Breaking News

မောင်စွမ်းရည် - ကွမ်းယာ၊ ဆေးလိပ်နှင့် ဗမာ့ယဉ်ကျေးမှု



မောင်စွမ်းရည် - ကွမ်းယာ၊ ဆေးလိပ်နှင့် ဗမာ့ယဉ်ကျေးမှု

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၀

ကွမ်းယာ၊ ဆေးလိပ် သုံးစွဲမှုကို မြန်မာ့ရိုးရာယဉ်ကျေးမှုလို့ တချို့က ခေါ်ကြတယ်။ ယဉ်ကျေးမှုလို့ တချို့က ခေါ်ကြတယ်။ ယဉ်ကျေးမှု မဟုတ်ပါ။ ‘ဓလေ့’ ပါ။ ရိုးရာဓလေ့ပါ။ ဒီနေ့ထိအောင် အလှူမင်္ဂလာအခမ်းအနား တွေမှာ ‘ကွမ်းဆေး လက်ဖက်’ ဆိုတာ ပါဝင်ခင်းကျင်းနေဆဲ ဓလေ့ဆိုးကြီး ဖြစ်ပါတယ်။

မြန်မာရာဇဝင်မှာ ‘ကွမ်းဆော်မင်း’ ဆိုတာ ဖတ်ဖူး၊ ကြားဖူးမှာပါ။ ‘ကွမ်းဆော်’ဆိုတာ ဘုရင်ကို ကွမ်းတော် ဆက်ရသူ မင်းမှုထမ်းပါ။ ‘ကွမ်းတောင်’ဆိုတာ အလှူမင်္ဂလာတွေမှာ အထူးကျွမ်းကျင်သူက အထူးပြုလုပ်ရတဲ့ မင်္ဂလာပစ္စည်းတမျိုးပါ။ ‘ကွမ်းတောင်ကိုင်’ ဆိုတာ အလှူမင်္ဂလာတွေမှာ ကွမ်းတောင်ကို ကိုင်ဆောင်ပြီး ရှင်လောင်းလှည့်ရာမှာ အပျိုတန်းရဲ့ရှေ့ဆုံးက လှမ်းချီခွင့်ရသူပါ။ ဆင့်ပွားအဓိပ္ပာယ်ကတော့ အများသိကြတဲ့ အတိုင်း ‘အပျိုချော’တဲ့။ ကွမ်းဓလေ့က အဲသလောက်ကြီးပါတယ်။

ဆေးလိပ်ကတော့ ဗမာပြည်မှာ ပြောင်းဖူးဖက်ဆေးလိပ်၊ ကွမ်းသီးဖက်ဆေးလိပ်၊ သနပ်ဖက်ဆေးလိပ် တဲ့။ နောက်ဆုံးပေါ်တာက စက္ကူဖက်ဆေးလိပ်၊ စီးကရက်ပေါ့။ ကျွန်တော်တို့ရဲ့ မိဘများခေတ်က ‘ပိုလို’လို့ ခေါ်တယ်။ ‘ဘိုကေ’ ကို ‘ကော့စမစ်တိတ်’တိုက်၊ ‘ရှူး၊ ဖိနပ်စီး’၊ ‘ပိုလိုစီးကရက်’ခဲနိုင်တဲ့ ကာလသားမှ စတိုင်ကျတာဆိုကိုး။ ကျေးလက် တို့ဗမာအိမ်များမှာ ဆေးဗန်းနဲ့ချပြီး ဧည့်ခံတာကလား။ ဗန်းငယ်ထဲမှာ ပြောင်းဖူးဖက်၊ ဆေးရိုးမှုန့်၊ ဆေးရွက်ခြောက်မှုန့်၊ ချည်မြိတ် (ရက်ကန်းစင်က ချည်မျှင်တွေပါတဲ့ ဖြတ်စ၊ ဆေးလိပ်ချည်ဖို့၊ စည်းဖို့)တို့ကို အစုံအလင် ထည့်ပြီးထားတဲ့ ဆေးလိပ်ဗန်း ဖြစ်ပါတယ်။

လက်ဖက် ဆိုတာ ပုဂံကျောက်စာတွေထဲမှာ ‘လ္ဘံ’လို့ ရေးသတဲ့။ ‘လ္ဘံစား ကျေအေး’ ဆိုတာ ရန်ဖြစ်သူနှစ်ဦးတို့ လက်ဖက်အတူစားတာကို ခေါ်တာပါ။ သဘောက ‘ကျေအေး’တဲ့သဘောပါ။

အလှူမင်္ဂလာ ဖိတ်ရင် ရှေးက ဖိတ်စာမပို့ဘူး။ ‘လက်ဖက်ထုပ်ချ’တယ်ဆိုတာ ဖိတ်စာပို့တာ။ လက်ဖက်ထုပ် ပို့ပြီး ဖိတ်ရတာပါ။ လက်ဖက်က မိတ်ဆွေဖြစ်သဘော၊ ရန်ပြေ မာန်ပြေ သဘောဆောင်ပါတယ်။ လက်ဖက်စို၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်အဖန်၊ လက်ဖက်ရည်အချို၊ အခါး ဆိုတဲ့ စကားတွေကို ကြည့်ရင် လက်ဖက်ရဲ့ ကဏ္ဍကလည်း အလွန်ကျယ်ပြန့်လာတာကို တွေ့ရမှာပါ။ ‘လက်ဖက်တွန်’ ဆိုတာ ဗမာစကားပဲ။ ကြားဖူးမလား။ မန္တလေးမှာ လက်ဖက်စို၊ လက်ဖက်ခြောက် ပွဲရုံကြီးတွေ ရှိတယ်။ လက်ဖက်စိုကို ဝါးခြင်းအကြီးကြီးထဲမှာ ဝါးဖတ်ဖက်တွေ ခင်းပြီး ထည့်ထားတဲ့ တောင်းကြီးကို ‘လက်ဖက်တွန်’ ခေါ်ပါတယ်။

‘ဆေး’ ဆိုတာက ဆေးရွက်နဲ့ ဆေးရိုး နှစ်မျိုး ပါဝင်ပါတယ်။ ဆေးရွက်လို ခြေပြီး ဆေးရိုးနဲ့အတူ ဆေးလိပ်ထဲမှာ ထည့်ပြီး လိပ်တာရှိသလို ဆေးရွက်နဲ့လည်း ဆေးလိပ်လိပ်ပါတယ်။ ဆေးပြင်းလိပ် ဆိုတာ ဆေးရွက်တွေချည်း လိပ်ထားတဲ့ ဆေးလိပ်ပါ။ ကုလားပြည်က လိပ်တဲ့ ဆေးလိပ်တွေ ထင်ပါတယ်။ ဆေးပြင်းလိပ် သောက်တဲ့လူက ပိုပြီးအသက်တိုလွယ်တာပေါ့။ အညာမှာ ဆေးရိုး ဆေးရွက်ကို ကုန်းဆေး၊ ကျွန်းဆေးလို့ နှစ်မျိုး ခွဲပြီး ခေါ်ပါတယ်။ မြင်းခြံ အရှေ့ဘက် မြစ်မနီး၊ ချောင်းဝေးတဲ့ ဒေသတွေမှာ ဆေးပင်ကို ပျိုးကတည်းက ရေဖျန်းပြီး ပျိုးရပါတယ်။ ပျိုးပင်ကို ယာခင်းထဲမှာ တန်းဆွဲပြီး စိုက်တဲ့အခါ ရှားသားနဲ့လုပ်တဲ့ ဆူးနဲ့ မြေကြီးထဲမှာ လက်လေးသစ်လောက် နက်တဲ့ ကွင်းကလေးတွေ လုပ်ပြီး ရေလောင်း စိုက်ရပါတယ်။ အဲဒါ ‘ကုန်းဆေး’ ခေါ်ပါတယ်။

‘ကျွန်းဆေး’ ဆိုတာက ဧရာဝတီမြစ်လယ်၊ မြစ်ဘေးက မြေနုကျွန်းတွေမှာ စိုက်တဲ့ ဆေးရွက်ကြီးပင်တွေကို ခေါ်တာပါ။ ကျွန်းဆေးထက် ကုန်းဆေးက ပိုပြီး ပြီးတယ်လို့ ဆိုပါတယ်။ ဆေးရွက်ကို စိုက်ရ၊ ပျိုးရ၊ ခူးရ၊ လှမ်းရ၊ ပုတ်ထဲကို သိပ်ရတာ အလွန့်အလွန် လက်ဝင်ပါတယ်။ စိတ်ရှည်ရပါတယ်။ ဆေးရွက်စိုကို နေလှန်းဖို့အတွက် ဆေးရွက်ကျောရိုးကို ချိန်ဆပြီး တင်းပုတ်နဲ့ ထုရပါသေးတယ်။ နေလှန်းရင် လေမလွင့်အောင် မြောင်းရိုးတို့၊ ကိုင်းတံ ခေါ်တဲ့ သစ်ကိုင်းရှည်ကလေးများ ဖိပြီး လှန်းရပါတယ်။ လေကျ မိုးကျရင် အရိပ်အခြည်ကြည့်ပြီး လူအင်အားနဲ့ အမြန်ရုပ်သိမ်းရပါတယ်။ မကြေအောင် ရေဖျန်းပြီး၊ နူးနပ်နေမှ ရုပ်ရတာပါ။ ဆေးရွက်ခြောက်တွေကို ‘ပို’လို့ခေါ်တဲ့ ရင်ခေါင်းလောက် မြင့်၊ တလံလောက် ကျယ်တဲ့ ပုတ်ကြီးတွေထဲကို ထည့်ရတဲ့အခါ ရေနဲ့ နှူးနှပ်ပြီးမှ ဆေးရွက်ပေးသူ၊ ယူသူ ပုတ်ထဲမှာ စနစ်တကျ ခင်းကျင်း စီစဉ်ပြီး သိပ်ထည့်ရတသူ လူအင်အား လိုပါတယ်။ လူအင်အားကလည်း ကျွမ်းကျင်သူ လူအင်အားပါ။ အမြန်ပြီးချင်သူ၊ စိတ်မရှည်သူတွေနဲ့ မဖြစ်ပါ။ ဆေးရွက်ကိစ္စကို ပျိုးတာ၊ စိုက်တာက စ၊ ခူးပြီး နေလှန်း၊ ပုတ်ထဲ သိပ်တာအထိ စ ဆုံး လုပ်ဖူးအောင်လို့ အဖေက လူငှားတွေနဲ့ တွဲပြီး ကျွန်တော့်ကို လုပ်ခိုင်းပါတယ်။ ဆေးပုတ်ကြီးတွေဟာ ငွေစုဘူးကြီးတွေနဲ့ တူပါတယ်။ ကျောင်းစရိတ်လိုမှ ချရောင်းပါတယ်။

အညာမှာ ဆေးရွက်ကြီး စိုက်တာကလွဲပြီး ကွမ်းရွက်နဲ့ လက်ဖက် စိုက်တာ မရှိပါ။ လက်ဖက်ကတော့ ရှမ်းပြည်ထွက်ပစ္စည်းပါ။ ဒါပေမဲ့ ၂၀၁၅ က ရွာပြန်တော့ ရွာမှာ ကျွန်တော့်တူ၊ ကွမ်းစားတဲ့ကောင်က ကွမ်းရွက်ကို ခြံစိုက်ပြီး စားတဲ့အပြင် ဈေးကွက်ထဲကိုပါ ဝင်အောင် လုပ်နေပါသတဲ့။ ကွမ်းပင်ကို ရန်ကုန်မှာ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ခြံထဲမှာ မြင်ဖူးခဲ့ပါတယ်။ သူတို့ခြံထဲက အထွက်မှာ ကွမ်းရွက် တရွက်၊ နှစ်ရွက်နဲ့ စောင်းလျားသီး တလုံး၊ နှစ်လုံး၊ သရက်သီး တလုံး၊ နှစ်လုံး (ရာသီလိုက်ပေါ့)။ ကုသိုလ်ယူလေ့ရှိ ပါတယ်။ ချစ်ချစ်ကြီးက တောင်းရင် မပေးဘူး၊ ခိုးစားမှာပေါ့လို့ ပြောရင် ‘နားရင်းအုပ်မှာပေါ့’တဲ့။ ဒါပေမဲ့ ငတက်ပြားတို့၊ စောရသက်ပြင်းတို့ ဖက်ကြီးကြီးလာတဲ့ သူခိုးတွေကို မိအောင် မဖမ်းနိုင်ရှာပါဘူး။

ကြုံတုန်း ကွမ်းသွေး(ကွမ်းတံတွေး) ကိစ္စလေးတစ်ခု ပြောပြလိုက်ချင်ပါတယ်။ ဗမာ့ဂုဏ်ရောင် မှောင်ခဲ့တဲ့ အတွေ့အကြုံလေးပါ။ အမေရိကမှာပါ။ ဝါရှင်တန်ကနေ ချီကာဂိုကို သွားနေတဲ့ ကားလမ်းမကြီးပေါ်မှာပါ။ တို့ဗမာတွေ ပါလာတဲ့ ကား သုံး လေးစီး ရှေ့ နောက် တန်းစီပြေးနေပါတယ်။ ရှေ့ဆုံးကားက နောက်ကား တွေနဲ့ တော်တော်ဝေးပါတယ်။ အဲဒီကားပေါ်ကနေပြီး ရှေ့ခန်းက တို့ဗမာနှစ်ဦးက ဝဲ ယာ နှစ်ဖက်ကို ကွမ်းသွေးတွေ ရဲခနဲ ရဲခနဲ ထွေးချခဲ့ပါတယ်။ တခါတရံ ခွက်ထဲ၊ ပုလင်းထဲကနေ မှောက်သွန်ချပါတယ်။ အဲဒါကို နောက်က လိုက်လာတဲ့ ရဲကားက သွေးတွေ ဖိတ်စဉ်ကျတယ် ထင်မှတ်ပြီး အထိတ်တလန့်နဲ့ လိုက်တာပါ။ နောက်တော့ ကားကို မီလာပြီး ဗမာကားရှေ့က ပိတ်ရပ်လိုက်ပါတယ်။ အတန်ကြာ ရှင်းယူရပါတယ်။ ရဲတွေ တော်တော်လည်း ဒေါသထွက်ပုံရပါတယ်။ ဒီလောက် အောက်တန်းကျပြီး ညစ်ပတ်တာ တွေ့ဖူးပုံမရပါဘူး။ နောင်အခါ ဒီလိုလုပ်တာ တွေ့ရင် ဖမ်းဆီး ထောင်ချမယ်လို့ သတိပေးလိုက်ပါတယ်။ ဗမာတွေရဲ့ လိပ်စာကို မေးပြီး ဖို့တ်ဝိန်းမြို့ကလို့ သိရတဲ့အခါ ဖုန်းဆက်ထားပြီး မြို့ထဲက ဗမာတွေ လမ်းပေါ်မှာ ကွမ်းသွေးထွေးရင် ဖမ်းဆီး ထောင်ချဖို့လည်း အကြောင်းကြားသတဲ့။ အဲဒါ နိုင်ငံခြားရောက် တို့ဗမာများရဲ့ ဂုဏ်ရောင်ပြောင်တဲ့ သတင်းပါပဲ။ ဂျပန်၊ ထိုင်း၊ စင်ကာပူတို့မှာလည်း ဒီပြဿနာ ရှိသတဲ့။ စင်ကာပူမှာ ဗမာကွမ်းယာဆိုင် ရှိတယ်ဆိုပဲ။

အမေရိကမှာ ကုလားတွေက ကွမ်း၊ ကွမ်းသီး ရောင်းချပါတယ်။ ဗမာပြည်မှာ ကွမ်းဆိုင်တွေ ပိတ်ဖို့၊ ကွမ်းသီး စိုက်ပျိုးထုတ်လုပ်မှု ပိတ်ပင်ဖို့အထိ လုပ်ကြရပါတယ်။ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုအတွက်ပါ ပတ်သက်ပါတယ်။ တို့ဗမာတွေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ပြုပြင်ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ကြပါစေ။

မောင်စွမ်းရည်
၂၀ မတ် ၂၀၂၀