ဆိုကြပါစို့ကွာ။ အစပိုင်းကတော့ သင်္ကန်းဝတ်ရုံခွင့်ရှိတယ်။ နောက်ကျတော့ ဆရာတော်ကို သင်္ကန်းချွတ်ပစ်လိုက်တယ်။

၀ိနည်းအရဆိုလျင် ရဟန်းဆိုတာ သိက္ခာပုဒ်တွေနဲ့ နေထိုင်သမျှ ကာလပတ်လုံး ရဟန်းအဖြစ်က လျောမကျပါဘူး။

အကျဉ်းထောင်ဆိုတာ ဒီမှာလို မဟုတ်ဘူး။ အိပ်ယာတို့ မွေ့ယာတို့ မရှိဘူး။ သံမံတလင်းပဲ ရှိတယ်။ အိပ်ယာမရှိဘူး။ သံတိုင်တွေကြားက လေက တဟူးဟူးတိုက်နေတယ်။ အိမ်သာတွေဆိုတာ ညစ်ပတ်နေတယ်။ ထောင်ထဲမှာ အစဦးပိုင်းတုန်းက တဦးတည်း တိုက်ပိတ်ခံရတယ်။

နေ့တိုင်း ဆွမ်းစားစရာဆိုလို့ ထမင်းပဲ ရှိတယ်။ ဒါပေမယ့် တကယ် ထမင်းတော့ မဟုတ်ဘူး။ ပြောင်းဖူးရိုးတွေ စင်းထားတာ တွေ့ဖူးကြတယ် မဟုတ်လား။ အဲဒါတွေက ဆန်ထဲမှာ ရောပါလာတယ်။ ဟင်းလည်း ပေးပါတယ်။ ဟင်းဆိုတာ ပန်းဂေါ်ဖီတို့၊ ဂေါ်ဖီရွက်တို့နဲ့ ဆိုရင် စားကောင်းမှာပေါ့။ အခုဟာက အဲဒီ အသီးအရွက်တွေရဲ့ အကျန် အရိုးတွေကို စင်းပြီးကျွေးတာ။ အရသာလည်း မရှိ၊ အဟာရလည်း မရှိဘူး။

ငါတို့ မြန်မာတွေမှာ စကားရှိတယ်။ “ဝက်ခေါင်းခါ” တဲ့။ ဆိုချင်တာက ဝက်ဆိုတဲ့ အကောင်ဆိုတာ သူမစားတဲ့ အစာမရှိဘူး။ ဒါပေမယ့် ဝက်ကတောင် ခေါင်းခါရတယ်။ မစားဘဲနဲ့ လှည့်ထွက်သွားတဲ့ ဟင်းလို့ ဆိုလိုတာ။ (ဆရာတော်က ပြောချိန်မှာ ရယ်ပါတယ်)။

အဆိုးဝါးဆုံး အဖြစ်ကတော့ သင်္ကန်းချွတ်ထားရတဲ့ ဘဝပဲ။ လူတွေရဲ့ အဝတ်ကို ဝတ်ထားရတယ်။ ဒါဟာ ရဟန်းတပါးအတွက် အဆိုးဆုံး အဖြစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ဟာ ဘုန်းတော်ကြီးတကျောင်းမှာ ဆိုရင် အမြင့်ဆုံး ဘုန်းတော်ကြီး ဖြစ်တယ်။ ဒါပေမယ့် ထောင်ထဲမှာ ခုနင်ကလိုမျိုး ဆက်ဆံခံထားရတယ်။ သို့သော် ရဟန်းငယ်တွေ၊ ကိုရင်လေးတွေရဲ့ ထောင်ထဲက ဘဝကတော့ အခုဆရာတော်ထက် အများကြီး အဖြစ်ဆိုးပါတယ်။ သူတို့တွေကို သံခြေကျင်းတွေ ခတ်ပြီး ရဲဘက်စခန်းတွေ အလုပ်ကြမ်းဌာနတွေကို ပို့လိုက်တယ်။ အဲသည်နေရာဒေသတွေမှာ ငှက်ဖျားတို့ ဘာတို့ရှိတော့ အသက်ရှင်လျက် ပြန်လာရဖို့ လမ်းမရှိဘူး။

အဲသည်အချိန်တွေတုံးကတော့ ရဟန်းတွေကို ထောင်ချမယ်၊ အလုပ်ကြမ်းစခန်းတွေ ပို့မယ်၊ ငတ်ပြတ်ပြီး သေကျေအောင် ပစ်ထားမယ်။ ကမ္ဘာကြီးကလည်း သိလိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု စက်တင်ဘာမှာကတော့ လမ်းပေါ်မှာတင်ကို တီဗီတွေ၊ မီဒီယာတွေရှေ့မှာ ရဟန်းတွေကို သတ်ပစ်လိုက်ကြတယ်။ ဒါဟာ ၉၀ ခုနှစ်တုံးကထက် အများကြီး ဆိုးဝါးတာ ဖြစ်တယ်။

အယ်လင် - ဆရာတော်ကို ပြန်လွှတ်လိုက်ပြီးနောက် ဘာဆက်ဖြစ်သလဲ။

၂၂ လ ထောင်ထဲမှာ သီတင်းသုံးပြီးနောက် ပြန်ထွက်လာတော့ မစိုးရိမ်ကျောင်းတိုက်ကို ပြန်ပြီး သင်္ကန်းပြန်ဝတ်ပြီး စာသင် စာချတဲ့ ကိုယ့်ရဟန်းအလုပ် ကိုယ်ပြန်လုပ်တာပေါ့။

၂၀၀၁ မှာတော့ အမေရိကကို ဧည့်သည်အဖြစ် လာရောက်ခဲ့တယ်။

၂၀၀၂ မှာ ဗုဒ္ဓ ဓမ္မမိတ်ဆွေများ အသင်းက ဖိတ်ကြားချက်နဲ့ ဒီမှာ သာသနာပြုတဲ့ အလုပ်တွေ ဆက်လုပ်တယ်။

၂၀၀၃ မှာ ဘုန်းကြီးကျောင်း ထူထောင်ဖြစ်ပြီး ဒီမှာပဲ သီတင်းသုံးဖြစ်တော့တယ်။

နှစ်တိုင်းတော့ မြန်မာပြည်ကို ပြန်ပါတယ်။ ဒါပေမယ့် အခု စက်တင်ဘာ ၂၀၀၇ နောက်ပိုင်းမှာတော့ ပြန်လို့ မရတော့ဘူး။ ပြန်ရင် ထောင်ထဲ ပြန်ရောက်မှာပဲ။

မာရီယာ - စက်တင်ဘာ ၂၀၀၇ မှာတုံးကလည်း တပည့်တော်တို့ ကြားရတဲ့ သတင်းတွေက သံဃာတော်တွေဟာ စစ်သားတွေဆီက ဆွမ်းကို လက်မခံဘူးလို့ ဆိုကြတယ်။ အဲဒီဆောင်ရွက်ချက်က ဘာ ထူးခြားပါသလဲ။

ရဟန်းတော်များဟာ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကြရတယ်။ အကယ်၍ တစုံတဦးက သာသနာကို စော်ကားဖို့ လုပ်တယ်ဆိုရင် သူတို့ကို လက်နက်နဲ့ ပြန်လည် တွန်းလှန်လို့ မရဘူး။ ဒါပေမယ့် သူတို့ကပ်တဲ့ ဆွမ်းကို ငြင်းပယ်လို့ရတယ်။ ဒါဟာ ဝိနည်းနဲ့ အညီဖြစ်တယ်။ တရားတော်ကို လိုက်နာတာ ဖြစ်တယ်။ ဒါဟာ သူပုန်ထတာ မဟုတ်ဘူး။ ဝိနည်းအတိုင်း ကျင့်သုံးတာ။

သပိတ်မှောက်ကံဆောင်တဲ့အမှုကို စတင်ဖို့အတွက် အပြစ်ကျုးလွန်တဲ့ သူရှိရတယ်။ ပြီးတော့ သပိတ်ကို ပြန်လှန်ဖို့အတွက်လည်း ကြိုတင်စည်းကမ်းတွေ သတ်မှတ်ထားတာ ရှိရတယ်။ ရဟန်းတွေကို စော်ကားသူဟာ သူရဲ့ အပြစ်ကို ဝန်ချတောင်းပန်ပြီး အပြစ်ကလွှတ်ဖို့ တောင်းပန်ရတယ်။ ဘယ်သူပဲဖြစ်ဖြစ် အပြစ်ကျုးလွန်တဲ့သူတိုင်းက တောင်းပန်ရတယ်။ ရိုးရာ ထုံးတမ်းအရ ဆိုထားတာက မိမိကိုယ်ကို ခေါင်းကနေ ခြေဖျားထိ ရေ ရွှဲအောင် ပြုပြီး မိသားစုဝင်တွေ အားလုံးဟာ ရဟန်းတွေရှေ့ကို ဦးတိုက်ပြီး - အတိတ်က ပြုမှားမိတဲ့အပြုအမူတွေကို ခွင့်လွှတ်ပါရန် တောင်းပန်ကြရတယ်။

အယ်လင် - ၁၉၉၀ တုန်းက သပိတ်က ပြန်လှန်ခဲ့ကြသလား

၁၉၉၁ မှာ ပြီးသွားတယ်။ သပိတ်မှောက်တုံးက မပါဝင်တဲ့ ဆရာတော်တွေက သပိတ်ကို ပြန်လှန်လိုက်ကြတယ်။ စစ်အစိုးရက သူတို့က သပိတ်လှန်လိုက်ဖို့ အမိန့်ပေးတယ်။ တကယ်တမ်း စည်းကမ်းအရဆိုရင်တော့ သပိတ်က မှောက်ထားဆဲပါပဲ။ စစ်အစိုးရက အဓမ္မနည်းနဲ့ သပိတ်ကို လှန်ခဲ့တာဖြစ်တယ်။

မာရီယာ - အရှင်ဘုရားမှာ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ ရဟန်းတော်အဖြစ် ရာဇဝင်နဲ့ပေါ့။ မိမိရဲ့ အသက်နဲ့ လုံခြုံရေးတွေကို စွန့်ပြီးတော့ ရပ်တည်ရဲစေတာက ဘယ်လိုမျိုး အကြောင်းအရင်းခံတွေကြောင့်ပါလဲ။

ရဟန်းတပါးဟာ ဗုဒ္ဓရဲ့ တရားအဆုံးအမအောက်က သားတော်တပါးဖြစ်တယ်။ သာသနာကို အစိုးရက ဖြစ်စေ၊ မည်သူတဦးဦးက ဖြစ်စေ စော်ကားလာရင် ဗုဒ္ဓက မှာထားတဲ့အတိုင်း ပြုကျင့်ရမယ်။ သပိတ်မှောက်တယ်ဆိုတာက တဦးဦးက သံဃာတော်တွေ မတရားအလုပ်ခံရရင် သူတို့တွေဆီက ဆွမ်းကို လက်မခံတော့တာပဲ ဖြစ်တယ်။ ဘုရားရှင်ကို စောင့်သိသော သားတော်ဖြစ်တဲ့ ဆရာတော်အနေနဲ့ ဘုရားရဲ့ တရားကို လိုက်နာတာဖြစ်တယ်။ ဒီထက်ပိုပြီး ထူးတာ မရှိပါဘူး။

မာရီယာ – သာသနာကို စော်ကားတဲ့၊ မြန်မာပြည်သူတွေကို ထိခိုက်စေတဲ့ အမှုတွေ ကျုးလွန်တဲ့ စစ်အစိုးရအပေါ်ကို အရှင်ဘုရား ဒေါသမထွက်ဘူးလား ဘုရား။ အရှင်ဘုရားရဲ့ ဓမ္မအကျင့်အကြံတွေနဲ့ ဘယ်လိုမျိုး တုန့်ပြန်ပါသလဲ ဘုရား။

သာမန်လူတွေလိုပဲ ဒေါသထွက်တဲ့အချိန်တွေ ရှိတာပေါ့။ ဒါပေမယ့် ဘုရားသားတော်တဦးအနေနဲ့ ဘုရားရှင် ညွှန်ပြခဲ့တာကို လိုက်နာရတယ်။ ဒါက ဘာလဲဆိုတော့ မေတ္တာ ပဲ။ ယခင်အတိတ်ဘဝက မကောင်းတဲ့ ကံကြောင့် အခုလို ဖြစ်ရတယ်။ ဒါကို ဒေါသထွက်တဲ့အခါ မေတ္တာပွားပြီးတော့ ချိုးနှိမ်ရတယ်။ ပြောချင်တာက ဆရာတော်တို့က ဒေါသစိတ် မဖြစ်ဘူးလို့ မဆိုလိုပါ။ သို့သော် ဒေါသစိတ် ဖြစ်ပေါ်တိုင်းမှာ မေတ္တာစိတ်ကို ထားပြီး ထိမ်းသိမ်းရတယ်လို့ ပြောချင်တာပါ။

အစကတော့ ငါဘာဖြစ်လို့ အခုလို ထောင်ကျရတာလဲ ဆိုတာကို ဖြေလို့ကို မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ ဘဝတလျောက်လုံး တရားစာတွေ သင်ကြားပို့ချပေးခဲ့တယ်၊ ဘုရားစေတီတွေ တည်ပေးခဲ့တယ်။ ကောင်းတဲ့ အမှုတွေချည်းကိုသာ ဆောင်ရွက်ခဲ့တာကိုး။ ဒါပေမယ့် ပြန်ပြီး စဉ်းစားလိုက်တော့ လူတွေဟာ သံသရာကြီးမှာ ကျင်လည်နေကြရတာကိုး။ ယခင်အတိတ်ကာလတခုမှာ ငါတို့တွေ မကောင်းမှုတွေ ကျုးလွန်ခဲ့တဲ့အတွက် အခုဘဝမှာ အဲဒီအကျိုးကို ခံစားနေရပြီ ဆိုတာပဲ။ ဒါကို သတိမပြုမိဘဲ ဒေါသတွေ ဖြစ်နေမယ့်အစား ကံ ကံ ရဲ့ အကျိုးကို နှလုံးသွင်းနေခဲ့တယ်။ ဒီလိုနဲ့ ဘဝကို ဆက်သွားရတယ်။ ဒီလို စိတ်ကို ထားနိုင်ခဲ့လို့ အကျဉ်းထောင်ထဲမှာ ၂၂ လ လုံးလုံး နေထိုင်နိုင်ခဲ့တယ်။ အဲသလိုမဟုတ်ခဲ့ရင် ဒေါသတွေ ပွားနေတာနဲ့ အသက်တောင် ရှင်လျက်နဲ့ ထွက်လာနိုင်မှာ မဟုတ်ဘူး။

အနှစ် ၅၀ လုံးလုံး တရားစာပေတွေကို သင်ကြား ပို့ချပေးခဲ့တယ်။ ငါ့ရဲ့ စာသင်သားဟောင်း ရဟန်းတွေ အသတ်ခံရတယ်၊ အလုပ်ကြမ်းစခန်းတွေ အပို့ခံရတယ် ကြားရတော့ ဒေါသတွေ ဖြစ်ရတယ်။ ဝေဒနာတွေ ဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေအားလုံးဟာ ငါတို့ရဲ့ သွေးသားရင်းတွေလို သဘောထားရလို့ပဲ။

အခုဆိုရင်လည်း မြန်မာပြည် ပြင်ပက ဒကာ၊ ဒကာမတွေ၊ အခုလို ဘီပီအက်ဖ်က လူတွေဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေတာကို မြင်ရ၊ ကြားရရုံနဲ့ စိတ်နှလုံးတွေ ထိခိုက်ညှိုးငယ်စွာနဲ့ ထိခိုက်ကြ၊ ဒေါသတွေ ဖြစ်ကြရတယ် ဆိုရင့်မြန်မာပြည်တွင်းက ရဟန်းသားတော် အချင်းချင်းမှာ ဘယ်လိုများ ခံစားကြရရှာလိမ့်မလဲ လို့ စဉ်းစားကြည့်ကြနိုင်ပါတယ်။ ဒေါသမထွက်ဘူးလို့တော့ ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူး။ အရေးကြီးတာကတော့ ဒေါသစိတ်ကို ဘယ်လို ထိမ်းသိမ်းပြီးတော့ ဘုရားရှင်ရဲ့ အဆုံးအမ အတိုင်း လိုက်နာကျင့်ကြံမလဲ ဆိုတာပါပဲ။

မာရီယာ – ဆန်ဖရန်တက္ကသိုလ်မှာ အရှင်ဘုရားပြောခဲ့တဲ့ မိန့်ခွန်းကို အလွန် သဘောကျမိပါတယ်။ ပညာရေးဟာ အလွန်အရေးကြီးတဲ့အကြောင်းကို ပြောသွားတာပါ။ မြန်မာပြည်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့အတွက် ပညာရေးဟာ ဘယ်လိုအခန်းကဏ္ဍက ရှိနေမလဲ လို့ ယူဆပါသလဲ။

ပညာရေးကို ဆရာတော်က နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်သူ ဖြစ်ပါတယ်။ ဘုရားရှင်က မိန့်ကြားခဲ့တယ်။
” သုဿုခါ ဆရာစကား နာခံ မှတ်သားသင်ယူလေ့ ရှိသူသည် သုတဝဒ္ဓနီ ဗဟုသုတ တိုးပွား၏၊ သုတံ ဗဟုသုတသည် ပညာယဝဒ္ဓနံ ဉာဏ်ပညာ တိုးပွားစေ၏၊ ပညာယ ဉာဏ်ပညာ တိုးပွားလာသဖြင့် အတ္ထံ အကြောင်းအကျိုး အကောင်းအဆိုးကို ဇာနာတိ သိ၏၊ ဉာတော အတ္ထော အသိဉာဏ် ပညာ ရှိသူသည် သုခါဝဟော မိမိချမ်းသာမှု၊ သူတပါးချမ်းသာမှု ကို ဆောင်ရွက်နိုင်၏ …. ” အဲဒီလို ဗုဒ္ဓကဟောပါတယ်၊၊

အကြင်သူသည် မလေ့ကျင့်လျင် အမှန်တရားကို မြင်လိမ့်မည် မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ပညာရဲ့ အရေးပါပုံကို သိရှိပါတယ်။ မြန်မာပြည်ဟာ ယခင်တုံးက ပညာရေးအဆင့် မြင့်မားခဲ့တယ်။ ဒါကို ရည်ရွယ်ချက် ရှိရှိနဲ့ စစ်အစိုးရက ဖျက်ဆီးပစ်ခဲ့တာ ဖြစ်တယ်။ ပညာမရှိတဲ့ လူတွေအပေါ်မှာ စစ်အစိုးရက လွယ်လွယ်ကူကူ ထိမ်းချုပ်ထားနိုင်မှာ ဖြစ်တယ်။

မြန်မာပြည်က အစိုးရက ပညာမရှိတဲ့အတွက် ရဟန်းတွေကို စပြီးတော့ ပစ်သတ်တာကို လုပ်တာ ဖြစ်တယ်။ ဒါက ပညာမရှိဘူး၊ ဗဟုသုတ မရှိဘူး ဆိုတာကို ပြနေတယ်။ ပညာရေးဆိုတာက ဒီမိကရေစီစနစ်ကို ကူးပြောင်းဖို့ လိုအပ်ရုံသာမက နေ့စဉ်ဘဝမှာလည်း ပြည့်ဝရင့်ကျက်နေဖို့အတွက်ပါ လိုအပ်ပါတယ်။

အယ်လင် – မြန်မာပြည်တွင်းမှာ ဘယ်လိုမျိုးနည်းနဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ်လို့ ထင်ပါသလဲ။

ယခုဆိုရင် ပြည်ပက ရဟန်းတွေဟာ ပြည်တွင်းက ရဟန်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ကူညီထောက်ပံ့နေကြပါတယ်။ သူတို့တွေဟာ အစိုးရအဆင့် လုပ်နေကြတာ မဟုတ်ပဲ အခြေခံလူထုကြားထဲက စပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဝိနည်းနဲ့အညီ ပြည်တွင်းက ရဟန်းတော်တွေဟာ သူတို့တတ်နိုင်တာကို လုပ်ကိုင်နေကြပါတယ်။ သာသနမောဠိ အဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်က သာသနာကို ရန်အပေါင်းက ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဘုရားနည်းလမ်းနဲ့အညီ ရယူနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးတခုလုံးကို သိကြားစေချင်တာကတော့ – ငါတို့က အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ငါတို့ကဲ့သို့ စာသင်စာချ သက်တမ်း နှစ် ၅၀ ရှိတဲ့ ဆရာတော်မျိုးတွေက အခုလို ဆောင်ရွက်နေတာဟာ အစိုးရက လူ့အခွင့်အရေးကိစ္စတွေကို ကျုးလွန်လာလို့ ဖြစ်ပါတယ်။ ရဟန်းတချို့ဆိုရင် စစ်အစိုးရဆီက ဆွမ်းကို လက်မခံလို့၊ လမ်းမပေါ်မှာ မေတ္တာသုတ်ရွတ်ဖတ် ချီတက်လို့ သေနတ်နဲ့ အပစ်ခံရတယ်။ ဒီလိုမျိုး ရဟန်းတွေ ဆောင်ရွက်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက လူတွေက သိချင်ကြတယ်။ ဘာဖြစ်လို့များ သာမန် အပြစ်မဲ့တဲ့ နိုင်ငံသားတဦး အနေနဲ့ သူလုပ်ပိုင်ခွင့် ရှိတာကို လုပ်ဆောင်နေတဲ့ ရဟန်းတွေကို စစ်အစိုးရက သတ်ဖြတ်ပစ်ရတာလဲ ဆိုပြီးတော့ သိချင်ကြတယ်။

စစ်အစိုးရက ပြောတယ်လေ။ အဲဒီ ရဟန်းတွေက အမေရိကန်က အကူအညီတွေ ရတယ်တဲ့။ ဒါ မဟုတ်ပါဘူး။ စစ်အစိုးရက ဓါးစာခံရှာနေတာ ဖြစ်ပါတယ်။ ငါတို့က အဖြစ်မှန်ကို အမှန်တရားကို လူတွေအားလုံး သိနားလည်သွားစေချင်တယ်။

အယ်လင် – သာသနမောဠိ အကြောင်း ရှင်းပြပေးပါ။

ဆရာတော်ဟာ အနှစ် ၅၀ လုံးလုံး စာဝါများ သင်ကြားပို့ချလာခဲ့တဲ့နေရာမှာ ဘယ်တုံးကမှ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတွေ မလုပ်ခဲ့ပါဘူး။ စက်တင်ဘာဖြစ်ပြီးတဲ့အခါမှာ ဆရာတော်ဟာ ယခင်ကလိုပဲ စာချည်းသာ သင်နေလို့ကတော့ မြန်မာပြည်ကြီးအတွက် မထူးခြားနိုင်ပါဘူးလို့ စဉ်းစားမိတယ်။ အဖွဲ့အစည်းအမည်ပေးဖို့အတွက် အားလုံးကို ဆရာတော် ၃ ရက်လုံးလုံး သေသေချာချာ စဉ်းစားတယ်။ နောက်ဆုံးတော့ သာသနာရဲ့ အထွဋ်အခေါင် မကိုဋ်သဘောအဖြစ် သာသနမောဠိလို့ ရလာတယ်။ ဒီလိုနဲ့ မြန်မာပြည်တွင်းသာမက နယ်စပ်က ရဟန်းတွေကိုပါ အကူအညီပေးနိုင်မယ်။ အခုဆိုရင် ဆရာတော် ၈၁ နှစ်ရှိပြီ။ ဆက်လက်ပြီး မသည်းခံနိုင်တော့ဘူး။ အခုအချိန်ကစပြီး တကမ္ဘာလုံးကို အသိပေးနိုင်ဖို့ အင်အားရှိတဲ့ အဖွဲ့အစည်း ထူထောင်ပြီးတော့ ပါဝင်ဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

မာရီယာ – အနာဂတ် မြန်မာပြည်ကို ဘယ်လိုမျိုး မြင်ထားပါသလဲ

ဆရာတော်အနေနဲ့ ယုံကြည်ထားတာကတော့ ဒီသံဃာသပိတ်သည် အောင်မြင်ရမယ်။ မြန်မာပြည် ဒီမိုကရေစီ အမြန်ဆုံး ရရမယ်။ ပြည်တွင်းက ရဟန်းသံဃာတွေရဲ့ သပိတ်မှောက်ကံဆောင်မှုဟာ ဆက်လက်တည်ရှိနေတယ်ဆိုတာ အမြဲတန်း သတိရနေရမယ်။ သူတို့က အတင်းအဓမ္မ အလှူလက်ခံခိုင်းတာကို ဘာမှ ပြောစရာမရှိပါဘူး။ အရေးကြီးတာက စိတ်ထဲမှာ ဒီသပိတ်မှောက် လှုပ်ရှားမှုဟာ ဆက်လက် ရှိနေရမယ်။ သူတို့မှာ သတ္တိနဲ့ စိတ်ဓာတ်အပြည့်သာ ရှိနေရင်၊ ဆက်ပြီး ချီတက်ဖို့ အမြင်ရှိနေရင်၊ ကမ္ဘာကြီးကလည်း ဆက်ပြီး ထောက်ခံနေရင်၊ မြန်မာပြည်မှာ မကြာမီအချိန်အတွင်း အလင်းပြန်ရကြလိမ့်မယ်။

အယ်လင် – မြန်မာပြည်အရေးနဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးနေဖို့် အမေရိကန်နဲ့တကွ အခြား ကမ္ဘာနိုင်ငံအသီးသီးအားလုံးအတွက် ဘယ်ဟာက အရေးကြီးဆုံးပါလဲ။

ရှိတဲ့နည်းပေါင်းစုံက ဝိုင်းကူညီကြပါလို့ အတိုဆုံး အဖြေပေးရမှာ ဖြစ်တယ်။ အရေးပါဆုံးကတော့ ၂ ချက်ပဲ ရှိပါတယ်။ ပထမဦးဆုံးက စိတ်ဓာတ်ပိုင်းအရ အားပေးနေဖို့ ဖြစ်ပါတယ်။ ပြည်တွင်းက ရဟန်းတွေဟာ အရေးတော်ပုံကြီးအတွက် တိုက်ပွဲဝင်နေကြချိန်မှာ ရေရှည်ခံနိုင်ဖို့ သတ္တိ လိုအပ်တယ်။ ဒုတိယအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ ဖြစ်ပါတယ်။ ငွေကြေး အထောက်အပံ့တွေလည်း သူတို့မှာ လိုအပ်နေပါတယ်။ ဘာပဲ ဖြစ်ဖြစ် လိုအပ်နေပါတယ်။

ပြီးတော့ ဖိအားတွေ ဆက်ပေးနေဖို့ ဖြစ်တယ်။ အရေးကြီးပါတယ်။ အခုချိန်မှာ ဆရာတော်ဟာ သက်တော် ၈၁ ရှိနေပြီ။ အခုဆိုရင် သည်တိုင်းပြည်အနှံကို လှည့်လည်ပြီး တရားဟောပြောနေတယ်။ အင်တာဗျူး အမေးအဖြေတွေ ပြုလုပ်နေတယ်။ အကယ်၍သာ တကမ္ဘာလုံးက ပြည်သူတွေအားလုံးကသာ စိတ်ဓာတ်ပိုင်းအရကော၊ ရုပ်ပိုင်းဆိုင်ရာကပါ ၂ ဖက်စလုံးကနေ အကူအညီတွေ ပေးနေကြမယ်သာဆိုရင် သိပ်မကြာပါဘူး၊ လ အနည်းငယ်အတွင်းမှာ မြန်မာပြည်ကြီး အန္တရာယ်အားလုံးက လွတ်မြောက်ရမှာ ဖြစ်ပါတယ်။

(ဘာသာပြန်သူ စာကြွင်း – ဆရာတော်ကြီးဟာ ၂၀၀၇ ဒီဇင်ဘာမှာ အမေရိကန် အနောက်ခြမ်းမှာ သာသနမောဠိအဖွဲ့ချုပ်နဲ့ မြန်မာရဟန်းတော်များအရေး လှည့်လည် တရားဟောခဲ့ပါတယ်။ အလှူခံရသမျှ ၀တ္တုငွေကြေးတွေကို နီးစပ်ရာအဆက်အသွယ်များက တဆင့် ပြည်တွင်းနဲ့ နယ်စပ်က သံဃာတော်တွေကို ကူညီဖို့ စွန့်လွှတ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၈ မတ်လမှာ စစ်အစိုးရ အခြေခံဥပဒေကို ထောက်ခံကြလျင် ကံကြီးထိုက်ကြလိမ့်မယ်လို့ ဟောပြောခဲ့ပါတယ်။ ၂၀၀၈ ဧပြီလမှာတော့ နှလုံးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီးနဲ့ ရုပ်မြင်အင်တာဗျုး မှတ်တမ်းတခုဟာ ၂၀၀၇ စက်တင်ဘာ သံဃာသပိတ်ကို မှတ်တမ်းပြုထားတဲ့ ဥရောပက ရုပ်သံမှတ်တမ်းကား “Inside Burma” မှာ ထည့်သွင်းဖော်ပြနိုင်ခဲ့တာကို တွေ့ရပါတယ်။ )