Breaking News

ကေဇော်မိုး - မောင့်လပြည့်ဝန်း၊ စံရိပ်ငြိမ်၊ လှည်းတန်းနေ့ရက်များ

 

မောင့်လပြည့်ဝန်း၊ စံရိပ်ငြိမ်၊ လှည်းတန်းနေ့ရက်များ

ကေဇော်မိုး 

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀

     အလင်းသည် အမှောင်နယ်၏စီးနင်းခြင်းထံတွင် ကျဆုံးငြိမ်သက်လျှက်ပင်။ အသက်တမျှ မက်ယူထားမိသော အိပ်မက်ငယ်များကား အထားအသိုလွဲချော်လို့။ ညိုညိုညစ်ညစ်စပါယ်ယာတစ်ယောက်ရဲ့လက်ထဲက ငွေအကြွေစများကား ပြန်လည်မလာနိုင်အောင် ပုန်းကွယ်လို့နေပါတယ်။ ဘဝဆိုတဲ့အရာထဲမှာ ချစ်ခြင်းမေတ္တာတစ်ခုကို ပေါင်းစပ်မိခဲ့ပါတယ်။ ဘဝနဲ့ချစ်ခြင်းမေတ္တာဟာ ညီမျှခြင်းအားဖြင့် ဘောင်ခတ်ထားဖို့အတွက်တော့ အလှမ်းဝေးလွန်းလှသော စံပျစ်နွယ်ခက်နဲ့ မြေခွေးတစ်ကောင်ရဲ့ ပုံပြင်လိုပါပဲ။

  "သန့်​ဇော်၊ ထုံးစံအတိုင်း ဒီနေ့ မောင့်လပြည့်ဝန်းကို သွားဦးမှာလား။"

"သွားမယ်လေ။ ညနေသုံးနာရီဆို နှင်းရဲ့သင်တန်းပြီးမှာ။ နေ့လည် နှစ်နာရီခွဲလောက် စဲရိပ်ငြိမ်က မောင့်လပြည့်ဝန်းဆီမှာ စောင့်ရမှာလေ"

" သန့်​ဇော်ရာ မင်းကတော့ မလွယ်ပါဘူး။ ငါတော့ စိတ်ပူတယ်။ မင်းနဲ့နှင်းရဲ့ ရှေ့ရေးအတွက်"

"စစ်မှန်သော ချစ်ခြင်းမေတ္တာဆိုတာ အမြဲခက်ခဲတဲ့အရာဟ။ မလွယ်တာမှန်ပေမယ့် ချစ်မိတော့လဲ ရင်ဆိုင်ရုံသာရှိပါတယ် ညိုထွန်းရာ"

  အမှတ်(၄၈)ချက်ဗလက်ခေါင်းတိုကားကြီးပေါ်ကဆင်းတော့ လက်ကောက်ဝတ်မှာပတ်ထားသော အပေါစားနာရီကလေးကို ကျနော်တစ်ချက်ကြည့်လိုက် ပါတယ်။ နေ့လည်(၂ : ၂၀) ဆိုတဲ့ သိပ်မစောင့်ရတော့ပါဘူး။ နှင်းက ညနေသုံးနာရီတိတိမှာ သင်တန်းဆင်းမှာဆိုတော့ လွန်ရောကျွံရော မိနစ်လေးဆယ်စွန်းစွန်းသာ စောင့်ပေးရမှာပါ။ နှင်းက စံရိပ်ငြိမ်(၂)လမ်းထဲမှာ စပီကင်တတ်နေတာပါ။ ကျနော်ထိုင်နေကြ လက်ဖက်ရည်ဆိုင်ကလေးဆီ ဦးတည်လိုက်ပါတော့တယ်။ 

ဒီဆိုင်လေးက ပလက်ဖောင်းပေါ်ခင်းထားတဲ့ လက်ဖက်ရည်ဆိုင်ကလေးပါ။ ဆိုင်ထဲကနေငဲ့စောင်းကြည့်လိုက်ရင် လမ်းထဲဝင်ထွက်သူတွေအားလုံးကို ရှင် းရှင်းစွာမြင်တွေ့နိုင်ပါတယ်။ လမ်းဘေးပလက်ဖောင်းပေါ်ဆိုင် ခင်းထားတဲ့အတွက် ဆိုင်နာမည်မရှိပေမယ့် ကျနော်ကတော့ နာမည်လှလှလေးတစ်ခုပေးထားတယ်။ တေးရေး/တေးဆိုကို​နေဝင်းရဲ့ "မောင့်လပြည့်ဝန်း" သီချင်းကို ဆိုင်နာမည်အဖြစ်ပေးထားတာပါ။ ဒါကလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး။ 

အဖျော်ခုံရဲ့ဘေးမှာ တစ်ပတ်ရစ်ဆိုနီကက်ဆက်အဟောင်းလေးတစ်လုံးတင်ထားပြီး စိုင်းထီးဆိုင်သီချင်းတွေ ခပ်တိုးတိုးဖွင့်ထားတတ်လို့ပါ။ အဖွင့်အများဆုံးသီချင်းက မောင့်လပြည့်ဝန်းပါပဲ။ စီ(၆၀) တစ်ခွေစာလုံး မောင့်လပြည့်ဝန်းသီချင်းတစ်ပုဒ်တည်းသွင်းထားပြီးဆိုင်မှာလူပါးချိန်ဆို ဖွင့်ပါတော့တယ်။ ဆိုင်လူပါးချိန်ဆိုတာကလဲ ကျနော်လာထိုင်ဖြစ်တဲ့ အချိန်ပါပဲ။ အထက်ကဆိုခဲ့သလို ဒီဆိုင်ကလေးကနေ ငဲ့စောင်းကြည့်ရင် "နှင်း" သင် တန်းတက်နေတဲ့တိုက်ကို လှမ်းမြင်ရပါတယ်။ နှင်း တိုက်ပေါ်ကဆင်းလာချိန်က ကျနော့်ဘဝရဲ့လသာချိန်မို့ မောင့်လပြည့်ဝန်းလို့ပေးထားတာ အံကိုက်ပါပဲ။ မောင့်လပြည့်ဝန်း သီချင်းဖွင့်ပြီး ဆေးလိပ်တိုလေးခဲကာ နား ထောင်နေတတ်တဲ့ အဖျော်ဆရာ/ဆိုင်ရှင်အစ်ကိုကြီး မေးခဲ့ဖူးပါတယ်။

" အစ်ကိုက မောင့်လပြည့်ဝန်း ကို အတော်ကြိုက်တယ်နော်။ ကျနော်ထိုင်တဲ့အချိန်တိုင်း အမြဲဖွင့်နေကြပဲ။ မောင့်လပြည့်ဝန်း ထဲကအတိုင်း ချစ်၍ စွန့်သွားသူ ရှိလို့လား"

"ရှိခဲ့တာပေါ့ ညီလေးရာ။ အစ်ကို့ဘဝမှာ ချစ်၍ စွန့်သွားခဲ့သူရှိခဲ့ဖူးပါတယ်။ အစ်ကိုလဲ စွန့်၍ချစ်ခဲ့ရတာပေါ့ကွာ"

" ဆောရီး အစ်ကို။ စိတ်မကောင်းစရာတွေ။ အစဖော်ပေးမိသလိုဖြစ်သွားပြီ"

"ရပါတယ် ညီလေး။ အခုတော့ နေသားကျနေပါပြီ။ ယောကျာ်တစ်ယောက်ရဲ့ ရင်တွင်းကလာတဲ့ အသိမ်မွေ့ဆုံးမျက်ရည်ရှိုက်သံကိုပြဆိုခဲ့တဲ့ မောင့်လပြည့်ဝန်းနဲ့တင် ကျေနပ်ခဲ့ပါပြီ။ ဒီသီချင်းအတွက် တေးရေးဆရာ ကိုနေဝင်းနဲ့ အဆိုတော်စိုင်းထီးဆိုင်ကို ကျေးဇူးတင်ရပါတယ်"

"ကျနော်လဲ ဒီသီချင်းကို ကြိုက်တယ်ဗျာ။ နင့်နင့်သီးသီး ရင်ရှိုက်သံနဲ့ကို ဆိုထားတာ"

" သြော်...ဟိုမှာ ညီလေး လပြည့်ဝန်းလေးလာနေပြီ"

       စိတ်အိပ်မက်ထဲ ပျော်ရွှင်ခြင်းအဓိပ္ပာယ်က တခမ်းတနားကွန့်မြူးလှပလို့။ အသိမ်မွေ့ဆုံးတည်ဆောက်မိသောချစ်ခြင်းတရားက ဒဏ္ဍာရီဆန်သေ ပုံပြင်ကိုရေးပေးခဲ့ပါတယ်။ ဘဝထံပါးဝယ် သုံးလီသုံးကြိမ်ကျရောက်နေဆဲ ဆောင်းနှင်းငွေမှုန်တို့ရဲ့ ယုယပိုက်ထွေးမှုမှာ ရင်ခွင်တခိုလုံး အေးမြနွေးထွေးလို့ပါပဲ။ ဆောင်းကိုချစ်သော နာရီကာလတရားဟာ ထာဝရတည်တံ့မယ်လို့ အလေးအနက်ယုံကြည်ခဲ့ရင်း....။

"နောက်ဆုံးကဗျာ"

- စိတ်ကူးယဉ်ကြယ်တွေ

ဝေပြနေတဲ့ နှင်းထဲ ရောယောင်ကြွေသွားလို့

ခိုလှုံရာ ကမ်းခြေတွေ

မြစ်မဲ့ခရီးထဲ စီးဆင်းသွား။

မလိုအပ်တဲ့ တွေ့ဆုံခြင်းက

အဝေးမြို့ရဲ့တယ်လီဖုန်းခေါ်သံတွေမှာ

ဆွံအသွားစေမှာလား

မမြင်ရသော ကြားခံနယ်နဲ့

အိပ်မပျော်နိုင်သော အခန်းစဉ်ထဲ

ညနေခင်းအလွမ်းတွေ လမ်းဟောင်းလေးအတိုင်းလျှောက်ပြန်လာခဲ့။

ကြယ်ကလေးရေ..

နှင်းမရှိတဲ့ဆောင်းက

သဇင်ကိုဖွင့်ဖို့ အမြစ်ကသေခဲ့ပြီ

တိတ်ဆိတ်သွားတဲ့ ဆောင်းဦးရာသီဂီတက

အနာဂတ်ကို အလေ့ကျလွမ်းစေတယ်

ဘယ်သူတွေ ဘာပြောပြော

နှင်းမရှိတဲ့ မြို့ပြလရိပ်ထဲ

နောက်ဆုံးကဗျာရဲ့အစကို

နွေဦးအမီ ဖွင့်လှစ်ခဲ့ပြီ။

  နေ့လည်နှစ်နာရီထိုးဖို့ တစ်ဆယ့်ငါးမိနစ်သာလိုတော့တဲ့အတွက် ကျနော် အိမ်က ထွက်လာခဲ့ပါတယ်။ လှည်းတန်း စံရိပ်ငြိမ်(၂)လမ်းထိပ်ရှိ "မောင့်လပြည့်ဝန်း"လက်ဖက်ရည်ဆိုင်ကလေးကိုရောက်တော့ နေ့လည်နှစ်နာရီနှစ်ဆယ်သာ ရှိပါသေးတယ်။ ညနေသုံးနာရီထိုးကာနီးမှာ ​ နောက်ဆုံးပေါ်အက္ခရာတပ်ဆင်ထားသော အဖြူရောင်အက်စ်အီးလစ်မစ်တက်ကားတစ်စီး စံရိပ်ငြိမ်(၂)လမ်းထိပ်သို့ ထိုးဆိုက်လာခဲ့ပါတယ်။ သင်တန်းအပြီး တိုက်ပေါ်က နှင်း ဆင်းလာခဲ့ပါတယ်။ ကျနော့်ဖက်ကို တချက်ကြည့်ပြီး ရပ်ထားတဲ့ အက်စ်အီးလစ်မစ်တက်ကားပေါ်တက်သွားပါတော့တယ်။

     ထိုနေ့က ရာသီစက်ဝန်းက ဖောက်ပြန်လို့။ ခိုဝင်နေကြ နှင်းတွေတငွေ့ငွေ့ ကျဆင်းလို့မလာ​ခဲ့ပါ။ အရာရာသည် ခြောက်ခြားတိတ်ဆိတ်ငြိမ်သက်လျှက်ပင်ရှိပါ၏။

အမှတ်(၄၈) ဟိုင်းလက်အမြန်ယာဉ်သည် အဖြူရောင်အက်စ်အီးကားလေးကို မီအောင်မမောင်းနှင်နိုင်ခဲ့ပါ။

ကေဇော်မိုး