Breaking News

အောင်မြို့ - အိပ်မက်ဆိုးပိုလ်ပေါ့တ်

 

အိပ်မက်ဆိုးပိုလ်ပေါ့တ်

အောင်မြို့

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀


"ကျုပ်မှာ ဘာကိစ္စအတွက်နဲ့မှ တောင်းပန်စရာမရှိပါဘူး။ ကျုပ်အတွေးအခေါ်နဲ့အသိက ရှင်းလင်းပါတယ် "

(နိုင်ရဲကျော် ဘာသာပြန် ပိုလ်ပေါ့တ် သို့မဟုတ် အိပ်မက်ဆိုးတစ်ခု၏ရာဇဝင် မှ)

နိုင်ရဲကျော်

ပိုလ်ပေါ့တ်(သို့မဟုတ်)အိပ်မက်ဆိုးတစ်ခု၏ရာဇဝင်

POLPOT-The History of a Nightmare

by Philip Short

ပထမအကြိမ်၊၂၀၂၀၊ သြဂုတ်လ

၊စာမ်က်နွာ -၄၉၁၊ ၁၄.၅ x ၂၁.ရစင္တီ

တန်ဖိုး    ၆ဝဝဝ    ကျပ်၊ 

စိတ်ကူးချိုချိုစာပေ

-

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခမာနီခေါင်းဆောင်ပိုလ်ပေါ့တ်အကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ်ပါ။ မူရင်းစာရေးသူ ဖိလစ်ရှော့ဖြစ်ပြီး နိုင်ရဲကျော်က ကောက်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်။ ပိုလ်ပေါ့တ်ရဲ့ယောက်ဖ ခမာနီခေါင်းဆောင်ဟောင်းအီယမ်ဆာရေးအပါအဝင် ခမာနီထိပ်တန်းခေါင်းဆောင်တွေ ကမ္ဘော ဒီးယား နိုင်ငံရေးသမားတွေ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းမှတ်တမ်းတင်ထားတဲ့ စာအုပ်လဲ ဖြစ်ပါတယ်။

ဂီတဝါသနာရှင်၊ ပြင်သစ်စာပေနဲ့ကဗျာတွေကို ဖတ်ရှု ခံစားတတ်သူ၊ ဘောလုံးကန်တဲ့နေရာမှာ ဘိုင်စကယ်ကစ်(ပီလီကစ်)ကန်တဲ့နေရာမှာ ထူးချွန်သူ၊ ချိုမြိန်တဲ့ အပြုံးပိုင်ရှင်လို့ သူငယ်ချင်းတွေ သိကြတဲ့ ဆာလို့ဆာ ခေါ် ပိုလ်ပေါ့တ်ဟာ ကမေ်ဘာဒီးယားပြည်သူ တစ်သန်းခွဲကျော် အသက်ဆုံးရှုံးစေခဲ့တဲ့ ခမာနီ အာဏာရှင်ခေတ်ရဲ့ ဦးဆောင်သူလဲ ဖြစ်ပါတယ်။ 

၁၉၂၅ မတ်လမှာ ဆိုလို့ဆာ(ခ)ပိုလ်ပေါ့တ်ကို မွေးဖွားခဲ့ပါတယ်။ သူဟာ ချမ်းသာတဲ့ခမာလယ်ပိုင်ရှင်မိသားစုဝင်ဖြစ်ပါတယ်။ ဗမာပြည်မှာလိုပဲ သူရဲ့ပညာရေးကို ဘုန်းကြီးကျောင်းသားဘဝကနေစခဲ့ပြီး နည်းပညာကျောင်းကနေတဆင့် ပြင်သစ်ကိုပညာတော်သင်စေလွှတ်ခံရတဲ့ ကျောင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်မှာနေထိုင်ရင်းက တိုးတက်တဲ့အမြင်ရှိသူ ခမာကျောင်းသားတွေနဲ့ နိုင်ငံရေးနယ်ထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။

ပြင်သစ်၊ ဂျပန်၊ ပြင်သစ် အုပ်စိုးမှုတွေအလွန်မှာ ကမ္ဘောဒီးယား ဘုရင်သီဟာနုအာဏာရလာခဲ့ပြီး တိုင်း ရေးပြည်ရေးကလဲ ရှုပ်ထွေးလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကွန်မြူနစ်ဝါဒီတွေဖြစ်တဲ့ အိမ်နီးချင်းဗီယက်နမ်ရဲ့အကူအညီနဲ့ ပိုလ်ပေါ့တ်တို့လိုလူငယ်တွေဟာ ခမာနီတော်လှန်ရေးအတွက် စတင်ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးအစပိုင်းမှာ မထင်ရှားတဲ့နေရာကနေ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပိုလ်ပေါ့တ်ဟာ ခမာနီတော်လှန်ရေးရဲ့နံပါတ်တစ်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

၁၉၆ဝ လောက်ကနေ အစပြုခဲ့တဲ့ ခမာနီတို့ဟာ ဒေသခံလယ်သမားတွေရဲ့ထောက်ခံမှုကိုရခဲ့ပြီး အင်အားတို းတက်လာခဲ့သလို ဗီယက်နမ်နဲ့တရုတ်အစိုးရအကူအညီတွေနဲ့ ၁၉၇၅ မှာ အမေရိကန်သြဇာခံဗိုလ်ချုပ်လွန်နိုရဲ့စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ခမာနီတွေအာဏာရပြီးနောက်မှာတော့ ကမ္ဘော ဒီးယားပြည်သူတွေဟာ တင်းကျပ်ပြင်းထန်ပြီး ရက်စက်တဲ့စနစ်တစ်ခုအောက်မှာ ငရဲကျသလိုခံစားရပါတော့တယ်။

အယူအဆပြင်းထန်ပြီး ကွန်မြူနစ်ဝါဒကို လိုသလိုအဓိပ္ပာယ်ဖွင့်ခဲ့ကြတဲ့ ခမာနီခေါင်းဆောင်တွေဟာ သုံးစွဲနေတဲ့ငွေကြေးစနစ်ကို ဖျက်သိမ်းတာ၊ မြို့ပြကလူတွေကို ကျေးလက်ဘုံလယ်ယာစခန်းတွေဆီ အတင်းအကြပ်ပို့တာ၊ ပညာတတ်နဲ့အစိုးရအရာရှိဟောင်းတွေကို သုတ်သင်ရှင်းလင်းတာ စတဲ့ ကြောက်စရာအစွန်းရောက်လုပ် ရပ်တွေကို အားရပါးရကျူးလွန်ခဲ့ကြပါတယ်။ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကနေ ပြည်သူတွေရဲ့အိမ် ထောင်ရေးကိစ္စတွေအထိပါဝင်စွက်ဖက်ပြီး လိုသလိုပုံသွင်းခဲ့ကြပုံတွေက တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းတောင် အံ့အားသင့်ခဲ့ရတဲ့အထိပါပဲ။

အဲ့သလို ဖိနှိပ်မှုတွေနဲ့ ပါတီအတွင်းအာဏာလုမှုတွေအချင်းချင်းဖြုတ်ထုတ်သတ်မှုတွေကြောင့် ခမာနီတွေအင် အားပြိုကွဲလာခဲ့ပါတယ်။ ပိုဆိုးတာက တချိန်ကမိတ်ဆွေဟောင်းဗီယက်နမ်နဲ့ပါ ရန်သူတွေဖြစ်လာခဲ့ပြီး ခမာနီကနေခွဲထွက်သွားခဲ့သူတွေနဲ့ ဗီယက်နမ်တွေပေါင်းပြီး  ကမ္ဘောဒီးယားကို ပြန်လည်သိမ်းပိုက်ခဲ့ကြပါတယ်။ သုံးနှစ်ကျော် နိုင်ငံကိုအုပ်စိုးခဲ့တဲ့ခမာနီတို့ဟာ ၁၉၇၉ မှာ အာဏာစင်မြင့်ကိုစွန့်ခွာခဲ့ရသလို ထိုင်းနယ်စပ်မှာ တောခိုအခြေပြုပြီး အစိုးရကိုပုန်ကန်သူတွေအဖြစ် အဖွဲ့ပြိုကွဲသွားတဲ့ ၁၉၉၉ ဝန်းကျင်အထိ နေထိုင်ခဲ့ရပါတော့တယ်။

ပိုလ်ပေါ့တ်နဲ့ခမာနီခေါင်းဆောင်တွေဟာ ထိုင်း၊ တရုတ်အစိုးရတို့ရဲ့ကူညီထောက်ပံ့မှုတွေနဲ့ တော်လှန်ရေးပြန်လုပ်ခဲ့ကြပေမယ့် ပြည်သူတွေရဲ့ထောက်ခံမှု မရတော့တာကြောင့် မအောင်မြင်တော့ပါဘူး။  သူတို့အာဏာစွန့်ခဲ့ရပြီးနောက်ပိုင်းမှာ ခမာနီခေါင်းဆောင်တွေကြား အာဏာလုမှုတွေခွဲထွက်မှုတွေဖြစ်ခဲ့ပြီး ပိုလ်ပေါ့တ်ရဲ့ကြမ်း တမ်းရက်စက်တဲ့အပြစ်ပေးမှုတွေနဲ့အတူ အင်အားနည်းလာခဲ့ပါတယ်။ အစိုးရနဲ့ခမာနီတို့ကြား မအောင်မြင်တဲ့ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေဟာ ပိုလ်ပေါ့တ်ကွယ်လွန်သွားခဲ့တဲ့ ၁၉၉၈ ဧပြီလမှာ နိဂုံးချုပ်သွားခဲ့ပြီး ပြည် တွင်းစစ်ရပ်စဲသွားသလို ခမာနီထိပ်သီးခေါင်းဆောင်တွေကို တရားစွဲဆိုအပြစ်ပေးတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ထူးခြားချက်တစ်ခုက ပြည်ပနိုင်ငံတွေနဲ့အဆက်ဖြတ်ပြီး တကိုယ်တည်းနေခဲ့တဲ့ခမာနီအစိုးရရဲ့ ပထမဆုံးပြည်ပဧည့်သည်တော်ဟာ မြန်မာနိုင်ငံကသမ္မတကြီး ဦးနေဝင်းဖြစ်ပါတယ်။ သူ့ခရီးစဉ်နောက်ပိုင်းမှာ ခမာနီတို့ရဲ့နိုင်ငံ တကာဆက်ဆံရေးအခြေအနေ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်တခုက လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်းကိုယ်တိုင် ခမာနီတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ ဗီယက်နမ်နဲ့ပူးပေါင်းကာ ခမာနီတို့ကိုဖြုတ်ချခဲ့တာပါ။ ၁၉၈၈ ကနေစပြီး ယနေ့အထိဝန်ကြီးချုပ်ရာထူးကနေမဆင်းတဲ့ သူ့ရဲ့သက်တမ်းရှည်အာဏာချုပ်ကိုင်မှုကလဲ စိတ်ဝင်စားစရာပါပဲ။

ဒီစာအုပ်မှာ ပိုလ်ပေါ့တ်ရဲ့အကြောင်းတွေအပြင် ရှုပ်ထွေးပွေလီလှတဲ့ ကမ္ဘောဒီးယားနိုင်ငံရေးသမိုင်းကိုလဲ လေ့ လာနိုင်မှာပါ။ ပြောချင်တာတခုက မြန်မာတွေရင်းနှီးပြီးသား သီဟာနု၊ တိန့်ရှောင်ပင်လို နာမည်တွေကို စီဟာနွတ်၊ ဒန်ဇိုပင်း ..ဆိုတာမျိုး အသံဖလှယ်ထားတာ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကို စိတ်ကူးချိုချိုစာပေက တန်ဖိုး ၆၀၀၀ ကျပ်နဲ့ထုတ်ဝေဖြန့်ချိတာဖြစ်ပြီး စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း။ ။

အောင်မြို့

Bookreview

https://www.facebook.com/moe.kyawthein.3/posts/1752511201572992 - မှ ခွင့်ပြုမှုဖြင့် ယူပါသည်။