Breaking News

မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် (၄)


မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် (၄)

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၀

သတင်းလွတ်လပ်ခွင့်နဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်

စာပေလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီစနစ်က ယှဥ်တွဲနေတယ်လို့ သိမြင်နားလည်လာတဲ့ တရက်မှာ ကျနော်ဟာ အထက်တန်းကျောင်းသားဘဝ ကတည်းက နှစ်ခြိုက်ခံယူတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒကို စွန့်ခွာခဲ့ပါတယ်။

အဲဒီ အချိန်ကာလကတော့ ကမ္ဘာမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ခေါင်းဆောင် ဂေါ်ဘားချက်က ပီရွက်စထရွိုက်ကာ နဲ့ ဂလပ်စ်နော့ ဆိုတဲ့ စကားလုံး နှစ်လုံးနဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်နောက်လိုက်နောက်ပါတွေကို ကိုင်လှုပ်လိုက်တဲ့ ကာလပါ။

မှတ်မှတ်ရရ ဂေါ်ဘာချက်က ဒီစကားလုံးနဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဦးတည်ရာကို ဆွဲကွေ့လိုက်တာဟာ ၁၉၈၅ ခုနှစ်ဖြစ်ပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ ဘဝတက္ကသိုလ်ကို အလည်အပတ်သွားရာက ပြန်ရောက်ပြီးနောက်တနှစ်ကျော် အကြာပါ။

ဘဝတက္ကသိုလ်ထဲမှာ ကျနော်တို့ အမှုတွဲဖြစ်တဲ့ ကဗျာဆရာ ရွှေရတောင်ကုတ်ဆီက သူ့အသိအမြင် အတွေ့အကြုံတွေကို ကြားနာခဲ့ရစဥ်တုန်းက ဆရာပြောတဲ့စကားတခွန်းက “ငါတို့ စာပေလွတ်လပ်ခွင့်ရဖို့ဆိုရင် ဒီမဆလ စစ်အာဏာရှင်စနစ်ကို ပြိုပျက်အောင်လုပ်မှ ရမယ်”ဆိုတဲ့ မှတ်ချက်က ထောင်ကလွတ်တဲ့နောက်မှာလည်း စိတ်ထဲ အမြဲမှတ်စွဲလျက် ရှိနေခဲ့တာပါ။

အဲဒီနောက် တနှစ်ကျော်အကြာ ရုရှားက ဂေါ်ဘာချက်က ပွင့်လင်းမြင်သာမှုနဲ့ ပြန်လည်တည်ဆောက်ရေး ဆိုတဲ့စကားလုံးနှစ်လုံးက ကိုယ်တွေလိုချင်တဲ့ စာပေလွတ်လပ်ခွင့် ကို ရည်ညွှန်းတာလို့ နားလည်ပြီး အဲဒီအချိန်ထိ နှစ်ခြိုက်သဘောကျခဲ့တဲ့ အစဥ်အလာလက်ဝဲဝါဒကို စွန့်ခွာခဲ့ပါတယ်။ ငါတို့ လိုချင်တာက စာပေလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့် ဒီမိုကရေစီလို့ ဆုံးဖြတ်ပြီး မိမိရဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ပြင်ဆင်သတ်မှတ်ခဲ့တာပါ။

ဒီနေရာမှာ ပြောချင်တဲ့ အကြောင်းအရာက စာပေ၊ အနုပညာလွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တို့ဟာ ဒီမိုကရေစီ စနစ် ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်၊ မတူတဲ့အမြင်တွေ အယူအဆတွေနဲ့ပတ်သက်ရင် သဘောထားကြီးစွာနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရမျိုး နိုင်ငံရေးစနစ်မျိုးအောက်မှာသာ ရနိုင်တာဖြစ်ပြီး အဲဒါကို လိုလားတဲ့ ကျနော်တို့အနေနဲ့ အဲဒီ စနစ်ရောက်အောင် ပံ့ပိုးလုပ်ဆောင်မယ် ဆိုတဲ့ ယုံကြည်ခံယူမှု စိတ်ထဲ ဆုံးဖြတ်ခဲ့တဲ့အကြောင်းပါ။
ဟိုးမဆလ ခေတ်မှာတော့ ပုဂ္ဂလိကသတင်းမီဒီယာ မရှိတာမို့ သတင်းလွတ်လပ်ခွင့်ဆိုတာကို ရှေ့တန်းတင် ပြောဆိုခဲ့ကြတာမဟုတ်ပါဘူး။

မဆလခေတ်ကနေ ဒီဘက် ၂၀၁၁ နောက်ကို ပြန်ဆက်ကြမယ်ဆိုရင် သတင်းမီဒီယာနယ်ပယ်ထဲ ရောက်နေတဲ့ ကျနော့်အဖို့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဦးတည်ရာ ပန်းတိုင်တခုပါ။ စာပေစိစစ်ရေး ဓါးထက်တဲ့ခေတ် တနည်းစစ်အစိုးရခေတ်တုန်းက သတင်းတပုဒ်၊ သတင်းတပိုဒ်၊ သတင်းခေါင်းစဥ် တကြောင်းအတွက်နဲ့ ဘယ်လောက် ဒုက္ခများခဲ့ကြတယ် ဆိုတာ အဲဒီခေတ်ကို မှီသူအများအပြားရှိလို့ အထွေအထူး မပြောလိုတော့ပါဘူး။

၂၀၁၁ နောက်ပိုင်း ပွင့်လင်းလာတဲ့ကာလမှာ ကျနော်ကလည်း သတင်းသမားအဖွဲ့အစည်းဖြစ်တဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာ တာဝန်ယူပြီး မကြာခင်မှာပဲ သတင်းလွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ သတင်းသမား အဖမ်းခံ၊ ထိန်းသိမ်းခံရတဲ့ အဖြစ်အပျက်တွေ ၊ တရားစွဲခံရတဲ့ အဖြစ်တွေဆက်တိုက်ဆိုသလို ဖြစ်ပျက်ခဲ့တာပါ။

အမှန်အတိုင်းဝန်ခံရရင် MJN ကွန်ရက်ဝင် သတင်းသမားတွေက အတွင်းရေးမှူးဆိုတဲ့ အမည်နဲ့ ကျနော့်အပေါ်ပေးအပ်လိုက်တဲ့တာဝန်ကို စတင်ထမ်းဆောင်စဥ်က ဘယ်လို လုပ်ဆောင်သင့်တယ်၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သေသေချာချာ ရေရေရာရာ သိရှိခဲ့တာတော့မဟုတ်ပါဘူး။ တာဝန်ယူရင်း လက်တွေ့ဘဝက သင်ယူရတာမျိုးဖြစ်ပါတယ်။ အခွင့်အရေးဆိုတာရဲ့ သဘောသဘာဝ၊ ကမ်ပိန်းဘယ်လို လုပ်ရမလဲ၊ လှုံ့ဆော်စည်းရုံးခြင်းနည်းနာ၊ အဖွဲ့အစည်းတွင်းစည်းရုံးရေး ၊ အများသဘောကိုယူပြီး လုပ်ဆောင်ရတဲ့ သဘောသဘာဝတွေ ဆိုတာတွေကို အလုပ်ကနေ သင်ယူခဲ့ရတာပါ။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ အစ၊ စစ်အာဏာရှင်စနစ်အောက်က တဖြည်းဖြည်းလွတ်မြောက်လာတဲ့ ကာလ၊ ကိုယ့်တွေရဲ့ ရပိုင်ခွင့်ဆိုတာကို ဘယ်လိုတောင်းခံမလဲ ဆိုတာတွေက လက်တွေ့က သင်ယူခဲ့ရတဲ့ ကာလတွေလို့ပြောရမှာပါ။

အဲလိုပြောလိုက်လို့ ခုအနေအထားမှာ အထက်က အတတ်ပညာတွေ အားလုံးသိပြီလားလို့မေးရင် အတိုင်းအတာတခုထိပဲ သိသေးပြီး အားလုံးမသိသေးဘူးလို့ပဲ ဖြေရမှာပါ။ အတွေ့အကြုံအတော်များများ ရခဲ့ပြီး အချို့ကိစ္စရပ်တွေကို ဒီလိုလုပ်ရင် ဘယ်လိုရလဒ် ထွက်မှာလဲ ၊ ဘယ်ဟာက ကိုင်စွဲရမယ့်မူဝါဒ၊ ဘယ်ဟာက နည်းလမ်းဆိုတာမျိုး သိလာပြီလို့တော့ ဆိုနိုင်ပါတယ်။ ဖြစ်ရပ်တခုခုမှာ တဖက်က ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ လူအများကို ဒီလိုသဘောမျိုး ပြောနေပေမယ်ဘ သူတို့လိုချင်တဲ့ ရလဒ်ကဘာလဲ၊ နောက်ကွယ်က စေ့ဆော်မှုက ဘာလဲ၊ ဘယ်အခြေအနေမျိုးမှာ ပြေလည်နိုင်သလဲဆိုတာ ခန့်မှန်းတတ်လာပြီလို့တော့ ဆိုနိုင်ပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ယူပြီး လအနည်းငယ်အကြာမှာပဲ တည ၉နာရီခွဲလောက် ဖုန်းကောလ် တကောလ်ဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တဲ့အခါ MJN က အတွင်းရေးမှူး ကိုမြင့်ကျော်လားလို့ သတင်းထောက်ကဖုန်းထဲ မေးပါတယ်၊ ဟုတ်ပါတယ် လို့ဆိုတော့ သူ့ကို တာမွေရဲစခန်းက ခေါ်ထားတဲ့အကြောင်း သူရိုက်ထားတဲ့ ကင်မရာထဲကဓါတ်ပုံတွေကို ဖျက်ပေးမှ ပေးပြန်မယ်လို့ပြောနေကြောင်း ပြောပါတယ်။ သူက ညဘက် တာမွေအဝိုင်းနားမှာ ညပိုင်းပြေးဆွဲတဲ့ ကြားကားတွေကို သတင်းဓါတ်ပုံသွားရိုက်ရင်း ရဲက ခေါ်ထားလိုက်လို့ အကူအညီတောင်းတာပါ လို့ဆိုတော့ ၊ ရဲနဲ့ ဖုန်းပေးပြောပါလို့ ပြောပြီး ကျနော်က မြန်မာဂျာနယ်လစ်ကွန်ရက် ရဲ့ အတွင်းရေးမှူး အမည်ဘယ်သူပါလို့ ပြောလိုက်ပြီး သတင်းထောက်ကို ခေါ်ယူထိန်းသိမ်းထားတာ မဖြစ်သင့်ကြောင်း ဘာကြောင့်ထိန်းသိမ်းရတာလဲလို့ မေးတော့ သတင်းထောက် ဓါတ်ပုံရိုက်တဲ့အထဲ ကျနော့်ပုံပါနေတယ်။

ကျနော်က စွပ်ကျယ်နဲ့ ဖြစ်နေတော့ ဒီဓါတ်ပုံက သတင်းထဲပါသွားရင် ကျနော့်အတွက် ထိခိုက်နိုင်တာမို့ ဓါတ်ပုံတွေကို ဖျက်ပေးဖို့ပြောတာ၊ သူက မဖျက်နိုင်ဘူးဆိုလို့ ခုလို ခေါ်ထားတာလို့ဆိုတယ်။ ဒါနဲ့ သတင်းထောက်နဲ့ ဖုန်းပေးပြောဖို့ ပြောလိုက်ပြီး သတင်းထောက်ကို ဘာအကြောင်းရိုက်တာလဲ လို့မေးတော့ သတင်းထောက်က ကျနော်က ညဘက်ကြားကားတွေကို ရိုက်တာ၊ ရဲနဲ့ပတ်သက်တဲ့ သတင်းလုပ်တာလည်းမဟုတ်ဘူး၊ အဲလိုဆိုရင် သူ့ပုံပါနေတဲ့ ဓါတ်ပုံဖျက်ပေးရမယ်ဆို အဆင်ပြေလားဆိုတော့ ရပါတယ်လို့ သတင်းထောက်က ပြောတာနဲ့ ဖုန်းနဲ့ပဲ ရဲနဲ့ သတင်းထောက်အကြား ညှိနှိုင်းတာ အဆင်ပြေသွားခဲ့ပါတယ်။

အဲဒီအချိန်က ရဲ အနေနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ သို့သော် အဖွဲ့အစည်းတခုဖြစ်တယ် ဆိုတာသိပြီးတဲ့အခါ ညှိနှိုင်းဖို့လမ်းစပွင့်သွားတယ်လို့ ကျနော်နားလည်မိပါတယ်။
အဲဒီအဖြစ်အပျက်က ရတဲ့ သင်ခန်းစာကလည်း သတင်းသမားတဦးထည်း ရပ်တည်ပြောဆိုတာနဲ့စာရင် အဖွဲ့အစည်းအနေနဲ့ ပြောဆိုတာက ပိုအားရှိတယ်ဆိုတဲ့ အချက်ပါပဲ။ နောက်နောင် သတင်းသမားတွေ သတင်းလိုက်ရင်း တစုံတရာ ပြဿနာပေါ်လာတဲ့အခါ အဖွဲ့အစည်းတခုချင်း သို့မဟုတ် အဖွဲ့တွေ စုစည်းပြီး ရပ်တည်ပြောဆိုရမယ်ဆိုတာကို အတွေ့အကြုံအရ နားလည်လိုက်တာဖြစ်ပါတယ်။

အလားတူအဖြစ်အပျက်မျိုး နောက်နှစ်တွေအတွင်း တကြိမ်မက ကြုံခဲ့ရတာဖြစ်လို့ အဲဒီလိုအခြေအနေမျိုးမှာ ကွန်ရက်အနေနဲ့ ကြားဝင်ညှိနှိုင်းလို့ အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိပါသေးတယ်။
အဲဒီအထဲက တခုက ကျနော့်အထင် ၂၀၁၃ ဝန်းကျင်က ဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတွေ ချီတက်လာတဲ့ သတင်းကို သွားယူတဲ့ ဒီဗွီဘီ သတင်းထောက်နဲ့ ဆဲဗင်းဒေး ဓါတ်ပုံသတင်းထောက်တို့ကို သပိတ်ဖြိုခွဲစဥ်မှာ ရဲက လူကို ဖမ်းတဲ့ကားပေါ်ဆွဲတင်၊ ကင်မရာတွေ သိမ်းပြီး ခေတ္တထိန်းသိမ်းတဲ့အဖြစ်အပျက်ပါ။

သတင်းထောက်က ဖုန်းဆက်လာတော့ တာဝန်ရှိတဲ့ရဲမှူးနဲ့ စကားပြောပြီး ပြန်လွှတ်ပေးဖို့ ၊ သူတို့ဘက်ကဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရတာလဲ လို့မေးပြီးနောက် နာရီအနည်းငယ်အတွင်း ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်ရပ်ပါ။
အထက်က အဖြစ်အပျက်တွေက သတင်းသမားအဖွဲ့အစည်းအနေနဲ့ စုစည်းမှုရှိတာရဲ့ အကျိုးကျေးဇူးက တစုံတရာ အကြောင်းကိစ္စပေါ်ပေါက်လာရင် အဖွဲ့အစည်းအနေနဲ့ ဖြေရှင်းတာက တဦးချင်းဖြေရှင်းတာထက် ပိုထိရောက်တယ်၊ အားရှိတယ် ဆိုတဲ့အချက်ပါ။ အခွင့်အရေးဆိုတာကို တဦးချင်းအနေနဲ့ တောင်းဆိုတာ ကျင့်သုံးတာထက် အဖွဲ့အစည်းနဲ့ တောင်းဆိုတာ ကျင့်သုံးတာက ပိုပြီးထိရောက်တယ် ခရီးလည်းရောက်တယ်ဆိုတဲ့ သင်ခန်းစာရပါတယ်။