Breaking News

မြတ်လှိုင်း - အမည်းရောင်တောင်ကြီးတစ်ဖက် အိပ်မက်ပျောက်ဆုံးသွားခြင်း

 အမည်းရောင်တောင်ကြီးတစ်ဖက် 

အိပ်မက်ပျောက်ဆုံးသွားခြင်း

မြတ်လှိုင်း

(မိုးမခ) သြဂုတ် ၁၀၊ ၂၀၂၀

(၁)

အို..၊လူသွားလမ်းပလက်ဖောင်းပေါ်မှာမိန်းမငယ်လေးတစ်ယောက်ငုတ်တုတ်လေးထိုင်နေပါလား။ သူ့ရှေ့ကဗန်းလေးထဲမှာစပယ်ပန်းတွေငိုနေတယ်။ မိန်းမငယ်လေးရဲ့မျက်ဝန်းထဲကစီးကျနေတာသောကတွေ။ မိုးကတော့ အဆက်မပြတ်ရွာချနေလေရဲ့။

(၂)

ကျွန်တော်အိပ်မက်မက်ခဲ့ဖူးသလား။ အခုကျွန်တော်ပြန်တွေးကြည့်နေမိတယ်။ အသိစိတ်ထဲမှာအရောင်မျိုးစုံရိုးတိုးရိပ်တိတ်ဖြတ်သန်းသွားတယ်။ ဖျတ်ခနဲဖြတ်သန်းသွားတဲ့အရောင်တွေကိုလိုက်ငေးကြည့်နေမိတယ်။ အရင်တုန်းကဆိုရင်ဖြတ်သန်းပျံသွားတဲ့အရောင်တွေနောက် အပြေးလိုက်ကြည့်မိမယ်ထင်တယ်။ ဟုတ်မှာပါ။ ကျွန်တော်ပြေးလိုက်ခဲ့ဖူးတယ်။ မကြာခဏလဲကျခဲ့ဖူးတယ်။ ပြေးခဲ့တယ်။ ပြေးခဲ့ဖူးတယ်။

အချိန်တွေတဖြေးဖြေးကြာတော့ ကျွန်တော်မောလာပြီ။ အသက်အရွယ်တွေအရ မောလာခဲ့တယ်။ ရာသီတွေကနောက်မှာကျန်ခဲ့တယ်။ ကျွန်တော့်ရှေ့ကိုရောက်လာတာက’ဇရာ’။ ဒါကအေရးမကြီးပါဘူး။ တဖြေး ဖြေး လမ်းလျှောက်ပြီး လိုက်ငေးနေတုန်းပေါ့။ စိတ်ထဲမှာဖြတ်သန်းပျံသွားတဲ့အရောင်တွေထဲမှာအိပ်မက်ရှိနေလား။ ကျွန်တော်သေချာသိနေတယ်။ အိပ်မက်တွေရှိခဲ့ဖူးတယ်။ အိပ်မက်ရဲ့အော်သံကိုပြန်ကြားနေတယ်လေ။ ကြောက်လန့်ပြီးအော်ခဲ့တဲ့အော်သံလား။ ရောက်လိုစိတ်စောပြီး အော်ခဲ့တဲ့အော်သံလား။ အိပ်ပျော်နေတဲ့စိတ်တစ်ခုကိုနိုးလိုက်တဲ့အော်သံလား။ အော်သံကိုကြားနေရတယ်။

အတိတ်တွေကပြန်ရှင်သန်နေတယ်။ မေမ့ခြင်းကအတည်ပြုပေးလိုက်ကြတယ်။ အရောင်တွေနောက်ပြေးလိုက်နေတဲ့ရာသီအိုတွေ။ လမ်းလျှောက်လိုက်နေတဲ့ခြေရာဟောင်းတွေ။ စိတ်ထဲမှာဖြတ်သန်းပြေးလွှားနေတဲ့ရိုးတိုးရိပ်တိတ်အရောင်တွေ။ အိပ်မက်မျှော်လင့်ချက်စာရွက်တစ်ရွက်။ သစ်ရွက်တွေလိုကြွေကျသွား။မိုးစက်တွေလိုကျဆင်းလာ။ နှင်းတွေလိုဝေခဲ့။ အတိတ်ရာသီတွေတစ်ရွက်ပြီးတစ်ရွက်နဲ့။ အခုအချိန်မှာတော့ ဝှီးလ်ချဲလေးကလိုက်ငေးကြည့်နေရဲ့။

(၃)

အမည်းရောင်အိမ်အိုကြီးထဲကျွန်တော်ရောက်ခဲ့ဖူးတယ်။အိမ်ထဲမှာအလင်းရောင်မရှိ။ဝင်ပေါက်တံခါးတစ်ပေါက်ပဲရှိတာကိုဝင်လာကတည်းကသတိထားမိတယ်။အိမ်အိုကြီးရဲ့အဝင်တံခါးပေါက်ကိုပြန်ပိတ်လိုက်တဲ့အခါ၊အားလုံးကအမှောင်။ဒီအေမှာင်အိမ်အိုကြီးထဲမှာစမ်းတဝါးဝါးနဲ့။နံရံတွေကိုလက်နဲ့စမ်းကြည့်ပြီးရှေ့ဆက်သွားနေခဲ့တယ်။တစ်နေရာရာမှာတော့ပြတင်းတံခါးပေါက်ရှိလိမ့်မယ်အထင်နဲ့။မမြင်မစမ်းနဲ့လျှောက်သွားနေရင်း၊သတိတစ်ခုစိတ်ထဲကိုရောက်လာတယ်။”အမှောင်ကိုမြင်အောင်ကြည့်”တဲ့။

စိတ်ထဲကအမှောင်ကိုကြည့်လိုက်တယ်။ တဖြေးဖြေးနဲ့အရာဝတ္ထုတွေကိုမြင်လာတယ်။ နံရံတွေပေါ်ကစီးကျနေတဲ့သွေးစက်တွေ။ နံရံအတွင်းဘက်ကနာကျင်ကြေကွဲသံတွေ။ ဖျတ်ခနဲထပျံသွားတဲ့လင်းနို့တွေ။ ကျွန်တော်ရှေ့ဆက်လျှောက်ခဲ့တယ်။ အမှောင်ထဲမှာကြွေကျသွားတဲ့ကြယ်ပွင့်။ ဖျတ်ခနဲကြယ်ပွင့်တွေကြွေကျသွားတဲ့အလင်းရောင်အောက်မှာမြင်လိုက်ရတာက လူဦးခေါင်းခွံတွေ။ ဒီလူဦးခေါင်းခွံတွေထဲကိုကြွေကျသွားတဲ့ကြယ်တွေဝင်ရောက်ပျောက်ကွယ်သွားတယ်။ အိမ်အိုကြီးထဲမှာပြန်မှောင်မည်းသွားတယ်။ အမှောင်ထဲကနာကျည်းသံတွေကြားလိုက်ရတယ်။ အမှောင်ထဲကဘဝတွေပိုမှောင်နေပြီ။ အနာဂတ်လမ်းဟာအမှောင်ထဲမှာ။ ကျွန်တော့်လိုပဲ အမှောင်ထဲမှာစမ်းတဝါးဝါးနဲ့။ အမှောင်ထဲကဘဝတွေမျိုးဆက်ပွားနေကြတယ်။

ဒီအမှောင်ခန်းထဲမှာမထင်မှတ်ပဲကျွန်တော့်အိပ်မက်ကိုတွေ့လိုက်ရတယ်။ကျွန်တော့်လိုပဲအမှောင်ထဲကအိပ်မက်တွေထလာကြတယ်။ လန့်နိုးသွားကြတာလား။ အမှောင်ထဲမှာ ထနိုင်ဖို့အရှိန်ယူခဲ့ကြတာလား။ ဒါပေမယ့် အိပ်မက်ခြေထောက်တွေဒယီးဒယိုင်နဲ့။ အမှောင်ကိုအန်တုနေကြတယ်။ နံရံတွေကိုခေါင်းနဲ့တိုက်ပြီးဖွင့်နေကြတယ်။ တွေ့ပြီ။ ကျွန်တော်ရှာနေတဲ့အိပ်မက်ကိုတွေ့ပြီ။ ကျွန်တော်ဝမ်းသာသွားပြီးလန့်နိုးလာတဲ့အိပ်မက်တွေကို လှမ်းကြည့်လိုက်တယ်။ ’ဟာ’၊ ကျွန်တော်အလန့်တကြားဖြစ်သွားရ။ နိုးထလာတဲ့အိပ်မက်တွေပြိုလဲကျနေတယ်။ ပြိုလဲကျနေတဲ့အိပ်မက်တွေကို တွေတွေဝေဝေငေးကြည့်နေမိတယ်။ ကျွန်တော်သတိရလိုက်တာက။ ကျွန်တော့်အိပ်မက်လဲပြိုလဲကျသွားတာကို။ အမှောင်ထဲမှာမမျှော်လင့်ပဲပြန်ရှာတွေ့ခဲ့တဲ့ ကျွန်တော့်အပ်မက်ပြန်ပျောက်သွားပြီ။

(၄)

ကျွန်တော်အခန်းကျဉ်းလေးထဲရောက်နေပြန်ပြီ။ ဒီအခန်းကျဉ်းလေးကသံတိုင်တွေကြားမှာ။ ကျွန်တော်ဒီအခန်းကျဉ်းလေးထဲကိုဘယ်လိုရောက်လာတာလဲ။ မသိဘူး။ ဘာကိုမှတွေးလို့မရ။ ဘာမှမတွေးတော့ပဲစိတ်ကိုသံမံတလင်းပေါ်ပစ်ချလိုက်တယ်။ ကျွန်တော်သတိထားမိတာကကျွန်တော်လက်ထဲမှာမီးညှိထားခံလိုက်ရတဲ့ဆေးပေါ့လိပ်တိုလေးပေါ့။ ဘာကိုမှမတွေးတော့ပဲဆေးပေါလိပ်တိုလေးကိုတရှိုက်မက်မက်ဖွာရှိုက်လိုက်တယ်။ ’ဟား..တော်တော်အရသာရှိတာပဲ” လို့ရေရွတ်လိုက်ပြီ။

အထီးကျန်ရသကိုတစိမ့်စိမ့်ခံစားလိုက်တယ်။ ကျွန်တော်နဲ့ဒီအထီးကျန်ရသက မစိမ်းပါဘူး။ ဒီအရသာကိုကျွန်တော်နှစ်ခြိုက်ခဲ့တယ်။ ကျွန်တော်ကငြိမ်သက်ခြင်းတွေစီးဝင်နေတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွန်တော့်ခြေထောက်တွေက အငြိမ်မနေဘူး။ အဲဒီလိုပဲ။ ကျွန်တော်ဘဝကလည်း ငြိမ်သက်မနေဘူး။လှုပ်ရှားနေတယ်။ မတည်ငြိမ်တဲ့အြပင်ဘယ်အရာမှမတည်မြဲဘူး။ လမ်းတွေမှာလမ်းတွေလျှောက်ခဲ့တယ်။ လမ်းတွေလျှောက်ရင်းလမ်းတွေပျောက်ခဲ့ရတယ်။ လမ်းကြမ်းကြီးတွေကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတယ်။ ဒီလမ်းကိုလျှောက်နေတာ ဘယ်အချိန်မှာရပ်သွားမလဲဆိုတာ ကျွန်တော့်စိတ်ထဲကကြိုသိနေတတ်တယ်။

လမ်းကိုလျှောက်လာပြီးအရှိန်ရေနတုန်းခြေထောက်တွေလိမ်ကောက်သွားတတ်တယ်။ အဆင်မပြေမှုတွေဖြစ်ပေါ်လာနေပြီဆိုရင်ကြိုသိလိုက်တယ်။သတိထားနေတာတောင်မသိလိုက်တဲ့အချိန်မှာရုတ်တရက်လဲကျသွားတယ်။ အခုလိုပေါ့။ ဒီအခန်းကျဉ်းလေးထဲကိုဘယ်လိုရောက်လာမှန်းမသိလိုက်သလိုပေါ့။ သိလိုက်တဲ့အချိန်မှာစိတ်တွေငြိမ်သက်သွားပြီ။ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုဖြစ်ပေါ်လာတဲ့အတိုင်းလက်ခံလိုက်တယ်။ တစ်ချိန်ချိန်မှာတော့ငြိမ်သက်နေတဲ့ပင်လယ်ကြီးကို စွန့်ခွာသွားရမယ်လေ။

(၅)

ကျွန်တော့်ဟာကျွန်တော်ဖြစ်ကြောင်းပြန်သိလိုက်ရတဲ့အချိန်မှာရောင်စုံပန်းခင်းကြီးထဲရောက်နေခဲ့တယ်။ သေသေချာချာကြည့်လိုက်တော့။ ပန်းခင်းကြီးထဲကလမ်းတွေရှုပ်ထွေးနေတယ်။ ဒီပန်းခင်းကြီးထဲကိုလျှောက်ကြည့်လိုက်သေးတယ်။ သိပ်မကြာလိုက်ပါဘူး။ ပန်းခင်းကြီးကိုကျောခိုင်းလိုက်ပြီးသစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်နေလိုက်တယ်။ ပန်းခင်းကြီးကိုအဝေးကလှမ်းကြည့်လိုက်တော့ ဝရုန်းသုဉ်းကားဖြစ်နေတယ်။ ပန်းတွေတစ်ပွင့်ပြီးတစ်ပွင့်ခူးပန်ထားတဲ့အရူးတစ်ယောက်လဲတွေ့လိုက်ရတယ်။ ဒါလည်းဘာမှမဆန်းပါဘူး။ ပွင့်နေတဲ့ပန်းတွေလည်းအကုန်ရူးနေကြတာပဲ။ လောဘရူးတွေ၊ မောဟရူးတွေ၊ တဏှာရူးတွေ၊ အာဏာရူးတွေ။

ထူးဆန်းတာကပန်းခင်းကြီးနောက်မှာအနက်ရောင်တောင်ကြီးတစ်ခုရှိနေတာပဲ။ အနက်ရောင်တောင်ကြီးပေါ်မှာ အစိမ်းရောင်ပိုးကောင်တွေရှိနေတယ်။ ဒီအမည်းရောင်တောင်ကြီးတစ်ဖက်မှာတော့…။

ပန်းခင်းထဲကပန်းတွေကအမည်းရောင်တောင်ကြီးအောက်ဝင်နိုင်ဖို့အလုအယက်ကြိုးပမ်းနေကြတယ်။ ကျွန်တော်တွေးနေမိတာက ဒီလိုအယုအယက်ကြိုးပမ်းနေတဲ့တွေဟာ ဒီအမည်းရောင်တောင်ကြီးတစ်ဖက်ကိုကျော်ဖြတ်နိုင်ဖို့ထက်၊ အမည်းရောင်တောင်ကြီးအောက်ရောက်ဖို့၊ အမည်းရောင်တောင်အရိပ်ကိုခိုနိုင်ဖို့။ပြောင်းလဲရမည်တို့အစစ်အမှန်ပြောင်းလဲရေးတို့အော်ဟစ်နေကြတယ်။ အမည်းရောင်တောင်ကြီးကလည်းကျော်ဖြတ်ဖို့အလွန်ခက်ခဲတယ်လေ။ ဝင်္ကဘာတွေ၊ မာယာတွေ၊ ကောက်ကျစ်ယုတ်မာမှုတွေနဲ့စည်းအတန် တန်ချထားတယ်။ အမည်းရောင်တောင်အရိပ်မှာခိုဝင်နေတဲ့မာယာရှင်ကြီးကိုဝန်းရံနေကြတယ်။ ဒါကိုမာယာရှင်ကြီးကဘဝင်မြင့်ပြီးကခုန်နေတယ်။အမည်းရောင်ကြီးအောက်ဆက်ခိုဝင်နိုင်ဖို့”မဲပေးပါ” လို့အသနားခံနေသံထဲမှာယာမာနဲ့လှည့်ဖျားသံတွေပါနေတယ်။

အမည်းရောင်တောင်ကြီးနောက်မှာတော့စေတန်ကြီးက တဟားဟားနဲ့ရီနေသံကြားနေရတယ်။

(၆)

အမည်းရောင်တောင်ကြီးအနားကပန်းဥယျဉ်အနားမှာတော့။

အို.. လူသွားလမ်းပလက်ဖောင်းပေါ်မှာမိန်းမငယ်လေးတစ်ယောက်ငုတ်တုတ်လေးထိုင်နေပါလား။ သူ့ရှေ့ကဗန်းလေးထဲမှာစပယ်ပန်းတွေငိုနေတယ်။ မိန်းမငယ်လေးရဲ့မျက်ဝန်းထဲကစီးကျနေတာသောကတွေ။ မိုးကတော့အဆက်မပြတ်ရွာချနေလေရဲ့။

ဒီမိန်းမငယ်လေးဆီကိုဒုက္ခိတအဖိုးအိုတစ်ယောက်ရောက်လာတာတွေ့ရတယ်။ ဒုက္ခိတအဖိုးအိုကမိန်းမငယ်လေးကိုအဝတ်စုတ်တစ်ခုနဲ့မိုးကာပေးလိုက်တယ်။ ဘဝတစ်ခုကိုတော့မလုံခြုံနိုင်ဘူးလေ။ အဖိုးအိုရော၊မိန်းမငယ်လေးရောမျက်ဝန်းနှစ်ခုမှာတော့မိုးရာသီခိုဝင်နေလေရဲ့။

ကျွန်တော့်အိပ်မက်လည်းပျောက်ဆုံးသွားပြီ။

မြတ်လှိုင်း