Breaking News

မြတ်ဆုမွန် ( ချစ်ပါးလုံး) - ပြည်တွင်းဖြစ်ကို အားပေးပါ

 

ပြည်တွင်းဖြစ်ကို အားပေးပါ

မြတ်ဆုမွန် ( ချစ်ပါးလုံး)

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၂၀

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျမအမျိုးသားရဲ့ အကျႌဂုတ်(ကုတ်)က အတော်လေး မဲနေတာနဲ့ အဝတ်လျော်စက်မှာ အပူရှိန်ပြင်းပြင်း ဆပ်ပြာမှုန့် ပြင်းပြင်းနဲ့ လျော်တယ် အဆင်မပြေဘူး။ ကျမအမျိုးသားက တခုခု ပြဿနာဖြစ်ရင် သူ့အမေမဟုတ် အဖေဆီက အကြံဉာဏ်တောင်းလေ့ရှိတယ်။ လူကြီးဆိုတာက အတွေ့အကြုံစုံတယ်ဟုတ်။ သူ့အမေဆီဖုန်းဆက်တော့ ဟိုလိုလျော်ကြည့် ဒီလိုလျှော်ကြည့် ဆိုတယ်။ မရဘူး လုပ်ကြည့်ပြီးပြီဆိုတော့ အေး ငါလည်းမတတ်နိုင်တော့ဘူး လွင့်ပစ်လိုက်တဲ့။

မြန်မာပြည်ပြန်တော့ ဒီကဝတ်သွားတဲ့ ခြေအိတ်အဖြူက မဲတူးလို့ ဖုန်တထောင်းထောင်းမဟုတ်လား။ ဒါနဲ့ ဒီခြေအိတ်တော့ လွင့်ပစ်ရမယ်လို့ တွေးတုန်း အိမ်မှာ အကျႌလာလျော်နေကျ အန်တီက ယူသွားတယ်။

သူကအေးအေးဆေးဆေး အကျႌတွေ မနက်ခင်း ရေစိမ်ထားပြီး၊ နေ့လည်မှာရွှေဝါဆပ်ပြာနဲ့တိုက်ထည့်လိုက်တာ ခြေအိတ်က သူ့အရောင်မှန် ပြန်ထွက်လာလေရဲ့။ ဒါနဲ့ ကိုလည်း မြန်မာပြည်က မပြန်ခင် ရွှေဝါဆပ်ပြာကို ဆယ်တောင့်သွားဝယ်လာလိုက်တယ်။

အဲ့ဒီအကျိုးက ဘာလဲဆိုတော့ မြန်မာပြည်က ပြန်လာပြီးနောက်ပိုင်း မာထေးဒါ မူကြိုစတက်ရတယ်။ ဆောင်းတွင်းဆို ဆောင်းတွင်းဝတ်စုံနဲ့ဆိုတော့ အဝတ်အစားက ဝတ်စုံကလွဲကျန်တာ ပုံမှန်လျော်ရုံပဲ။ ပြဿနာကနွေရာသီဆို အပြင်မှာပဲ ဖုန်တွေသဲတွေနဲ့ဆော့ကြရတယ်။ 

ကျောင်းသွားတုန်းကတော့ အကျော့ပဲ၊ ပြန်လာတာနဲ့ အကျႌက လက်နှီးစုတ်နဲ့ နင်လားငါလား အဖြူလား ပန်းရောင်လား မသဲကွဲဘူး မဲတူးလို့။ ဆိုတော့ စက်ထဲဘယ်လောက်ထည့်ထည့် အကျႌက အမဲပဲ၊ ရေသေချာစိမ် လေးနာရီလောက်လျော်လည်း အကျႌက အမဲပဲ။ ရွှေဝါဆပ်ပြာသာ ပါမလာရင် အကျႌတွေ တခါဝတ်လွှင့်ပစ်ရမှာသေချာတယ်။ စျေးလည်းမကြီး ဥပါဒ်လည်းမဖြစ် နေရာတိုင်းရတဲ့ဆပ်ပြာ ရွှေဝါမှမဟုတ်ဘူ။း မြန်မာပြည်က ဆပ်ပြာတုံးတွေ အကုန်ကောင်းတယ်။

နောက်တခုက မာထေးဒါဗိုက်နဲ့တုန်းက ကလေး လေနာ ပါမှာ ကြောက်ခဲ့တယ်။ လူကြီးလည်း ပင်ပန်း။ ကလေးလည်း သနားဖို့ကောင်းမယ်ဆိုတော့ အသိအစ်မတယောက်က ...အိုအေ မဟာဖြေဆေး စားလတ်စမ်းပါ၊ အေးဆေး... ဆိုတာနဲ့ မာထေးဒါဗိုက်ထဲက မဟာဖြေဆေး စားတာ၊ ကလေးထွက်လာတော့ လေနာမပါဘူး။ အဲ့လိုစားရင်း မဟာဖြေဆေးရဲ့ ကြီးမားတဲ့စွမ်းပကားတချို့ကိုပါ တွေ့လိုက်ရတယ်။ 

ဘာလဲဆိုတော့ ..အရင် နံနံပင်စားလည်းအကြောတက် ခေါင်းကိုက်၊ ကြောင်လျာသီး ဒညင်းသီး ဘာဆိုဘာမှစားမရတာ.. ဟော အခုကျ အဲ့လိုစားထားတဲ့ နေ့များဆို ရေနွေးလေးနဲ့ မဟာဖြေဆေး သောက်ထားလိုက်တယ်။ အကြောလည်းမတက် ဝမ်းလည်းမှန်လာတယ်။ ကျမအမျိုးသားက ပီဇာ စားပြီးရင် သူအိမ်သာခဏခဏတက် ဗိုက်အောင့်လေ့ရှိတယ်။ ဒါကသူမှမဟုတ်ဘူး.. တော်တော်များများပါ ဆိုတော့ ကျမက မဟာဖြေဆေးစားခိုင်းတော့ သူမစားချင်ဘူး။ သို့သော် တဖြည်းဖြည်း မဟာဖြေဆေးရဲ့စွမ်းပကားကို သူပိုသိလာတယ်။ 

အဲလိုသဘောပေါက်လာတဲ့အဆုံး သူ့ကားထဲလည်း မဟာဖြေဆေး၊ သူ့အလုပ်စားပွဲမှာလည်း မဟာဖြေဆေး၊ အိမ်မှာဆို ဧည့်ခန်း မီးဖိုဆောင် အိပ်ခန်းထဲ မဟာဖြေဆေးအလွယ်တကူယူစားလို့ရအောင် ထားမိတယ်။ သူ့ကိုလည်း စားပါတိုက်တွန်းစရာမလိုတော့ဘူး။ သူ့ဟာသူကို စားတာ။ 

မြန်မာပြည်က ပစ္စည်းတွေကောင်းကြောင်းဆက်ရေးရရင်ကုန်မယ်မထင်ဘူး ဆိုတော့ ဒီနားခဏရပ်မယ်။ ပြောချင်တာက နိုင်ငံခြားက လာတိုင်း ကောင်းတာမဟုတ်ပါဘူး။ ကောင်းရင်တောင် ပြည်တွင်းဖြစ်ကို မမီတာ အများကြီးပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကျမ Coop Prix မှာအလုပ်လုပ်တယ်။ Coop Prix ဆိုတာက မြန်မာပြည်မှာလိုဆို City Mart လိုမျိုးပေါ့။ 

ပုံမှန်က အသားပြားတို့ ကြက်ဥတို့အပိုင်းမှာ လုပ်ရတယ်။ မနက်ခင်းဆို မီးဖိုဆောင်က ဆလပ်ပိုင်းတာဝန်ယူရတယ်။ အဲ့နေ့ကတော့ အသီးပိုင်းက အဒေါ်တယောက် အကူညီလိုတာနဲ့ သွားကူရင်းဘာတွေ့လည်းဆိုတော့ နော်ဝေအဖွားကြီးက စပိန်ကလာတဲ့ ပန်းသီး လှပေ့ညွှန့်ပေ့ဆိုတာကို ရွေးနေတယ်။ ရွေးရင်းက သူ့မျက်စိထဲ မအောင်တောင်ပွ လိန်ဖယ်လိန်ဖယ်နဲ့ နော်ဝေပန်းသီးကို မြင်လေရဲ့။ 

တကယ်တော့ စျေးလည်း ပိုပေါမနေဘူး။ တခါတလေ စျေးပိုကြီးတယ်။ သူက သူယူနေတဲ့ စပိန်ကလာတဲ့ ပန်းသီးအကုန်လုံး အိတ်ထဲက ပြန်ထုတ်ပြီး ကျမကိုမေးတယ်။ ဒါနော်ဝေသီးလားတဲ့ ... ဟုတ်တယ်ဆိုတော့ သူနော်ဝေသီးတွေ ယူသွားလေရဲ့။ ကိုယ့်စိတ်ထဲတွေးမိတာတော့ နော်ဝေတွေအမျိုးချစ်ချက်က လက်လန်တယ်။  ဒီပန်းသီးအစုတ်ကိုများဆိုပြီး ဒီလောက်ပဲတွေးမိတယ်။ ( အတွေးအခေါ် အင်မတန်တိမ်စဉ်က) 

အဲ့နောက်ပိုင်း ဆိုင်မှာ တွေ့နေရတာက နော်ဝေအသီးအနှံက ဆောင်းဆိုစိုက်မရတဲ့တွက် နွေမှရတယ်။ နွေရတဲ့အချိန်မှာ တခြားဘာအသီးအနှံကောင်းကောင်း နော်ဝေသီးကိုသာ ရွေးဝယ်ကြတယ်။ တခါလည်း အင်တာနက်မှာ Wish ဆိုတဲ့ တရုတ်ဝက်ဆိုဒ်တခုက နင့်ပစ္စည်းတွေ စျေးကြီးပေးဝယ်တာရပ်လိုက်ပါ။ ငါတို့ဆီ နင်ပေးနေတဲ့စျေးထက်သက်သာပါတယ် ဆိုပြီး သူ့ App ကိုကြော်ငြာထားတယ်။

ဒီမှာ ကောင်မလေးတယောက်က ဘာကွန်းမန့်ထားလည်းဆိုတော့ .. နင့်ပစ္စည်း ဘယ်လောက်ကောင်းကောင်း ဘယ်လောက်စျေးသက်သာပါစေ၊ မဝယ်ဘူးတဲ့။ တအားရောင်းချင်ရင် ပြည်တွင်းမှာအခွန်ဆောင်ပြီး လာရောင်းပါလို့ဆိုတယ်။ အဲ့ဒီမှာတခါ တွေးရပြန်တယ်။ အဲ့အတွေးတွေက ရပ်မသွားဘူး။ ကျမ ခေါင်းထဲက မေ့မသွားဘူး။

ဒီလိုနဲ့  နှစ်နှစိကျော်လောက်မှာ ကျမ ကောလိပ်စတက်ခဲ့တယ်။ ကျောင်းမှာမဖြစ်မနေသင်ကိုသင်ရတဲ့ ဘာသာ ရပ်ထဲမှာ ဘာပါလဲဆိုတော့ တိုင်းပြည်တည်ဆောက်ပုံ အခွန်စနစ် ဘာလို့ ပြည်တွင်းမှာပဲစျေးဝယ်သင့်တယ်ဆိုတာတွေ အသေးစိတ် ပါလာတယ်။ နော်ဝေမှာစာသင်တယ်ဆိုတာ မကျက်ရပါဘူး။ ( ကျောင်းစာသင်စနစ်ကို နောက်မှ ရေးမယ်စိတ်ကူးထားပါတယ်) စာများများဖတ်ရပါတယ်၊ တွေးရပါတယ်၊ ဆွေးနွေးရပါတယ်၊ အဲ့ဒါတွေကပဲ အစတည်းက စာဖတ်ရင်းတစိမ့်စိမ့်တွေးတတ်တဲ့ကျမအတွက် ပိုပြီး ထရိန်နင်ရစေ ပိုပြီ းစာတွေရှာဖတ်ဖို့ ဖြစ်လာစေတယ်ထင်ပါတယ်။

ဆိုတော့ အခုနက အကြောင်းကို ဆက်မယ်။ ပြည်တွင်းဖြစ်ကိုဘာလို့ အားပေးခိုင်းလဲဆိုတော့ ဥပမာ အခုနကပြောတဲ့ ရွှေဝါဆပ်ပြာ သူ့ကိုသုံးခြင်းဖြင့်... နံပတ်တစ် အဲ့ဒီဆပ်ပြာစက်ရုံမှာလုပ်နေတဲ့သူတွေ အလုပ်ရမယ်။ သူတို့ပုံမှန်အလုပ်ရှိတဲ့တွက် သူတို့မှာ သားသမီးရှိမယ် မိဘရှိမယ်။ မိဘကိုလည်းပြန်ကြည့်နိုင်မယ် သားသမီးလည်း ကျောင်းထားနိုင်မယ်။ ( လစာလောက်မယ်မလောက်ဘူးက နောက်ကြုံလျှင် ဆွေးနွေးမည်။ စာတပုဒ် ရေးလျှင်ရေးမည် ယခု အကြမ်းသာပြောခြင်းဖြစ်သည်) 

ပြည်တွင်းက လူတွေ အလုပ်ရှိတဲ့တွက် ချိတ်ဆက်နေတဲ့လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ပိုအဆင်ပြေလာမယ်။ နောက်အလုပ်ရှင် လူတွေက ပြည်တွင်းဖြစ် ကိုအားပေးလာတဲ့တွက် သူအလုပ်သမားပိုခန့်လာရမယ်။ အလုပ်လက်မဲ့လျော့ပါးလာရမယ်။ စားဝတ်နေရေး ချောင်လည်လာမယ်။ သူချောင်လည်လာတာနဲ့ တခြားသူတွဆီက ပြန်ဝယ်လာနိုင်မယ်။ ပြည်တွင်းကပိုက်ဆံအပြင်မထွက်တော့ဘူး။ ဒါကပြည်သူ့အပိုင်း။

အစိုးရပိုင်းမှာ အလုပ်ရှင်ဆီက အခွန်ရမယ်။ အဲ့အခွန်နဲ့ တိုင်းပြည်တည်ဆောက်ရာမှာအသုံးပြုနိုင်မယ်။ အဲ့အခွန်ကနေ ကျောင်းတွေမှာ ဆေးရုံတွေမှာ တခြားတခြားသောနေရာတွေမှာပြန်သုံးနိုင်မယ်။ ( အခွန်က ကိုယ့်အိတ်ထဲမထည့်တဲ့အစိုးရဆိုရင် ပိုထိရောက်တာပေါ့) 

ကျမရေးသလောက်မဟုတ်ပဲ ဆက်ပြီး တွေးကြည့်ပါ။ ကျေနပ်စရာအဖြေတခု ရလာမှာပါ။ ဆိုတော့ကာ ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် ကြည့်လိုက်ရင်တော့ အသေးအဖွဲပဲ။ လိုလို့ ဝယ်သုံးလိုက်တာပဲ။ သို့သော် ပြည်တွင်းဖြစ်သုံးခြင်းရဲ့ရလဒ်ကကြီးတယ်။ အင်မတန်စပ်ဆပ်နေပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်ခြင်းမှာ အင်မတန် အရေးပါပါတယ်။

ပြည်တွင်းမှာ အခုနောက်ပိုင်း ပြည်တွင်းဖြစ်ကို ကွာလတီကောင်းဖို့ စေတနာအပြည့်နဲ့ ကြိုးစားလာကြတာတွေ အများကြီးတွေ့ရတဲ့အတွက်လည်း အရမ်းကိုဝမ်းသာဂုဏ်ယူမိတယ်။

ချည်ထည်လေးတွေ ဒီဇိုင်းဆန်းဆန်းနဲ့ စျေးသက်သက်သာသာချုပ်လာတာဟာလည်း ဝမ်းသာစရာပဲ။ ကျမ မြန်မာပြည်ကို အင်မတန်ချစ်တယ်။ မြန်မာပြည်ကြီးတိုးတက်ကြီးပွားပြီး ပြည်သူတွေ အဆင်ပြေနေတာသာ မြင်ချင်မိတယ်။ ဒါကျမရဲ့မှန်သောစကား။

ဆက်ပြောရရင် နွေဆို ကျမတို့တမိသားစုလုံး မြန်မာပြည်က ချည်ထည် ကိုဝယ်ဝတ်တယ်။ တ်တယ် ချည်ထည်ဟာ စျေးသိပ်မရှိပါဘူး။ ချည်ထည် သုံးသိန်းလေးဖိုးလောက်ဝယ်ရင် ပို့ခက လေးသိန်းငါးသိန်းပါ။ သို့သော် ကျမကျေနပ်တယ်။ ကျမဝယ်လိုက်တဲ့တွက် အလုပ်ရှင် အလုပ်သမားအဆင်ပြေတယ်။ နောက်ဆုံးစာတိုက်ကလူတွေ အလုပ်ရတယ်။ ဒါကျမကူညီနိုင်တဲ့နည်းလမ်း။

နောက် နော်ဝေမှာနေတဲ့တွက် နော်ဝေအခွန်ကိုဆောင်သလို အခုနက အဘွားကြီးလိုပဲ အသီးအနှံအပင်ဆို နော်ဝေကထွက်တာကို ပိုဦးစားပေးသုံးတယ်။ တခါ ကျမ ချယ်ရီပင် စိုက်မယ်ဆိုပြီး ဆိုင်မှာသွားဝယ်တော့ ချယ်ရီပင်က စျေးနှစ်မျိုး။ တမျိုးက ရှစ်ရာ။ တမျိုးက ငါးရာ။ ဒါနဲ့ ဆိုင်ရှင်ကို ဘာကွာသလဲ ဆိုတော့ စျေးကြီးတဲ့အပင်က နော်ဝေမှာ ဖောက်တဲ့အပင်ဖြစ်ပြီး စျေးသက်သာတာကတော့ စပိန်ကပါတဲ့။ ကွာလတီမပူပါနဲ့ အတူတူပါပဲတဲ့။ နော်ဝေမှာက သိတဲ့အတိုင်းအခွန်ဆောင်ရတာများလွန်းလို့ပါတဲ့။

ဆိုတော့ ကျမ နော်ဝေပင်ယူလာတယ်။ စျေးကြီးတယ်မှန်တယ်။ သို့သော် သူအခွန်ကောင်းကောင်းဆောင်ထားတယ် အဲ့အခွန်ကနေ ကျမတို့မိသားစု ကျန်းမာ​ရေးအလကား ကုရတယ်။ ကျမတို့မိသားစု ပညာရေး ကောင်း ကောင်း အလကားသင်ရတယ်။ ဒီတွက် ကျေနပ်ဖို့ ကောင်းတယ်လို့ ကျမမြင်တယ်။ 

နိုင်ငံခြားပစ္စည်းဆိုတာ ကောင်းတာလည်း ရှိပါမယ် ဆိုးတာလည်း ရှိပါမယ်။ သို့သော် နိုင်ငံခြားပစ္စည်းမှန်သမျှ မကောင်းနိုင်ပါဘူး။ အမေရိကားက ထုတ်တာလို့ ပြောတာနဲ့ မြန်မာပြည်က လူတွေမျက်လုံးဟာ အရောင်တောက်လာပြီး လိုချင်တယ်သုံးချင်တယ်။ အဲ့စိတ်ကို ကျမကိုယ်တိုင်ဖြစ်ဖူးပါတယ်။ အဲ့လို နိုင်ငံခြားကပါဆိုပြီး အကြောင်းပြပြီးထုတ်တဲ့ ဂျင်းတွေလည်းရှိတယ်ဆိုတာ မမေ့ပါနဲ့။

ပြည်တွင်းမှာ အခုနောက်ပိုင်း ကွာလတီကောင်းဖို့ဖြစ်စေ စျေးနှုန်းသက်သာဖို့ဖြစ်စေ အင်မတန်ကို ကြိုးစားလာကြတာတွေ့ရပါတယ်။ အဲ့ဒါအန်မတန်မှဂုဏ်ယူစရာပါ။ ကျမအိမ်မှာတော့ ပြည်တွင်းဖြစ် ပစ္စည်းများပါတယ်။

ကျမ ဖိနပ်တွေကို ချစ်ပါတယ်။ ဖိနပ်ဆို သရေဖိနပ်ကအစ ဒေါက်ဖိနပ်အဆုံး အကုန်ချစ်တာပါ။ ပြီးခဲ့တဲ့အခေါက် မြန်မာပြည်ပြန်တော့ ရွှေတိဂုံဘုရားနားက စျေးဝယ်စင်တာတခုမှာ ပြည်တွင်းဖြစ် ဖိနပ်ဆိုင်တဆိုင်ကိုရောက်ခဲ့ပါတယ်။ ကျမအစ်မက ခေါ်သွားတာပါ။ ပြည်တွင်းစျေးနဲ့တွက်ရင်တော့ စျေးကြီးတယ်ခေါ်ရမယ်။ နော်ဝေစျေးနဲ့ဆို ပုံမှန်ထက်သက်သာပါတယ်။ ကျမ ဖိနပ်ခြောက်ရံဝယ်ခဲ့တယ်။ အဲ့ဒီထဲမှာ ဒေါက်ဖိနပ်တွေချည်းပါပဲ။ 

ဒေါက်ဖိနပ်ဆိုတာ တနေ့လုံးစီးထားဖို့ အဆင်မပြေဘူး။ အတော်နာတဲ့အမျိုးပါ။ သို့ပေသိ ပေးရတာနဲ့တန်အောင် အန်မတန် အိညက်ပြီး လုံးဝခြေထောက်မစား မနာပါဘူး။ သပ်ရပ်ပြီး အင်မတန်ကို လှပါတယ်။ ကွာလတီက ဒီနိုင်ငံကပစ္စည်းတွေနဲ့ အိပ်ပြီးတောင်ယှဉ်လို့ရပါတယ်။ ဒါမျိုးလေးတွေ ပြည်တွင်းမှာအများကြီးပါ။ 

ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် ကျမတို့ တိုင်းပြည်ကိုတည်ဆောက်ကြပါစို့။ ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် ကျမတို့ နောင်လာနောက်သား ကလေးတွေရဲ့ အနာဂတ်လှပဖို့ ကူညီကြပါစို့လို့ တိုက်တွန်းရင်း ဒီစာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ 

မြတ်ဆုမွန် ( ချစ်ပါးလုံး)

ခေတ္တနော်ဝေ 

(12.8.2020 - ဗုဒ္ဓဟူး) 

PS ဖုန်းနှင့်ရေးရသည့်အတွက် အမှားပါက ခွင့်လွတ်စေချင်ပါသည်။