Breaking News

လင်းငယ် - လရောင်မဲ့ ကပ်ဘေး

လရောင်မဲ့ ကပ်ဘေး

လင်းငယ်

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၀


ကိုဗစ်ကပ်ဘေး ကယ်ဆယ်ရေးအနေနဲ့ရနိုင်လျှင် လတစ်စင်းနှင့် ကြယ်အလင်း အနည်းငယ်လောက် လိုချင်ပါ သည်။ ဤသို့ပြော၍ စားနိုင်သောက်နိုင်တော့ ရူးနိုင်သည်ပေါ့ဟုဆိုလျှင်လည်း ခံရပါမည်။ သို့သော် ကျွန်တော် လည်း စားရေးသောက်ရေး တွေးတောပူငေးရသော သာမာန်လူတစ်ယောက်သာ ဖြစ်ပါသည်။ ဝမ်းရေးခက်သော်လည်း လတစ်စင်းနှင့် ကြယ်အလင်းတချို့ကို အလွန်အမင်း တပ်မက်မိနေပါသည်။

ကယ်ဆယ်ရေးပစ္စည်းများသည်ပင်လျှင် သူ့စံချိန်စံညွှန်းနှင့်သူရှိကြရသလို ကျွန်တော်လိုချင်သည့် လနှင့်ကြယ်တွင်လည်း ကန့်သတ်ချက်တစ်ချို့ရှိပါသည်။

လရောင်ကိုမည်သို့လိုချင်ပါသလဲဟုမေးလျှင် အဖိုး၏လှည်းပေါ်က ကြည့်ခွင့်ရခဲ့သည့် လမင်းကြီးမျိုးလိုချင်သည်ဟု ကျွန်တော်ဖြေပါမည်။ ငယ်စဉ်က တလင်းခေါက်ရန်လှည်းစီးကြရင်း အဖိုးပြောပြသည့် ကြယ်တာရာနက္ခတ် အစုံအစုံများနှင့်အတူ တလင်းပြင်မဲမဲပေါ်ရှိ ရေဖြန်းထားသည့်ရေကွက်များအပေါ် ဖြာကျနေသော လရောင်မျိုး လိုချင်ပါသည်။ 

သီတင်းကျွတ်တွင် မန်းလေးကျောက်တော်ကြီးဘုရားပွဲသွားပြီး တညလုံးဇာတ်ပွဲကြည့်၊ ထို့နောက် မနက်အစောကြီး စက်ဘီးဖြင့်ပြန်လာစဉ် အဖေနင်းသည့် စက်ဘီးနောက်ခုံပေါ်ကထိုင်လိုက်ရင်း မြင်ခဲ့ဖူးသော လမင်းကြီးမျိုး လိုချင်ပါသည်။

တစ်အိမ်ဝင်တစ်အိမ်ထွက် “အလှူခံပါတယ်ခင်ဗျ” ဟု အရွယ်တူသူငယ်ချင်းများ၊ ကလေးများနှင့်အတူ အော်ဟစ် ကာ တစ်ရွာလုံးလှည့်လည်ဖူးသည့် တန်ဆောင်တိုင်ညကလမျိုးရနိုင်လျှင်တော့ အတိုင်းထက်အလွန်ဟု ဆိုရပါ မည်။ 

ဘယ်လိုလရောင်မျိုး လိုချင်ပါသလဲဆိုလျှင် လမင်းနံဘေးတွင် ကြယ်ကလေးပျောက်တောက်တောက်ပါသော လရောင်မျိုး လိုချင်ပါသည်။ လပြည့်ညတွင် တွေ့ရတတ်သော လကချည့် လင်းပြီးကြယ်ကလေးများ နေရာမရ သောလမျိုး အကောင်းဆုံးဖြစ်ပါမည်။ သို့သော် လချည့်သက်သက်ဆိုလျှင် အထီးကျန်ဆန်လွန်းသလို ညှို့အား ပြင်းလွန်းသည်ဟုထင်ပါသည်။ ထိုလအပြည့်၏ညှို့ဓာတ်ကို ကျွန်တော်မခံနိုင်ပါ။ ထိုအခါမျိုးတွေ ကြယ်ကလေး တွေ ဘေးနားကနေသတိပေးရန် အသင့်စောင့်နေတတ်သည့် ညအလင်းမျိုးကသာ ကျွန်တော်အတွက် သင့်တော် ပါသည်။

လနှင့်ကြယ်ကို တောင်းဆိုရအောင် ကျွန်တော်သည် ဘာကောင်မျှတော့မဟုတ်ပါ။ ကျွန်တော့ ဘဝပေး အနေ အထားကတော့ဖြင့် လတစင်းလိုကြောင်းကို သဘောပေါက်နိုင်စရာ ရှိပါသည်။ (ခြံဝင်းကျယ်ကျယ်တွင် လေ တဖြူးဖြူးဖြင့် လရောင်နှင့် မြူးခွင့်ရသော သူများက လှောင်ရယ်လိုက လှောင်ရယ်နိုင်ပါ၏)

အကယ်၍ယခုချက်ချင်း လတစ်စင်းရှာရတာ မလွယ်ကူ၊ လသာသာ အစား ကြယ်စုစု အပြည့်နဲ့ ညမှောင်မှောင် ကောင်းကင်ဗလာသာ ယူပါဟုဆိုလျှင်လည်း လိုက်လျောလက်ခံပေးနိုင်စရာ ရှိပါသည်။ ကျွန်တော် လနှင့်ကြယ်ကိုတော့ သဘောထား ကြီးပေးနိုင်ပါသည်။

ကျွန်တော်ကတော့ လတစ်စင်းနှင့်ကြယ်အလင်းများကို မီးခြစ်ဆံဗူးထောင်းထားသည့်နှင့်တူသော အထပ်မြှင့် တိုက်ခန်း တစ်ခုပေါ်မှ တောင်းဆိုနေခြင်း ဖြစ်ပါသည်။ 

လတစ်စင်းနှင့် ကြယ်အလင်းများကို သံပန်းသံတခါးများဖြင့်ချုပ်တည်းထားရပြီး နေကာအမိုးများကို လျှာထိုး ဦးထုပ်လို ဆောင်းထားရသည့် ပြတင်းပေါက်တစ်ခုမှ လမ်းအော် တောင်းခံနေခြင်း ဖြစ်ပါသည်။ 

လတစ်စင်းနှင့်ကြယ်အလင်းများကို ဟိုဘက်သည်ဘက် လက်တစ်ဖဝါးသာခြားနားသော ကန်ထရိုက်တိုက်၏ ပြ တင်းပေါက်မပါသည့်အတွက် လျှပ်စစ်မီးကို ၂၄ နာရီဖွင့်ထားရသည့် အခန်းအတွင်းမှ တောင်းဆိုခြင်းလည်း ဖြစ်ပါသည်။

ဆရာမောင်အောင်ပွင့်၏ငွေလမင်းခမျာမှာတော့ ငါးရိုးနင်ခဲ့ရပါသည်။ စိုင်းထီးဆိုင်၏ ရန်ကုန်က လကတော့သာပေမယ့် အလကားဖြစ်ခဲ့ပါသည်။ ကျွန်တော့တွင်တော့ လပင်လျှင် မမလှလှ ဝဝလှလှ မသာနိုင်ပါချေ။ တိုက်ကြို တိုက်ကြားတွင် သူ့ခဗျာ ခါးစောင်းရင်တိမ်ဖြင့် ဟန်ပျက်လွန်းလျက် ရှိလှပါသည်။ 

လရောင်ကို ကျွန်တော့်အတွက်သာကမ ကျွန်တော့သားကလေးအတွက်ပါ တောင်းခံနေရခြင်း ဖြစ်ပါသည်။ ထို အတွက် ပိုမို စာနာပါဟုတော့ အထူးအခွင့် အရေး မလိုချင်ပါပေ။ 

‘ဖေဖေရေ .  . .အဲ့မီးထိန်ထိန်ကြီးထွန်းပြီး အိပ်ရင် သားအိပ်မက်ဆိုးတွေ မက်တယ်။ လမင်းကြီးသာ သားရရင် အိပ်မက်ဆိုးတွေ မက်တော့မှာ မဟုတ်ဘူး” ဟု ပြောကာ ကျွန်တော်ကို ပူဆာနေရှာပါသည်။ 

ဒီကပ်ကြီးပြီးလျှင် . . . ဟု လူတွေက အမျိုးမျိုးက ကြံစည်းစိတ်ကူးနေကြပါသည်။ ကျွန်တော်လည်း အများ နည်းတူ ကြံစည်မိပါသည်။ ထိုအကြံအစည်ကား ကြီးကြီးကျယ်ကျယ် ထူးထူးခြားခြားတော့လည်း မဟုတ်ပါ။ လ ရောင်ဈေးမကြီးသော အမေ့ရွာလေးသို့ တခါတော့ ပြန်အုံးမည်ဟုသာ ဖြစ်ပါသည်။ ယခုတော့ဖြင့် လမင်းနှင့် ကြယ်အလင်းများ လာလှူမည့်သူကို စိတ်ရှည်ရှည်စောင့်နေရပါဦးမည်။ ဒီကပ်ကြီးပြီးလျှင် . . . ဟု ဆိုသည့်အချိန်အထိ ဖြစ်ပါသည်။

လင်းငယ်

ည ၁၀:၄၅ နာရီ။ တနင်္လာ။ 

၁၂ အောက်တိုဘာ ၂၀၂၀။ ရန်ကုန်။