နေချိုသွေး - ၁၃ / လားရှိုး

Art - Than Htay Maung (2022)

နေချိုသွေး - ၁၃ / လားရှိုး
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
( ၁ )
လိုဘတွေကြောင့် ကျွံကျနေတဲ့ မြို့ကြီးကို
တဒင်္ဂခဏ လွှတ်ချထားခဲ့ပြီး
ညဥ့်ဦးယံမှာ
အကုသိုလ်တွေ အိပ်မောကျနေတဲ့အချိန်
လမ်းလျှောက်ထွက်ခဲ့တယ်။
ကြာပန်းတွေကို ခူး
ဟို•••တောင်ရိုးပေါ်က စေတီကို
ဦးခိုက်ဖူးမိတယ်။
မြို့အဝင် တောင်ကျချောင်းလေးမှာ
ရောင်စုံ ငါးလေးတွေ
လွတ်လပ်ပျော်မြူး ကူးနေတယ်...။
ရေတံခွန် ဖြာကျရာ
တောင်ပေါ် တက်ခဲ့တယ်
သန့်ရှင်း လတ်ဆတ်တဲ့
အောက်ဆီဂျင်ကို တဝကြီးရှူလို့
ဝင်လေ ထွက်လေမှာ
ချစ်သူစစ်စစ်တွေကို မေတ္တာပို့လိုက်တယ်
မုန်းသူစစ်စစ်တွေကိုလည်း မေတ္တာပို့လိုက်တယ်။
အမှောင်ထဲ
ထွန်းလင်းနေတဲ့ ကြယ်တွေကို ဦးညွှတ်ရင်း
စိမ်းညို့ညို့တောင်တန်းတွေ ပျော်မြူးသွားတဲ့အထိ
အော်ဟစ် ပစ်လိုက်တယ်
ပဲတင်သံ ပြန်မလာတော့တဲ့အထိ။
( ၂ )
ရာဇဝင်ထဲမှာ ရာဇဝတ်မှုတွေနဲ့
ခေါက်ရိုးကျိုးကျနေတဲ့ မြို့ကြီးကို
'တဒင်္ဂခဏ လွှတ်ချထားခဲ့ပြီး
သန်းခေါင်ယံမှာ
အန္ဓတွေ အိပ်မောကျနေတဲ့ အချိန်
သီချင်းလေး တအေးအေးဆိုလို့
နေကြာပန်းတောထဲ လျှောက်ခဲ့တယ်။
ကြည်ရွှင်စိတ်လေးဟာ
တဖွဲဖွဲကျနေတဲ့ မိုးနှင်းတွေ
ရှုမျှော်မဆုံး
အရိပ်တွေမှာ လရောင် လဲ့လဲ့ လင်းနေတယ်။
အာဏာရှင်ဆန်မှာစိုးလို့
မြက်သစ်ပင်တွေပေါ်
ယိမ်းနွဲ့ခိုနေတဲ့ မိုးဥလေးတွေကို
မနင်းရက်ခဲ့ဘူး။
တရားမျှတ လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားတဲ့
စိတ်ဟာ တလူလူလွှင့်လို့
ကြိုကြားငှက်တကောင်လို မိုင်ထောင်ချီ ခရီးနှင်ရင်း
ပြေးဝင်လာတဲ့ လောကဓံတွေကို
နှလုံးသားနဲ့ ခုခံကာကွယ်တတ်ခဲ့ပြီ
ကိုယ်ချင်းစာတရားကို လက်ကိုင်ထားခဲ့တယ်။
ချိတ်ကောက်တလက်နဲ့
ရတနာသိုက် လိုက်ရှာနေတဲ့ ကလေးငယ်တွေက အစ
သွေးသားဈေးသည်မလေးတွေအဆုံး
လောကကြီးတခုလုံး
ရန်သတ္တရု ပြုမယ့်သူတွေနဲ့ ကင်းဝေးစေချင်တယ်။
ဆင်းရဲနွမ်းပါး
ကျီးလန့်စာစားနေရတဲ့
ခေတ်ကြီးတခုလုံးကို ထမ်းပိုးပြီး
ဟို•••မိုးကုပ်စက်ဝိုင်းအထိ
ပန်းမျိုးစုံ ဖူးပွင့် မွှေးပျံ့တဲ့
ကမ္ဘာတခု ပြုစု ပျိုးထောင်ချင်တယ်။
စစ်တလင်းပြင်မှာ
မြေစာပင်ဖြစ်နေတဲ့ ဒုက္ခသည်တွေကို
သုခရိပ်မှာ ချွေးသိပ်ပေးလိုက်ချင်တယ်
အဓမ္မဝါဒီနဲ့ အာဏာရှင်စရိုက်ရှိသူတွေကို
ကျဆုံး ပျက်သုဉ်းစေချင်တယ်။
မတရားတဲ့ဥပဒေတွေနဲ့
ကြမ်းကြုတ် ရိုင်းစိုင်းသူတွေ
ကျူးလွန်ကြတဲ့ အမှားတွေမှာ
မျက်ရည်ဟာ မြစ်လိုစီးခဲ့ရတဲ့ နှစ်ကာလများ
နေ့စဉ်နဲ့အမျှ ဒုက္ခတွေနဲ့
နင်းပြားဘဝတွေအတွက်
ကိုယ်ချင်းစာမှုနဲ့ ထပ်တူပြု ကူညီပြီး
မေတ္တာတရားခြင်း
စီးချင်းထိုးမယ့်ပွဲ
ဝံ့ရင် ဝင်လာလေ။
အမှောင်မှာ နစ်မွန်းနေရတဲ့ အလင်းနဲ့အတူ
တောနဲ့ တောင်ပေါ်ဖြာကျနေတဲ့ စိတ်မှာ
ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်တွေ
တဟုန်းဟုန်းတောက်လို့
လရောင်မျှော်တမ်း ကစားမိတယ်။
မလိုချင်တာတွေရပြီး
လိုချင်တာတွေ မရတဲ့ စစ်ကာလကြီးမှာ
စိုးရိမ်ရေမှတ်အထက်ရောက်နေတဲ့ ဘဝတွေရဲ့ ဒဏ်ရာကို
ပျောက်ကင်းအောင် ကုသမယ်။
ကိုယ်ချင်းစာတရားနဲ့မေတ္တာတရားကို
ဆာလောင်ငတ်မွတ်လို့
အထိတ်တလန့်နဲ့
နေ့ရက်တွေကို ဖြတ်သန်းရေတွက်ကြည့်မိတော့
အပူအပင်ကင်းတဲ့ ရယ်မောသံတွေကို
ရှာမတွေ့သေးဘူး။
နောက်တခါ စစ်ဘုရားပွင့်တာ မလိုချင်ဘူး
အာဏာရှင် အလိုမရှိမှုနဲ့
ဝါဒဖြူစင်တဲ့မြေပေါ်မှာ
ခွင့်တူညီမျှမှုတွေနဲ့ ငြိမ်းချမ်းမှုတွေပဲ
လိုတယ်ဆိုတဲ့အကြောင်း
ဆွေးမြေ့ ကြေကွဲဖွယ်
ခေါင်းလောင်းထိုးသံမှာ
ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ကို
သဲ့သဲ့လေးကြားလိုက်ရတယ်။
( ၃ )
တဒင်္ဂခဏလွှတ်ချထားမိတဲ့ မြေပုံပေါ်မှာ
အနိဋ္ဌာရုံတွေကြီးဆွဲခံရတဲ့
မြို့ကြီးကို ကယ်တင်ဖို့
သံသယတွေကို သံသရာမှာ လွှတ်ချထားခဲ့ပြီး
အရုဏ်ဦးမှာ
ဆယ်လ်မွန်ငါးတကောင်လို
ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆´ပေအရောက်
ချီတက်လာခဲ့ပြီ။
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar