Breaking News

အရှင်ခေမာစာရ - မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့ အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)

မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့ 

အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)

အရှင်ခေမာစာရ

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၀

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၁၃) နှစ်မြောက်အဖြစ် ထိုင်း-မြန်မာအခြေစိုက် မိုးကြိုးသတင်းစဉ်( မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်းအေဂျင်စီ ) တွင် ၂၀၀၃ ခုနှစ်ကအခန်းဆက်ဖော်ပြခဲ့သည့်  မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုနှင့် သံဃာတော်များအခန်းကဏ္ဍနှင့် စပ်လျဉ်း၍  အရှေ့တီမောလွတ်မြောက်ရေးခေါင်းဆောင် ၁၉၉၆- နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဟိုဆေးရာမို့စ်ဟော်တာ၏ ပြောဆိုချက်မှုကို ပြန် လည်ဆန်းစစ် ရေးသားခဲ့သည့် ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌ အရှင်ခေမာစာရ၏ ဆောင်းပါးကို မိုးမခမှ ပြန်လည်ဖော်ပြအပ်ပါသည်။

အရှင်ခေမာစာရသည်  ၈- လေးလုံးအရေးတော်ပုံကာလ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့ပြီး စစ်အာ ဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေဒေသသို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီး တိုင် အကြွင်းမဲ့ချုပ်ငြိမ်းရေးအတွင် အခြားသောဒီမိုကရေစီရေးဘက်တော်သားများနှင့်အတူ တက်ကြွစာ လက်တွဲဆောင်ရွက်ခဲ့ကာ လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့်  "အမျိုးသားကောင်စီ" (NCUB) တွင်လည်း ရဟန်းပျိုသမဂ္ဂအနေဖြင့် ဗဟိုတွင်ဦးဆောင်ပါဝင်ခဲ့ပြီး   "ပြည်သူ့အံတုမှုကော်မတီ" (PDC)ကိုဦး ဆောင်ဖွဲ့စည်းခဲ့သူတဦးလည်း ဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် သီတင်းသုံးနေထိုင်တော်မူသည်။ 

မိုးမခ

၁၉၉၆ ခုနှစ်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ဟိုဆေးရာမို့(စ်)ဟော်တာသို့ အိတ်ဖွင့်ပေးစာမှ...

အရှင်ခေမာစာရ

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ

မြန်မာနိုင်ငံ

သို့

မစ္စတာ ဟိုဆေးရာမို့(စ်)ဟော်တာ

အရှေ့တီမော(လ်)နိုင်ငံ

နေ့စွဲ – ၁၃.၁၂.၂၀၀၂

ရည်ညွှန်း။ ။ …သတင်းထောက်တဦးနင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဒီမိုကရေစီကြိုးပမ်းကြရာတွင် ဗုဒ္ဓဘာသာသံဃာတော်များနှင့် သက်ဆိုင်သေပြောဆိုချက်။

လေးစားအပ်သော ဒါယကာတော် မစ္စတာဟိုဆေးရာမို့(စ်)ဟော်တာ …

မင်္ဂလာပါ၊၊ ကျန်းမာတယ်လို့ မျှော်လင့်တယ်။ ဒါယကာတော်နဲ့တကွ တီမော(လ်)ပြည်သူတွေ အားလုံး ကျန်းမာနိုင်စေရန် မေတ္တာပို့သလိုက်တယ်။ လွတ်လပ်သော တီမော(လ်)နိုင်ငံတော် အတွက်လည်း တီမော(လ်)ပြည်သူများနဲ့အတူ ဝမ်းမြောက်ကြောင်း ဖော်ပြလိုတယ်။

ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာမဟုတ်ဘူး။ အာဆီယံပြည်သူများရဲ့ အပြုသဘောဆက်ဆံရေးမူအရ စိတ်ဓာတ်နဲ့ ပြောဆိုတာဖြစ်တယ်။

အင်း…စာရေးရခြင်းအကြောင်းကတော့ အထက်ဖော်ပြပါအတိုင်း မြန်မာနိုင်ငံလွတ်မြောက်နယ် မြေမှာ ရိုက်နှိပ်ပြီး ၂၀၀၂ ခု၊ ဖေဖော်ဝါရီလမှာထုတ်ဝေတဲ့ အမှတ်(၂၈) “မိုးကြိုးသတင်းစဉ်” အချပ်ပို စာမျက်နှာ(၄)မှာ ဖော်ပြထားတဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီရေးကြိုးပမ်းမှုနဲ့ သံဃာ့အခန်းကဏ္ဍ”ကို ဖတ်ရှုရတော့ ဒီစာကိုရေးဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်။ “မိုးကြိုးသတင်းစဉ်”က ဖော်ပြ တာဟာ ဒါယကာတော်နှင့် (............) သတင်းထောက်တဦးတို့ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ဖော်ပြထားတယ်။ ဒါနဲ့ ပတ်သက်ပြီး ….

(၁) မြန်မာနိုင်ငံ ဒီမိုကရေစီရေးကြိုးပမ်းမှု

(၂) ၎င်းကြိုးပမ်းရာတွင် ဗုဒ္ဓဘာသာ သံဃာတော်များအခန်းကဏ္ဍဆိုပြီး အပိုင်း (၂) ပိုင်း တွေ့မြင်နိုင်ပါတယ်။

(၁) ကိုတော့ ယျေဘုယျသာ သုံးသပ်ပြသွားလိုပြီး၊ (၂)ကိုတော့ ဒီပေးစာမှာ အနည်းငယ် အကျယ်ချဲ့ ဖော်ပြဖို့ လိုအပ်လိမ့်မယ်လို့ထင်တယ်။ ဒီပေးစာရဲ့အဓိကရည်ရွယ်ချက်လည်း ဖြစ်နေလို့ပါပဲ။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးကြိုးပမ်းမှု ယေဘုယျအခြေအနေ

အဲဒီ (၁)မှာ ဒါယကာတော်ရဲ့ထင်မြင်ချက်အပေါ်မှာပဲ ပြန်ပြီးပြောပြချင်တယ်။ ဟုတ်တယ်၊ ၁၉၈၈ ခု နှစ်မတိုင်မီက မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အလွန်နိမ့်ကျသွားတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာ ဖပါဝင်ခဲ့ရတာရယ်၊ ဥပဒေမဲ့ အုပ်ချုပ်မအောက်မှာနေရတာရယ် ဒါတွေဟာ အဓိကအားဖြင့် မြန်မာ နိုင်ငံ ဒီမိုကရေစီလပ်ရှားမှုကို ပေါ်ပေါက်စေတာပါပဲ။ အင်ဒိုနီးရှားနဲ့ အာဏာရှင်စနစ်ကျင့်သုံးခြင်း တူကြပေမယ့် မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားထက် စီးပွားရေးနိမ့်ကျနေတယ်ဆိုတာအမှန်ပါပဲ။ ဒါကြောင့်မို့လို့ လူထုပေါက်ကွဲမဟာ အင်ဒိုနီးရှားထက် မြန်ခဲ့တယ်။

အင်ဒိုနီးရှားပြည်သူတွေဟာ အချိန်တိုတိုနဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်ခဲ့တယ်။

အချိန်တိုတိုနဲ့ ဒီမိုကရေစီရအောင်လုပ်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုဂယက်ကြောင့်ဆိုရင် မမှားပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ စစ်အာဏာရှင်တွေအုပ်ချုပ်ထားတဲ့ မြန်မာနိုင်ငံ အာဆီယံထဲဝင်ဖို့ကြိုးစားရာမှာ ယခင်အင်ဒိုနီးရှားသမ္မတ ဆူဟာဟိုဟာ အဓိကထောက်ခံသူထဲပါဝင်ခဲ့တယ်။ ဒီတော့ လက်မခံဖို့ တိုက်တွန်းနေသူတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ရင်ဆိုင်ခဲ့ရတယ်။ အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံကြတဲ့သူတွေ (မြန်မာနိုင်ငံဒီမိုကရေစီလပ်ရှားမှုကို ထောက်ခံသူတွေ) အဲဒီတုန်းက အင်ဒိုနီးရှားက ပြန်ထွက်သွားကြတော့ အင်ဒိုနီးရှားမှာ စီးပွားရေးကပ်ဆိုက်ခဲ့တာကို မှတ်မိကြလိမ့်မယ်လို့ ထင်တယ်။ ဒါနဲ့ပတ်သက်လို့ လူထုမကျေနပ်မတွေဖြစ်ပေါ်လာပြီး အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုတွေ ပြင်းပြင်းထန်ထန် တရစပ်ပေါ် ပေါက် လာတာတွေ့ရတယ်။ ဒါပေမဲ့ သမ္မတဆူဟာတိုအစိုးရကို ချီးကျူးစရာကောင်းတာက မြန်မာ နိုင်ငံ စစ်အစိုးရလို “လူနှစ်သန်းထက်မသတ်ရဘူး၊ ငြိမ်းသွားမှာပါ၊ ဓာတ်မီးတိုင်ပဲကျန်ရင်လည်း ဓာတ်မီးတိုင်ကို အုပ် ချုပ်မှာပဲ” ဆိုပြီး အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ခဲ့တာမရှိဘူး။ သူ့ဟာသူ အခြေ အနေမလှတော့ ဆင်းပေးခဲ့တယ်။ ပြည်သူလည်းမနာဘူး၊ နိုင်ငံလည်း မနာဘူး။

ဒီလို အင်ဒိုနီးရှားအပြောင်းအလဲဖြစ်သွားတာ တီမော(လ်)အတွက်လည်း အများကြီး တိုးတက်မှုရှိလာတယ်လို့ ပြောရပါလိမ့်မယ်။ တီမော(လ်)လွတ်မြောက်လာဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုရပါလိမ့်မယ်။ တီမေ ာ(လ်)အတွက် နိုင်ငံရေးတိုက်အားကောင်းလာခဲ့တာကို တွေ့ရတယ်။ သတိပြုမိဖို့လိုတာက တီမော(လ်)ပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားမှုဟာ နှစ်ပေါင်း (၂၄) နှစ် ကြာ စေခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှု ဟာ “ရပ်တန့်နေတယ်”ဆိုတာမမှန်ပါဘူး။

၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကြိုးပမ်းမဟာ “ရပ်တန့်နေတယ်”ဆို တာ မမှန်ပါဘူး။ အစဉ်တစိုက် လှုပ်ရှားရှင်သန်နေတယ်လို့ ဆိုချင်တယ်။

ဒါဆိုရင် ဒီကနေ့အထိ ဘာကြောင့် မရသေးလဲဆိုရင် မေးစရာရှိတယ်။

လက်နက်နဲ့အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်ကို အကြမ်းမဖက်တဲ့နည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အလွန်တရာမှ အန္တရာယ်များသလို ခက်လည်း အလွန်ပဲ ခက်ခဲနေလို့ပါပဲ။ တကယ်လို့သာ ပြည်သူ လူထုက အင်အားကိုသုံးခဲ့မယ်ဆိုရင် ၁၉၈၈ ခုနှစ် (ရှစ်လေးလုံး) လှုပ်ရှားမှုကာလကတောင် ရနိုင်တဲ့ အခြေအနေတွေ ရှိခဲ့တယ်။ အဲဒါ အမှန်တကယ်ပါပဲ။ ဒါပေမယ့်အဲဒီတုန်းက ခေါင်းဆောင်တွေနေရာ ယူထားခဲ့ကြတဲ့ လူကြီးတချို့နဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက အကြမ်းမဖက်ကြဖို့ အစဉ်တစိုက် တိုက်တွန်းနေခဲ့ကြလို့ပါပဲ။ အာဏာမသိမ်းမီ (၇)ရက်အလိုမှာ နိုင်ငံတဝန်းမှ ကိုယ်စားလှယ် (၅၆၀) ခန့် တက်ရောက်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုမှာ “အာဏာသိမ်းဖို့ (၄)ကြိမ်တိတိ စစ်တပ်က ကြိုးပမ်းနေပြီး။ ကဲ .. ဒီတော့ ဘာလုပ်ကြမလဲ၊ ကျနော်တို့ကတော့ လုပ်ဆိုတာကို လုပ်မှာပဲ”ဆိုပြီး ကိုယ်စားလှယ်တွေ တယောက်ပြီးတယောက် တင်ပြခဲ့တယ်။ အဲဒီတင်ပြချက်ကို လူကြီးတွေက ပယ်ဖျက်ခဲ့တယ်။

“ရွေးကောက်ပွဲလုပ်ပေးမှာပဲ။ ရွေးကောက်ပွဲနိုင်အောင်သာ လုပ်ကြပါ” ဆိုပြီး ချွေးသိပ်ခဲ့တယ်။ အဲဒီကာလဟာ ရန်ကုန်မြို့အပါအဝင်တနိုင်ငံလုံးကို ဒီမိုကရေစီအင်အားစုတွေက လွှမ်းမိုးထားနိုင်တဲ့ကာလဖြစ်တယ်။ နောက်ထပ်ယုံကြည်လောက်စရာတခုက “ရွေးကောက်ပွဲနိုင်ပါတီကို အာဏာလွှဲပေးမှာဖြစ်တယ်။ နိုင်တဲ့ပါတီကပဲ ဒီမိုကရေစီဖော်ဆောင်ကြပါ။ စစ်တပ်ကတော့ စစ်တန်းလျားကို ပြန်မယ်” ဆိုပြီး အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်က ပြောခဲ့တာပါပဲ။ ဟုတ်ပြီ …ရွေးကောက်ပွဲရောက်တော့ ဒီမိုကရေစီအင်အားစုတွေက (၈၈.၈၃) ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲအပြတ်အသတ်နိုင်ခဲ့တာ တကမ္ဘာလုံးအသိပဲ။ ဒါပေမဲ့ ဘာရသလဲ။ ဘာမှမရဘူး။ စစ်သားကြီးတွေလည်း ပေးထားတဲ့ ကတိအတိုင်း စစ်တန်းလျားကို တယောက်မှမပြန်ကြဘူး။ မြန်မာနိုင်ငံအစိုးရဆိုပြီး လုပ်နေကြတာ အားလုံးအသိပဲ။

နိုင်ငံတကာက အဲဒီရွေးကောက်ပွဲနိုင်တာကို ဘယ်လောက်အသိအမှတ်ပြုလဲ။ ဘာလုပ်ပေးနိုင်သလဲ။ ကုလသမဂ္ဂလိုအဖွဲ့အစည်းကတောင် ဘယ်လောက်အသိအမှတ်ပြုသလဲ၊ နေရာပေးသလဲ။ ရွေးကောက်ပွဲရှုံးနိမ့်ပြီး လက်နက်နဲ့ အုပ်ချုပ်စိုးမိုနေသူတွေကို ကုလသမဂ္ဂက ကုလားထိုင် ထိုင်ခွင့် ပေးထားရဆဲမဟုတ်လား။ ပိုဆိုးရွားတာက အာဆီယံနိုင်ငံတွေပါပဲ။ စီးပွားရေးနောက် လိုက်သွားပြီး “ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ အာဏာ ရှင်အစိုးရနဲ့တောင် ပိုပြီး အလုပ်ဖြစ်နေတာတွေ” တွေ့ရတယ်။ လူသားတွေရဲ့တန်ဖိုးတွေကို ဥပေက္ခာပြုပြီး စီးပွားရေး ရမ္မက်ကြောင့် အာဏာရှင်စစ်အုပ်စုကို အကာအကွယ်ပေးနေတာ ဖုံးကွယ်မရတဲ့ပြယုဂ်တခုဆိုတာသိမှာပါ။

ဒါပေမဲ့လို့ ပြည်သူလူထုဟာ ဒါယကာတော်ထင်သလို တွေ့သလို ရပ်တန့်မနေပါဘူး။ ပြည်တွင်းမှာရော ပြည်ပမှာပါ ထောင်ထဲမှာပါ အကြိမ်ကြိမ် လှုပ်ရှားနေကြတာသိမယ်လို့ထင်တယ်။

ပြီးတော့ ဒါယကာတော်တို့အမြင်အရကတော့ ဟုတ်တယ်။ မြန်မာနိုင်ငံဒီမိုကရေစီကြိုးပမ်းသူတွေဟာ ညီ ညွတ်နေတယ်။ ကွဲပြားခြားနားတာမရှိဘူး။ ပါတီ(၂၀၀)နီးပါးကလည်း ဒီမိုကရေစီ၊ တောတွင်းအဖွဲ့ အစည်း (၃၀)ခန့်ကလည်း ဒီမိုကရေစီ၊ စေ့စပ် အပစ်အခတ်ရပ်(၁၇)ဖွဲ့တွေကလည်း ဒီမိုကရေစီ၊ နိုင်ငံတကာကို ရောက်ရှိသွားကြတဲ့ အဖွဲ့တွေကလည်း ဒီမိုကရေစီ၊ ထောင်တွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေကလည်း ဒီမိုကရေစီ၊ ဘာမှ ကွဲပြားတာမရှိဘူး။ အားလုံးအဆက်အစပ်ရှိရှိ ကြိုးပမ်းနေကြတယ်။

ညီညွတ်တဲ့လှုပ်ရှားမှုတွေဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်အားလုံးနီးပါးကို ဒီကနေ့အထိ ထိရောက်တဲ့ ဟန့်တားရိုက်ချိုးမှုတွေဖြစ်တယ်လို့ပြောနိုင်ပါတယ်။ အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးအပေါ် များစွာထိခိုက်စေတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားသူတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကြိုးပမ်းမှုအပေါ်မှာ ဆက်လက်ထောက်ခံနေကြတာဖြစ်တယ်။ အဓိကအားဖြင့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ နိုင်ငံအသီးသီး၊ တက္ကသိုလ်အသီးသီးကနေပြီးတော့ ဘွဲ့တံဆိပ် (၃၀) ချီးမြှင့် ပေးအပ် ထောက်ခံခဲ့ကြတယ်။ နိုင်ငံရေး၊ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်ပေးကြတယ်။ ပြည်တွင်းက ပြည်သူတရပ်လုံးကလဲ ယနေ့ထိ ထောက်ခံဆဲပါပဲ။ ရှေ့မှာပြောခဲ့သလို ဒီနေရာမှာ တခုပြောစရာရှိ တယ်။ လက်နက်နဲ့ အကြမ်းဖက်နေတဲ့လူတွေကို အကြမ်းမဖက်နည်းနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာပါပဲ။ ၁၉၈၈ ခုနှစ်ကစပြီး ယနေ့အထိ သေတဲ့လူ၊ ထောင်ထဲရောက်တဲ့လူ၊ တောထဲ ရောက်တဲ့လူ၊ ပြည်ပထွက်ပြေးတဲ့လူ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအပါ အဝင် မရေတွက်နိုင်အောင်ဖြစ်နေလေတော့ လူတွေဟာ (ပမ်း)နေသလိုလိုတော့ရှိနေတာတော့ အမှန်ပါပဲ။

ဟုတ်ပါတယ် …တီမော(လ်)ကျတော့ ပေါ်တူဂီရဲ့နှစ်ပေါင်း(၄၅၀)တိုင်တိုင် ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးလေတော့၊ ပေါ်တူဂီနဲ့ ဥရောပရဲ့ ပြတ်ပြတ်သားသားထောက်ခံမှုတွေ၊ ဩစတြေးလျရဲ့ ပြတ်ပြတ်သားသား ထောက်ခံမှုတွေရှိနေပြီး၊ ၁၉၇၅ မှာ အင်ဒိုနီးရှား ပြောင်ပြောင်တင်းတင်း ကျူးကျော်သိမ်းပိုက်ခဲ့လေ တော့၊ နိုင်ငံတကာဥပဒေနည်းနာအရ လုပ်ဆောင်မှုမှာ ပိုပြီးသွက်လက်တယ်လို့ ပြောရမလားမသိဘူး။ မြန်မာနိုင်ငံက အဲဒီလိုမဟုတ်ဘူး။ ဘယ်နိုင်ငံမှ ပြတ်ပြတ်သားသားရပ်တာ မရှိဘူး။ ယေဘုယျလောက်ပဲ ပြောကြဆိုကြ ရပ်ကြရှိတယ်။

စစ်အုပ်စုအာဏာရှင်တွေဘက်မှာကြည့်ရင် မြင်သာထင်သာရှိတာကတော့ တရုတ်ပြည်သမ္မတ နိုင်ငံ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက နိုင်ငံရေးအရ၊ ပေါ်လစီအရ ရပ်ကြသလို၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတွေက စီပွားရေးအပေါ်အခြေခံပြီး အခိုင်အမာရပ်တည်နေကြတယ်။ အင်ဒိုနီးရှားကတော့ နိုင်ငံရေး အရရော၊ ပေါ်လစီအရရော၊ စီးပွားရေးအရပါ ရပ်တည်နေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီထဲမှာ ဝမ်းနည်းစရာ ကောင်းတာကတော့ ဗုဒ္ဓဘာသာလည်းဖြစ်၊ ဒီမိုကရေစီ နိုင်ငံလည်းဖြစ်၊ အိမ်နီးချင်း နိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ပါပဲ။ တခါတခါ အာဏာရအစိုးရထိပ်တန်းပုဂ္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း အပါအဝင် ထိုင်းကုမ္ပဏီ(၂၀)ကျော်ထိ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံနေကြတော့ အဲဒီကုမ္ပဏီတွေ ဟာ ထိုင်းအစိုးရအသီးသီးအပေါ် ဩဇာရှိနေတယ်ဆိုတာ သိသာထင်ရှားတယ်။

နောက်တခုကတော့ ထိုင်းထုတ်ကုန်တွေဟာ မြန်မာနိုင်ငံထဲဝင် ရောက်နေရာယူပြီး ကြီးမားတဲ့ ဈေးကွက် တခုရထားတဲ့အတိုင်း ထိုင်းနိုင်ငံအဖို့ ကုန်ကြမ်းရော၊ ကုန်ချောပါအမြတ်တွေချည်းပါပဲ။ ဒါကြောင့်မို့လို့ ဘယ်အစိုးရက မျက်နှာအပျက်ခံပါ့မလဲ။ “ဒီတော့ အပြုသဘော ဆက်ဆံရေး ပေါ်လစီ” လို့ပဲ ဆိုလိုက်ရုံ ပေါ့။ “အဲဒါကို ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ အာဆီယံပေါ်လစီ” လို့တောင် မြန်မာပြည်သူ တွေကြားထဲမှာ ပြောနေဆိုနေကြတာ ရှိတယ်။ အာဆီယံတွေရဲ့ အပြုသဘောဆက်ဆံရေး ပေါ်လစီဆိုတာ ဠင်းတငှက်တကောင်ရဲ့ စဉ်းစားပုံ၊ တွေးမြင်ပုံနဲ့ ဘာမှမကွာဘူး။

ကဲ .. ဒီတော့ ဘယ်လိုလုပ်ပြီး ဒီအာဏာရှင်စနစ်ကိုဖြိုဖျက်ပြီး ဒီမိုကရေစီ ထွန်းကားလာအောင် လက်နက်မကိုင် အကြမ်းမဖက်သူတွေက လုပ်နိုင်မလဲ။ အောင်ပွဲခံနိုင်မလဲ။

အိတ်ပေါက်နဲ့ ဖားကောက်နေရသလို၊ လှေပေါက်မှာ ရေပက်ရသလို ဖြစ်မနေဘူးလား။

အမှန်တကယ် မသိလို့လား။ ဒါမှမဟုတ် …...။

ဟုတ်ပြီ… လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ်မှာ ယေဘုယျခြိုံငုံနားလည်လာပြီ လို့ထင်တယ်။ နောက် အပိုင်း (၂) ကိစ္စပေါ့။ အဲဒီမှာ …

- တီမော(လ်) ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ အားပေးမကို အပြည့်အဝ ရယူနိုင်ခဲ့တယ်။

- တီမော(လ်) ခရစ်ယာန်ခေါင်းဆောင်တွေက အင်ဒိုနီးရှားအစိုးရကို အကြိမ်ကြိမ်အခါခါ ပြင်းပြင်း ထန်ထန်ဝေဖန်ပြောဆိုခဲ့တယ်။

ဒါပေမဲ့လို့ မြန်မာနိုင်ငံမှာရှိခဲ့ကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ နိုင်ငံရေး မှာပါဝင်လှုပ်ရှားနေတာ ကို ကျွန်တော်မကြားခဲ့ဖူးပါဆိုပြီးတော့တွေ့ရတယ်။

ဒါနဲ့ပတ်သတ်လို့ ဒါယကာတော်အနေနဲ့ မသိလို့ မသိတာလား၊ ဒါမှမဟုတ် သိသိကြီးနဲ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အထင်သေးအမြင်သေးနဲ့ တာဝန်မဲ့ကြောင်း ထောက်ပြလိုတဲ့သဘောလား… အင်း …ဒါမှမဟုတ် လုပ်ဆောင်မှုအပေါ်အားမလိုအားမရ ဖြစ်နေလို့လား။ တွေးတောစရာတွေဖြစ်လာတယ်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများဟာ ပြည်သူတွေဖက်က သမိုင်းနဲ့ချီပြီး ခိုင်မာစွာရပ်တည်ခဲ့ကြတဲ့ အစဉ်အလာကောင်းတွေ ရှိတယ်။ အမှန်နဲ့အမှားမှာ အမှန်ဘက်က၊ တရားနဲ့ မတရားမှာ တရားတဲ့ဘက်က၊ အာဏာရှိသူနဲ့ အာဏာမဲ့သူမှာ အာဏာမဲ့သူ အားနွဲ့သူ ဘက်က အများပြည်သူ အကျိုးစီးပွားအပေါ် အခြေခံရပ်တည်ခဲ့ကြတယ်။ မြန်မာ့သမိုင်းမှာ အင်မတန် ထင်ရှား တဲ့ဖြစ်ရပ်တွေပါပဲ။ ဒါဟာ လူသားတွေရဲ့အကျိုးငှာ အစီးအပွားအလို့ငှာ ချမ်းသာစေခြင်းငှာ၊ ဤလောက မှာ ဗုဒ္ဓပွင့်ပေါ်လာခဲ့တယ်ဆိုတဲ့ ဗုဒ္ဓပွင့်ပေါ်လာရခြင်းရဲ့ အခြေခံမူတွေနဲ့လည်း ကိုက်ညီတယ်လို့ ဆိုရပါလိမ့်မယ်။

အတိတ်သမိုင်းမှာလည်း တာဝန်မမဲ့ခဲ့ကြဘူး

၁၉၀၄ ခုနှစ်ကစပြီး ၁၉၄၈ ခုနှစ်အထိ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကလည်း ဗုဒ္ဓဘာသာ သံဃာ တော်များဟာ ရှေ့တန်းကျကျ ပါဝင်ခဲ့ကြတယ်။ အဲဒီမှာ အထင်ရှားဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (၂)ပါး ကတော့ ဆရာတော်ဦးဥတ္တမနဲ့ ဆရာတော်ဦးဝိစာရ ဆရာတော်များပါပဲ။ ဆရာတော် ဦးဥတ္တမဟာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ တိဘက်နဲ့ မိခင်ဘာသာဖြစ်တဲ့ ရခိုင် စကားများကိုပြောတတ်ပြီး တိဘက်မှအပ ကျန်ဘာသာ (၁၀)ဘာသာကို စာပေကိုပါကျွမ်းကျင် တတ်မြောက်ခဲ့တယ်။

ဆရာတော်ဦးဥတ္တမဟာ အိန္ဒိယ၊ အင်္ဂလန်နဲ့ ဂျပန်နိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားခဲ့တယ်။ ပြီးတော့ အိန္ဒိယ၊ ပြင်သစ်၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ အီဂျစ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံတွေကို သွားရောက် လေ့လာခဲ့တဲ့အပြင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီးမှာ ပါဠိနဲ့ သင်္သကရိုက် ဘာသာ ပါမောက္ခအဖြစ်ဆောင်ရွက်ခြင်း အိန္ဒိယနိုင်ငံ ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခြင်း.. စသဖြင့်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ တရုတ်ပြည်ခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက် ဆင်၊ အိန္ဒိယခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ မဟတ္တမဂန္ဒီ၊ ဝန်ကြီးချုပ်နေရူး၊ ပါတော်မူ သီပေါဘုရင်၊ မြင်ကွန်းမင်းသားကြီးစတဲ့ ပုဂ္ဂိုလ်ကျော်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးခဲ့တယ်။

ဆရာတော်ဦးဥတ္တမရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးသာမဟုတ်ဘူး။ အာရှတတိုက်လုံး ကိုလိုနီဘဝမှလွတ်မြောက်ရေးကိုပါ ကြိုးစားခဲ့တာ ဖြစ်ခဲ့တယ်။

ဆရာတော်ဦးဝိစာရကတော့ ပညာရေးနဲ့ ဘာသာစကားတွေများများ မတတ်မြောက်ခဲ့ပေမဲ့ ထင်ရှားတဲ့ ပခုက္ခူမြို့ရှိ ပါဠိစာပေသင်ကြားတဲ့ စာသင်တိုက်ကြီးတွေမှာ ပါဠိဘာသာဖြင့် ဗုဒ္ဓစာပေသင်ကြားပေးတဲ့ ဆရာတဆူဖြစ်ခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် ထောင်ဒဏ်ကျခံရရာက အကျဉ်း ထောင်အတွင်းမှာ အစာငတ်ခံပြီး တိုက်ပွဲဝင်ရင်း ရက်ပေါင်း (၁၀၀)ကျော်မှာ ပျံလွန်တော်မူသွားခဲ့လို့ အင်မတန်ထင်ရှားတဲ့ သံဃာ့အာဇာနည်တပါး ဖြစ်ခဲ့တယ်။ ဒါဟာ ထင်ရှားတဲ့ ဗုဒ္ဓဘာသာသံဃာတော် (၂) ပါးကို ပြောပြတာပါပဲ။ အခြားလည်း မိမိတိုင်းပြည်အရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ဗုဒ္ဓဘာသာသံဃာ တော်တွေ အများအပြားရှိတယ်။

ဖိနှိပ်မှုနဲ့တွန်းလှန်မှု

မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၆၂- ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ် တွယ်စပြုလာတဲ့ အချိန်မှာ နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ အာဏာရှင်ဗိုလ်နေဝင်းအစိုးရဟာ ကျောင်းသားတွေကို ချုပ်ကိုင်ဖို့ကြိုးစားသလို ဗုဒ္ဓဘာသာရဟန်းသံဃာတော်များကိုလဲ ၁၉၆၅- ခု လောက်မှာချုပ်ကိုင်ဖို့ ကြိုးစားခဲ့တယ်။ ၁၉၆၅- ခုနှစ် မှော်ဘီသံဃာ့အစည်းအဝေးပွဲမှာ စစ်အစိုးရရဲ့ သံဃာတွေကို ထိန်းချုပ်ဖို့ ရေးဆွဲထားတဲ့ အစီအစဉ်တွေကိုတင်ပြတော့ သံဃာတွေက လက်မခံကြဘူး။ 

အဲဒီ့အခါတုန်းက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးသူရိယ၊ အဂ္ဂမဟာပဏ္ဍိတ သထုံဟိတကာရီ ပါဠိတက္ကသိုလ် ဦးစီးနာယကဆရာတော် ဦးဥတ္တရတို့က ခေါင်းဆောင်ခဲ့ကြတဲ့အတွက် ထိုဆရာတော် (၂) ပါးအပါအဝင် ဗုဒ္ဓဘာသာ သံဃာတော်အများအပြား ဖမ်းဆီးခံခဲ့ရတယ်။ အတင်းအကြပ် လူဝတ်လဲ ခံခဲ့ရတာတွေရှိတယ်။ သံဃာတော်တွေဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီး အနိုင်ကျင့်တာကို ငုံ့ခံတဲ့အစဉ် အလာ မရှိခဲ့ကြဘူး။ တရားမျှတတဲ့၊ ဥပဒေနဲ့အညီအုပ်ချုပ်တဲ့ မင်းကောင်း စနစ်ကောင်းကို လိုလားကြတယ်။ အဲဒီ့အတွက်လည်း အစဉ်တစိုက် ကြိုးပမ်းခဲ့ကြတယ်။ 

(ဆက်လက် ဖော်ပြပါမည်)