Breaking News

ဒေါက်တာသိန်းလွင် - မိမိ အကျဉ်းချုပ်


ဒေါက်တာသိန်းလွင် - မိမိ အကျဉ်းချုပ်

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ (၄)
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၀

သူငယ်ချင်းများနှင့် ကျနော်၏ စာများကို ဖတ်ရှုအား​ပေးကြသော မိတ်ဆွေများခင်ဗျား

စိတ်ဝင်တစား ဖတ်ရှုကြသည်ကိုလည်းကောင်း၊ ဝေဖန်အကြံပြုချက်များကိုလည်းကောင်း၊ ထပ်ဆင့်ဖြန့်ဝေပေးကြသည်ကိုလည်းကောင်း ကျေးဇူးတင်ရှိပါသည်။ ဆက်လက်ရေးသားရန် အားပေးကြသည့်အတွက်လည်း အားတက်ပါသည်။

ဆက်လက်ရေးသားမည့် အကြောင်းအရာများကို စဉ်းစား ချင့်ချိန်လျှက်ရှိပါသည်။ ကျနော့်စာများကြောင့် တစုံတယောက် ထိခိုက်နာကျင် ဖြစ်မှာကိုလည်း စိုးရိမ်ပါသည်။

ကျနော်၏ ဖြတ်သန်းမှု အကျဉ်းချုပ်ကို အလျင်ပြောပြထားချင်ပါသည်။ ၁၉၇၉ ကျနော် မြစ်ဝကျွန်းပေါ်ဒေသကို ပြန်ရောက်ပြီး မကြာခင် ၁၉၈၀ ခုနှစ်တွင် နိုင်ငံရေးဆိုင်ရာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထိုစဉ်က အစိုးရက ကြေညာခဲ့ပါသည်။ ကျောင်းသားလှုပ်ရှားမှုများတွင် အတူတကွ ပါဝင်ခဲ့ကြသည့် သူငယ်ချင်းများ ထောင်မှပြန်လွတ်လာကြပါသည်။ သူငယ်ချင်းများလွတ်ပြီး မကြာခင် ၁၉၈၂ တွင် ကျနော် အဖမ်းခံရပါသည်။ ထောင် ၂ နှစ် ကျပါသည်။

အင်းစိန်ထောင် ၅-တိုက် တွင် နေရစဉ်က ကျနော်နှင့် သုံးလေးလခန့် အတူနေခဲ့ရသည့် တရုတ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ ရွှီချန်ဆွင်းအကြောင်း ရေးသားခဲ့ဖူးပါသည်။ ကျနော်၏ Facebook တစ်နေရာတွင် ရှိပါသည်။ ထောင်တွင်း အတွေ့အကြုံများမှာ အခြားသူများ ရေးသားကြသည့် အကြောင်းအရာများနှင့် ဆင်တူ အဖြစ်အပျက်များဖြစ်၍ ရေးရန်မလိုဟု ယူဆပါသည်။

၁၉၈၄ ထောင်မှလွတ်ပြီး တက္ကသိုလ် စာပေးစာယူသင်တန်းတက်ခွင့်ရပါသည်။ ရူပဗေဒဘာသာရပ်ကို ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ပြီး မဟာသိပ္ပံ တက်ခွင့်ရပါသည်။ မဟာတန်းတက်ပြီး မကြာခင် ၁၉၈၈ တွင် ဒီမိုကရေစီ အရေးအခင်းများဖြစ်ပွါးခဲ့ပြီး ကျောင်းများပိတ်သွားပါသည်။ ၈၈ အရေးအခင်းတွင်ပါဝင်ခဲ့ပါသည်။

NLD စတင် ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့တွင် တာဝန်ပေးခံရပါသည်။ ပဲခူးတိုင်း ၂၈ မြို့နယ်သို့ သွားရောက်ပြီး မြို့နယ် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပါသည်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ပေးအပ်သည့် မဟာမိတ်ပါတီများနှင့် ဆက်သွယ်ရေးတာဝန်ကိုလည်း ယူခဲ့ပါသည်။ မကြာခင်ရက်ပိုင်းက Chair NLD Page မှ ဒေါ်အောင်ဆန်းစုကြည်က NLD ဖွဲ့စည်းစက သမိုင်းကြောင်းကို အကျဉ်းမျှ ပြောသွားပါသည်။ အသေးစိပ်အဖြစ်အပျက်များ ပြောရန် ကျန်နေပါသည်။

NLD ဖွဲ့စည်းကာစက အဖြစ်အပျက်များကို ကျနော်ပါဝင်သည့် ရှုဒေါင့်မှ ရေးသားလိုပါသည်။ သို့ရာတွင် အဓိပ္ပါယ်ကောက်ယူမှု လွဲမှားနိုင်သဖြင့် ဤအကြောင်းအရာများကို နောင်တစ်ချိန်မှသာ ရေးသားပါမည်။

၁၉၉၃ တွင် ကျနော်၏ ငယ်သူငယ်ချင်း ကိုသိန်းဝင်း (ဒေါက်တာသိန်းဝင်း၊ ဂျာမဏီ) က ခေါ်သဖြင့် ကျနော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ ဥရောပနိုင်ငံ တစ်ခုသို့ ပထမအကြိမ် ရောက်စဉ်က ထိရှခဲ့သော အဖြစ်အပျက်များကို မိတ်ဆွေ သူငယ်ချင်းများကို ပြောပြချင်ပါသည်။

၁၉၉၅ တွင် ပညာသင်ဆုရပြီး အင်္ဂလန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်တွင် ပညာသင်ခွင့်ရခဲ့ပါသည်။ ပညာရေးမူဝါဒနှင့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး ဘာသာရပ်များကို ၆ နှစ် သင်ယူပြီး ပညာရေးဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိခဲ့ပါသည်။ နိုင်ငံခြား တက္ကသိုလ်တွင် ပညာဆည်းပူးရသည့် အတွေ့အကြုံ အချို့ကိုလည်း လူငယ်များကို ပြောပြချင်ပါသည်။

၂၀၀၀ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိပြီး ထိုင်း-မြန်မာ နယ်စပ် ပညာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့မျာ၏ ပညာရေးလုပ်ငန်းများ၊ အတွေ့အကြုံများကိုလည်း ပြည်မမှ မိတ်ဆွေများ သိရှိရန် ပြောပြလိုပါသည်။

၂၀၁၂ မှစ၍ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ခဲ့သည့် အကြောင်းအရာ များမှာ မီဒီယာများတွင် ဖေါ်ပြပြီးဖြစ်၍ အထူးပြောပြစရာ လိုတော့မည် မထင်ပါ။

ကျနော်အချိန်အားရသည့် အခါများနှင့် အကြောင်းအရာတိုက်ဆိုင်၍ ပြန်ပေါ်လာသည့် ကျနော်၏ စိတ်တွင် စွဲထင်နေသော အဖြစ်အပျက်များကို အလျင်းသင့်သလို ရေးသားဖေါ်ပြပါမည်။

ဒေါက်တာသိန်းလွင်
၂၀၂၀ ဩဂုတ်လ ၁၈ ရက်။