Breaking News

ပိုင်စိုးဝေ – သိန်းစွန်ငှက် အပြန်လမ်း

ပိုင်စိုးဝေ – သိန်းစွန်ငှက် အပြန်လမ်း

(၂၁ – ၃ – ၈၆)
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၂၆၊ ၂၀၁၈


(ကဗျာဆရာ ပိုင်စိုးဝေ ((၅-၈-၁၉၄၄ မှ ၁၉-၉-၂၀၂၀) ၁၉-၉-၂၀၂၀ ရက်နေ့ ညနေ ၃:၁၅နာရီမှာ ကွယ်လွန်ကြောင်း ကြားသိရသဖြင့် ကျန်ရစ်သူ မြန်မာစာပေမိသားစု၊ ကဗျာဆရာမိသားစုတို့နှင့် ထပ်တူ ဝမ်းနည်းကြောင်း မိုးမခက မှတ်တမ်းပြုအပ်ပါသည်။ အမှောင်ခေတ်မှာ မျိုးဆက်သစ်တွေ ရဲရင့်စွာ ပျံသန်းဖို့ အလင်းပြသူတွေဟာ ကဗျာဆရာတွေ၊ ကဗျာတွေပဲလို့ ယုံကြည်စွာဖြင့် အလေးပြုလိုက်ပါတယ်)



နောက်ဆုံးအခေါက်ပါပဲ
ကျွန်တော်
ရွာကို ပြန်လာခဲ့ပါတယ်
အမေ။
ရှာဆိုတာ...
တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့၊
မိုးနှံချုံပုတ်၊ ရှားပင် ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတလုံးပါ။
အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ ...
ကျွန်တော် ရောက်လာပြီ အမေ။
အမေ...
ကျွန်တော့်ကို ထပြီး နှုတ်ဆက်ပါဦး အမေ။
အမေ့ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော် ငိုတယ်။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့... ။
ကျွန်တော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား၊
ကျွန်တော့်ကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား၊
ထကြည့်ပါဦး
စကားပြောပါဦး အမေရယ်။
ဟော ... အမေ ...
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပျအိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲ ထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့။
ကျွန်တော်
မငိုတော့ပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ။
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ
အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့်အစ်ကိုကြီး၊
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့်အစ်မ၊
သူတို့မောင်နှမ၊
အမေ့အရင် စောစောစီးစီး
ဟောသည် လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည် ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ၊
အမေ့အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ။
ကျွန်တော်ကတော့
နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတ ပူဆွေးခဲ့သူပါ အမေ။
အမေ ... နေကောင်းပါစေ ။
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏။
ညအိပ်ရာဝင်၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ။
မနေ့ကတော့
အမေဆုံးပြီ၊ အမြန်လာ... တဲ့ ။
ကုသိုလ်ကြမ္မာ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ
အမေက မွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ။
အဲသည်လို နောင်တတရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။
ကျွန်တော်
မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။
ဟော ...
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ။
ဟိုး ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတယောက်
သည်ရွာကို ပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။
သူနဲ့ သူစီးသွားတဲ့ရထားအကြောင်း
လူတွေ မေ့ကြပေါ့ ။
ပြောဆိုအမှတ်ရသူ
တစ်စုံတယောက်မျှ မရှိတော့။
အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော်ပဲပါ့ အမေ...
ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး။
အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ထန်းရည်ချိုး။
အမေ့သား
ကျွန်တော်အစ်ကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဖက် ကွယ်။
သူတို့တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့အတူ
ထန်းလျက် ကျို၊ ထင်းခွေ ရေခပ်
ငတ်မသေဖို့
အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်ဟာ
ဟို ... အဝေးမှာပေါ့။
ဟိုတစ်နှစ်က
တစ်ရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကို ပြန်မရောက်
အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။
အမေရေ ...
အမေရေ ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။
ဟိုး ...အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့။
တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့
ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား။
သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့။
နေညိုချိန် အိမ်အပြန်လမ်း
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျွန်တော့်ဘဝကို မဝါးမြိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား။
အမေရေ
တစ္ဆေဆို ကျွန်တော်ကြောက်လှချည့်။
တစ်ညသား
ပျူစောထီးဆိုလား၊ ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညိုတရှဉ်းနဲ့အတူ
(လှည်းမောင်းပို့ဆိုပြီး)
အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်တောင်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ
အဖေရေ...
အဖေရေ...
ကျွန်တော်တို့ မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့။
လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ ကောင်းဆဲ
ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့
ကျွန်တော်၊
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်
ဟုတ်လား အမေ။
စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းအောင်းကြနဲ့
တချို့ သားသေ၊ တချို့လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ်မဟုတ်လား အမေ။
အဖေ မရှိတဲ့နောက်
အမေရယ်၊ အစ်ကိုရယ်၊ အစ်မရယ်၊
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့။
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့။
အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျွန်တော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။
ကျွန်တော်ကတော့
သျှောင်တစောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း ။
ကျွန်တော်တို့တတွေ
ဟို သပြေပင်တောင်စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက် ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပားဆိုတဲ့ တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ ယာတောတွေကြား ။
အစ်ကိုကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတလေ မြေပဲကောက်
တစ်ခါတလေ ဝါစိုက်
တောအလိုက် လုပ်ငန်းစုံပေါ့။
မြို့ရွာနိဂုံး၊ ပျက်ပြုန်းစေအောင်
ဓားပြဗိုလ်ကြီး၊ မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့၊ တိုက်ခိုက်ပူလောင်
ဝ သ လ၊ မှတ်ကြ သူယုတ်ကောင်
ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာမလုပ်တယ်ဝါးခုတ်တဲ့ တောင်
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ၊ သံပေါက်တွေ
ကျွန်တော့်မှာ အမွေရခဲ့ပေါ့။
နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ် မှန်အိမ်နဲ့ ...
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့။
အမေရေ ...
ကြေးစည်ကို ရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။
အမေခေါင်းချခဲ့တဲ့
တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တော သည်တောင်ကြား
အမေ့ကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ။
အမေ့အမေ ကျနော့်အဘွား
ကျနော့်အဘွားရဲ့ အမေ့အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံး နောက်ဆုံးစုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့မှာပေါ့။
လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း ... ဖြည်းဖြည်း ...
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။
ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက သရဏဂုံ ရွတ်ဖတ်
ကျွန်တော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေလို့
ကျွန်တော် အမျှဝေမယ်။
ကျွန်တော့်ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားပဲ။
မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ။
ကျွန်တော့်ကိုယ်ပေါ်မှာ
ကျွန်တော့်တစ်ခေါင်းလုံးမှာ
ဖုန်တွေပေကပ် ညစ်ပတ်နေမလားပဲ။
ဟိုသုဿာန်ကို ရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့်ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ်။
ညရောက်တဲ့အခါ
ဦးလေး ဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့
မျက်စိတစ်ဘက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန် ယူနိုင်မလဲ။
မင်းတို့အတွက်၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေးစဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ်။
တစ်စုံတစ်ရာ
ကတိတွေပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတစ်ခုမှာ
ငှက်တကောင်လို ပျံပြေးသွားမယ်။
ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုးပေါ့။
ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာ လုပ်ရမယ်
ကဗျာဆရာ လုပ်မှဖြစ်မယ်အမေ
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့်ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။
ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။
ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင် ပတတ်တူး ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်။
လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။
သူငယ်ချင်းတွေ
လက်ပြနေဆဲ၊ ဥသြဆွဲပေါ့။
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။
မြို့ပြဘဝရဲ့
ခံစားမှုမြစ်၊ ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်မီးတိုင်တွေ အောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်လျှောက် ကျော်သွားရင်း
သူစိမ်းဆန်တဲ့လူတွေကြားမှာ
ဟို ... အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ
နေညိုချိန် အိမ်အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ ...
တစ္ဆေကို ကျွန်တော်ကြောက်လှချည့်”
ယောင်ရမ်းရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။
လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီးဖြေသော်လည်း
ယားယံမြဲပါအမေ။
ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ကြရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသား တိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ။
အမေ့ထံ
ကျွန်တော် ပြန်မလာနိုင်ခဲ့ဘူး။
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို။
ဟော
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ။
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကလေး
နောက်တစ်ယောက်က
သားကြီး မောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ ။
ငယ်ငယ်လေးတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင် မျောက်ကြီးနဲ့တူမလားပဲ။
သူတို့မောင်နှမတတွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျွန်တော်တို့ လာချင်ပါရဲ့
ဒါပေမယ့် ... အမေ။
ဟော ...
ကျွန်တော်တို့အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အစ်ကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား။
ကျွန်တော့်အစ်မ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက် မွေးပြီးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား အမေ
အမေ ...
သည်တော သည်တောင်ထဲ
အမေ့သားသမီးတွေနဲ့
အနေဝေး၊ အသေဝေးခဲ့ကြရသော်လည်း
အမေတစ်ယောက်တည်း မဟုတ်
အမေ့မြေးတစ်အုပ်နဲ့
ထန်းလျက်ကျို၊ ထင်းခွေ၊ ရေခပ်
ကျွန်တော် တစ်ပြားတစ်ချပ်မှ
မထောက်ပံ့နိုင်ပေမယ့်၊ ငတ်မသေခဲ့ဘူး
အမေ သေရတာ
ငတ်လို့မဟုတ်ခဲ့ဘူး အမေ။
မနေ့က
အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။
ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် ... မင်းတို့ အဖွားသေတဲ့ ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်။
ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တကဏ္ဍပေါ့
မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့
အတွေးတွေက
နှလုံးသားထဲ စူးနစ်
တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့အမေ။
ခံစားရပြီပေါ့
ကျွန်တော် ခံစားရပြီပေါ့ အမေ။
ကျွန်တော်ဟာ
ဗုဒ္ဓဘာသာ မြန်မာယဥ်ကျေးမှုထဲက
လူတယောက်အဖြစ်နဲ့ပဲ
အသက်ရှင် ရပ်တည်နေဆဲပါ အမေ။
အမေရေ ...
အမေရေ ... အမေရေ ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်း ပြာသာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့အကောင်တွေ
တကျည်ကျည်မြည်လို့၊
အမေ့မြေး ကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ ။
အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလားမသိဘူး အမေ။
ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ...။ ။