Breaking News

ဇင်လင်း - တခေတ်တယောက် ထွန်းတောက်တဲ့ လူထုဘက်က စာရေးဆရာ



ဇင်လင်း  - တခေတ်တယောက် ထွန်းတောက်တဲ့ လူထုဘက်က စာရေးဆရာ

ယခုနှစ်တွင် ကျရောက်သော ဆရာဗန်းမော်တင်အောင် ရာပြည့် အထိမ်းအမှတ်
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၀

“လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။”

ကျနော်တို့ နောက်မျိုးဆက်တွေ မမေ့နိုင်တဲ့ လူထုစာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ အမှာစကားဖြစ်ပါတယ်။ ဗန်းမော်တင်အောင်ဟာ ၁၉၆၀ ၀န်းကျင်မှာ လင်းယုန်သတင်းစာ အယ်ဒီတာအဖြစ်ထင်ရှားနေရုံမက၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် မှာလည်း အလုပ်အမှုဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့တယ်။ မိမိတို့ခေတ် ကျောင်းသား လူငယ်များ အကြား ဗန်းမော် တင်အောင်ရဲ့ အမည်က ရေပန်းစားခဲ့တယ်။

မိမိ ဆဋ္ဌမတန်းကျောင်းသားဘဝမှာ ပထမဆုံး ဖတ်ဖြစ်တဲ့ လုံးချင်းဝတ္ထုက ဗန်းမော်တင်အောင်ရဲ့ ‘ဘုန်းမောင်တယောက် ထဲရယ်’ ဖြစ်ပါတယ်။ ဟိုက်စကူးဖိုင်နယ်(ခေါ်) နဝမတန်း ကျောင်းသားကြီးတစ်ဦးက ‘ဘုန်းမောင်တယောက် ထဲရယ်’ ကို ဖတ်ပြီးနောက် စာကြည့် တိုက်သို့ စာအုပ် ပြန်အပ်ချိန်မှာ ‘ကောင်းတယ် ညီလေးရ၊ ဖတ်ကြည့်’ လို့ တိုက်တွန်းခဲ့တာ ကြောင့် ‘ဘုန်းမောင်တယောက် ထဲရယ်’ ကို ဖတ်ဖြစ်ခဲ့တယ်။ ဖဆပလ အစိုးရ လက်ထက် မှာ နိုင်ငံရေးပုဒ်မနဲ့ မကြာခန အဖမ်းခံခဲ့ရသူ ဗန်းမော်တင်အောင် အကြောင်းကို သတင်းစာမှာ မိမိ ဖတ်ဖူးထားတယ်။ အဘိုးကို သတင်းစာဖတ်ပြရင်းနဲ့ ဗန်းမော်တင်အောင်ရဲ့ သတင်းကို သိရှိနေခေဲ့တယ်။ ဒါကြောင့် ကျောင်းစာကြည့်တိုက်မှာ ရှိနေတဲ့ ‘ဘုန်းမောင်တယောက် ထဲရယ်’ ၀တ္ထုကို ဖတ်ကြည့်ဖြစ်ခဲ့တယ်။ ၀တ္ထုဇာတ်လမ်းမှာ ၁၉၃၆ မှ ၁၉၄၆ ကြားကာလ နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုနှင့် ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှု တို့ကို နောက်ခံပြုထားပြီး၊ ထိုခေတ်က လူငယ်နိုင်ငံရေးသမားတစ်ဦးရဲ့ အတွေးအမြင် အယူအဆတို့ကို စိတ်ဝင်စားဖွယ် တင်ပြထားတယ်။ အဲဒီ ဝတ္ထုဟာ ၁၉၄၆ မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပေမယ့်၊ ဆယ်စုနှစ် သုံးစုမျှမက လူငယ်များအပေါ် နိုင်ငံရေး သြဇာသက်ရောက်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့တယ်။

ဒုတိယ ဖတ်ဖြစ်တဲ့ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုမှာ ‘အမေ’ ဖြစ်တယ်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသား သပိတ်ခေတ်မှ အစပျိုးပြီး ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေတ်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးခေတ်၊ စစ်ပြီးစ လွတ်လပ်ရေး လှုပ်ရှားမှုခေတ်၊ ဖဆပလ အစိုးရခေတ်များတစ်လျှောက် ဆင်းရဲသားပြည်သူများဘက်မှ ရပ်တည်ရုန်းကန်ခဲ့တဲ့ အညတြ အမျိုးသမီး တစ်ယောက်အကြောင်း သမိုင်းဖြစ်ရပ်များနဲ့ ယှဉ်တွဲ ဇာတ်လမ်းဖွဲ့ထားတယ်။

စာရေးဆရာရဲ့ နိုင်ငံရေး အမြင် ရပ်တည်ချက်တွေကိုလည်း ထည့်သွင်းဖေါ်ပြထားတယ်။ ဆရာ ဗန်းမော်တင်အောင်ရဲ့ ‘အမေ’ ၀တ္ထုနဲ့ ‘ဘုန်းမောင်တယောက် ထဲရယ်’ ၀တ္ထုတို့ကို ဆက်စပ် ဖတ်ရှုကြည့်ရင် ၁၉၂၀ ကိုလိုနီခေတ်မှ ၁၉၄၈-၅၈ ဖဆပလခေတ် အတွင်း သမိုင်းရဲ့ နောက်ကွယ်မှ ပြည်သူလူထု တွေ့ကြုံ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေ ဖိနှိပ်ခံရမှု၊ ညှင်းပမ်းနှိပ်စက်ခံ ရမှု၊ မတရား သတ်ဖြတ်ခံရမှုတွေကို မြင်ယောင်လာစေတယ်။ ဒါကြောင့်လည်း ဖဆပလအစိုးရနဲ့ စစ်အစိုးရများက စာရေးဆရာကို ကြိမ်ဖန်များစွာ ထောင်ချခဲ့ပုံရတယ်။

သတင်းစာဖတ်ရင်း နိုင်ငံရေးစိတ်ဝင်စားမိတဲ့ မိမိအနေနဲ့ ဗန်းမော်တင်အောင်ရဲ့ ‘ဘုန်းမောင်တယောက်ထဲရယ်’၊ ‘အမေ’၊ ‘ဒေါက်တာ ရေချမ်း’၊ ‘အညတြ’(ကြက်တော)၊ ‘ပြည်တော်သာခင်ခင်ဦး’၊ ‘သူပုန်ကြီး’ နဲ့ ‘မမကြီး’ အစရှိတဲ့ ၀တ္ထုတွေကို အထက်တန်းတန်း ကျောင်းသားအရွယ်မှာ ဖတ်ဖြစ်ခဲ့တာဖြစ်တယ်။ ‘အမေ’ ၀တ္ထု ဒုတိယအကြိမ်ပုံနှိပ်ရာမှာ စာအုပ်ရဲ့ နောက်ဆက်တွဲဖေါ်ပြချက်အဖြစ် ဗန်းမော်တင်အောင်က ယခုကဲ့သို့ ရေးသားခဲ့တယ်။

“၁၉၅၂ ခု၊ သြဂုတ်လ ၂၉ ရက်နေ့က ပုဒ်မငါးဖြင့် ကျွန်တော်အား ဖမ်းဆီးကြ၏။ နေရောင်မမြင်ရသော ဘားလမ်း အချုပ် ထောင်၌ ကြွက်၊ ခြင်၊ ပိုးဟပ်များနှင့် (၇)ရက်မျှ အတူနေထိုင်ခိုင်းပြီးနောက်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် စာရေးဆရာ အသင်းကြီးက ရန်ကုန်ထောင်ကြီးသို့ ပို့ပေးရန် ၀ိုင်း၍ ဆူဆူညံညံ လုပ်ပေးကြသဖြင့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကျွန်တော်သည် ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိခဲ့ရ၏။ ပြည်တွင်းစစ်၊ ပြည်တော်သာ၏ နေ့တနေ့၊ သူပုန်ကြီး၊ အမေ နှင့် ပြည်တော်သာခင်ခင်ဦး စသော စာအုပ်များ ရေးသားခဲ့သည့်အတွက် နိုင်ငံတော်အစိုးရမင်းများက တရားလိုပြုလုပ်၍ ကျွန်တော့်အား တစ်မှုပြီး တစ်မှု အလီလီအလာလာ၊ တရားစွဲဆို၏။ အမေဆိုသော စာအုပ်မှာ တစ်အုပ်တည်းသာ ဖြစ်သော်လည်း နှစ်ကြိမ်ပုံနှိပ်ရသဖြင့် အမှု (၂) မှုလုပ်၍ တရာဒစွဲဆိုသည်အထိဖြစ်၏။ ပြည်တွင်းစစ်နှင့် ပြည်တော်သာ၏ နေ့တစ် နေ့၊ စသော ၀တ္ထုတိုကလေးများအား အရေးပေါ်အက်ဥပဒေဖြင့် တရားစွဲဆို၍၊ ကျန်သူပုန်ကြီး ပထမနှင့် ဒုတိယနှိပ်ခြင်းများ နှင့် ပြည်တော်သာခင်ခင်ဦး စာအုပ်များအား ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နှင့် စွဲဆို၏။”

“တရားရုံးမင်းက ကျွန်တော့်တွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ပြည်တွင်းစစ်အတွက် ထောင်ဒဏ် (၂) နှစ်၊ သူပုန်ကြီး အတွက် ထောင်ဒဏ် (၁) နှစ်၊ အမေ အတွက် ပထမနှိပ်ခြင်း (၂)နှစ် ဒုတိယနှိပ်ခြင်း(၂) နှင့် ပြည်တော်သာခင်ခင်ဦး အတွက်(၂)နှစ် သုံးမှုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၉)နှစ် အပြစ်ပေးလိုက်၏။ သို့ရာတွင် ပြည်တွင်းစစ်နှင့် သူပုန်ကြီး ပြစ်မှုများ၊ အမေ ပထမနှိပ်ခြင်း (၂)နှစ် ဒုတိယနှိပ်ခြင်းများအား တပါတည်းပေးလိုက်သဖြင့် (၃)ခုပေါင်း ထောင်ဒဏ် (၆)နှစ်မျှ သက်ညှာစွာဖြင့်ပင် ပေးလိုက်၏။ သိုရာတွင် ကျွန်တော်သည် တရားရုံးမင်း၏ စီရင်ချက်အတိုင်း (၆)နှစ်ကြာမျှ ရန်ကုန်ထောင်ကြီး၌ နေထိုင်ခြင်းကား မပြုခဲ့ရပေ။ ပဲခူးရွှေမော်ဓေါဘုရားထီးတင်ပွဲတော် ကြောင့်လည်း ကောင်း၊ သာသနာ ၂၅၀၀ ပွဲတော်ကြောင့်လည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်သော အကျဉ်းသားများအား ပေးရိုး ပေးစဉ် လျှော့ရက် (ဆုမှတ်ရက်ဟုလည်းခေါ်သည်) များကြောင့် ကျွန်တော့်အားစတင်ဖမ်းဆီးခြင်းပြုခဲ့သော ၁၉၅၂ ခုနှစ် သြဂုတ်လ (၂၉)ရက်မှ စ၍ ကျွန်တော်ပြန်လည် လွတ်လပ်ခွင့်ရရှိခဲ့သော ၁၉၅၇ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့အထိ စုစုပေါင်း (၄)နှစ် (၄)လနှင့် (၆)ရက်ကြာမျှသာ နိုင်ငံတော်အစိုးရ၏ အကျဉ်းသား ဖြစ်ခဲ့ရ၏။ ထိုအကျဉ်းခံရသော ရက်ကို လက်ချိုးရေတွက်မည်ဆိုလျှင် ရက်ပေါင်း ၁၅၆၉ ရက်မျှရ၏။” ဟု ဗန်းမော်တင်အောင်က မှတ်တမ်းတင်ထားခဲ့တာတွေ့ရတယ်။

ဖေါ်ပြပါ ဆရာ ဗန်းမော်တင်အောင်ရဲ့ ရေးသားတင်ပြချက်ကို ကြည့်ခြင်းအားဖြင့် လွတ်လပ်ခါစ မြန်မာနိုင်ငံမှာ စာရေး ဆရာ သတင်းစာဆရာများရဲ ‘လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်’ ချိုးနှိမ်ပိတ်ပင်ခံရပုံကို သိရှိနိုင်တယ်။ လွတ်လပ်ရေးရဲ့ အနှစ်သာရကို အာဏာရှင်၊ ငွေရှင်ကြေးရှင်နဲ့ မြေပိုင်ရှင်ဆိုသူများက အလျှံပယ်ခံစားနေကြရပေမယ့် အဖိနှိပ်ခံ ဆင်းရဲသား အလုပ်သမား လယ်သမားနဲ့ မြေကျွန်များဖြစ်သော လူများစုကြီးမှာ ဆင်းရဲဒုက္ခအမျိုးမျိုး ခါးစည်းခံနေကြရတယ်။ ဒါကြောင့် ဗန်းမော်တင်အောင်ဟာ အငြင်းပယ်ခံ ပြည်သူတွေဘက်က အမြဲ ရပ်တည်ရေးသားခဲ့တဲ့ စာရေးဆရာဖြစ်လာခဲ့တယ်။

ဆရာ ဗန်းမော်တင်အောင်ဟာ သူ့ယုံကြည်ချက်နဲ့ အညီ ၁၉၅၇ မှ ၁၉၆၃ အထိ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ယူခဲ့ဖူတယ်။ တရုတ်ဖြူကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်း ဆောင်ရွက်ခဲ့ဖူတယ်။ ၁၉၆၃ မှာ ဆရာ ဗန်းမော်တင်အောင်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရဖူးတယ်။ အသက်အရွယ်အားဖြင့် လေးဆယ်ဝန်းကျင်မှာ ဗန်းမော်တင်အောင်ဟာ လူအများရဲ့ လေးစားချစ်ခင်ခြင်းခံရပြီး၊ နေရာပေးခြင်းခံရတဲ့အတွက် လူငယ်များရဲ့ စံပြစာရေးဆရာဖြစ်ခဲ့တယ်။

၁၉၅၂ မှ ၁၉၆၄ ခုနှစ်အကြား ခေတ်ကာလ ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ မုန်တိုင်းထန်ချိန်ဖြစ်ခဲ့တယ်။ ဗန်းမော်တင်အောင်ဟာ လူထု အကျိုးပြု နိုင်ငံရေး အယူအဆ တနည်းအားဖြင့် သူ့ နိုင်ငံရေး ယုံကြည်ချက်ကို စာပေဖြင့် ဖွင့်ဟရေးသား ဖေါ်ပြခဲ့မှုကြောင့် ဖဆပလအစိုးရရဲ့ ငြိုငြင်မှု ခံခဲ့ရတယ်။ ၁၉၅၂ မှ ၁၉၅၇ အတွင်း (၅)နှစ် တကြိမ်၊ ၁၉၅၉-၆၁ အတွင်း (၂) နှစ် တကြိမ်၊ (ဖဆပလ အစိုးရ ၁၀ နှစ်သက်တမ်းကာလ) အတွင်း (၇) နှစ် အကျဉ်းချခံခဲ့ရတယ်။ စစ်အာဏာရှင်ဗိုလ်နေဝင်းခေတ် ၁၉၆၄-၇၁ အတွင်း ကိုကိုးကျွန်းမှာ (၅)နှစ်အပါအဝင် နရသိန်အတွင်း (၇)နှစ်ကြာ နေခဲ့ရ တယ်။ ဒါပေမယ့် ဖဆပလအစိုးရခေတ် က အကျဉ်းထောင် အတွင်းမှာ စာရေးခွင့် စာဖတ်ခွင့် ကောင်းကောင်းရရှိခဲ့ တယ်လို့ ဆိုတယ်။

မိမိတို့ခေတ်လူငယ်တွေအနေနဲ့ ဆရာ ဗန်းမော်တင်အောင်ကို လေးစားအားကျမိရတဲ့အချက်က အကျဉ်းထောင်အတွင်း ရှိနေစဉ်မှာ စိတ်ဓါတ်မကျဘဲ လုံ့လဝိရိယကြီးစွာ ၀တ္ထုတို၊ ၀တ္ထုရှည် အမြောက်အမြားရေးနိုင်ခဲ့တာကြောင့် ဖြစ်တယ်။ လူငယ်မျိုးဆက်သစ်တွေ အတွက် ရည်ရွယ်ပြီး ‘ကိုလိုနီခေတ် မြန်မာ နိုင်ငံသမိုင်း’ နဲ့ ‘မြန်မာနိုင်ငံတော်သမိုင်း’ တို့ကို လည်းရေးသားထားခဲ့တယ်။

ခေတ်သစ်သိပ္ပံ ပညာ နှင့် မိတ်ဆက်ပေးတဲ့ ‘ရုပ်ကမ္ဘာ’၊ ‘သဘာဝတ္ထ’၊ ‘အိုင်းစတိုင်း၏ နှိုင်းရဓမ္မ’ အစရှိတဲ့ စာအုပ်တွေကိုလည်း ရေးခဲ့ ကြောင်း သိရတယ်။ ၁၉၆၀ ခုနှစ်တွင် ဗန်းမော်တင်အောင်ရဲ့ ‘မမကြီး’ ၀တ္ထုကို အောင်လင်းရဲ့ ‘အရိုင်းစံပယ်’ ၀တ္ထု နဲ့ ပူးတွဲ ပြီး စာပေဗိမာန်ဝတ္ထုရှည်ဆု ပေးခဲ့တယ်။ ဗန်းမော်တင်အောင်က အဲဒီ စာပေဆုကို သူ့နိုင်ငံရေးရပ်တည်ချက်အရ လက်မခံ ခဲ့ဘူးလို့သိရတယ်။ အဲဒီအချိန်က ဗိုလ်နေဝင်း စစ်အာဏာရှင်အစိုးရကို ဆုမယူခြင်းဖြင့် ဆန့်ကျင်ကြောင်း ပြသခဲ့ခြင်းဖြစ်တယ်လို့ဆိုတယ်။ အဲဒီလို ကိုယ့်ယုံကြည်ချက်အတိုင်း ရဲရင့်ပြတ်သားစွာ ရပ်တည်ပြခဲ့တဲ့ ဗန်းမော်တင်အောင်ရဲ့ ဆုံးဖြတ်ချက် ကို မိမိတို့ခေတ် လူငယ်များက ကျေနပ်အားရ ထောက်ခံခဲ့ကြတယ်။

မိမိတို့အလယ်တန်း အထက်တန်း ကျောင်းသားဘဝမှာ စာရေးဆရာအများအပြားရဲ့ ၀တ္ထုအများအပြား ဖတ် ဖြစ်ခဲ့တယ်။ ပြား ၆၀ တန် ၀တ္ထုခေတ်ကိုလည်း မှီခဲ့တယ်။ ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ၀တ္ထုတွေ၊ သင်္ခန်းစာယူသင့်တဲ့ ၀တ္ထုတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အမှောင်ရိပ်အောက်နဲ့ နောက်ဖေးလမ်းကြားမှ ဘဝများ၊ ဖိနှိပ်ခံ ငြင်းပယ် ခံတို့ရဲ့ ဘဝများ၊ ဖေါင်စီးရင်း ရေငတ်နေသော အလုပ်သမား လယ်သမားတို့ရဲ့ ဘဝများ၊ ဆင်းရဲသားကျောမွဲတို့ရဲ့ ခံစားချက်များကို နိုင်ငံရေးအမြင်ဖြင့် ခွဲခြမ်းစိပ်ဖြာ ရေးပြရာမှာတော့ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုများက စူးစူးရှရှ ရှိလှတယ်လို့ ခံစားမိတယ်။ မိမိအနေနဲ့ အသက် ၁၆၊ ၁၇၊ ငယ်ရွယ်စဉ်အခါက ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုတွေကို အရင်ဆုံးဖတ်ဖြစ်ခဲ့တဲ့အတွက် သူ့ဝတ္ထုဇာတ်လိုက်များရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှု ခံရခြင်းလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် ခဲ့ဖူးတယ်။ လိုရင်းပြောရရင် ဟုတ်ပါတယ်။ မိမိကိုယ်တိုင်လည်း ဆင်းရဲနွမ်းပါတဲ့ မိသားစုဝင် တစ်ဦး ဖြစ်ခဲ့တာကြောင့် ဆင်းရဲသူဆင်းရဲသား အလုပ်သမား လယ်သမား ကျောမွဲများရဲ့ အနှိမ်ခံ အငြင်းပယ်ခံ ဖိနှိပ်မှုအမျိုးမျိုးခံရပုံတွေကို မြင်တွေ့နေရတယ်။ ဒါကြောင့် ဆင်းရဲသား ပြည်သူတွေရဲ့ ဘဝတွေကို ခံစားနားလည်မိ တယ်လို့ ဆိုချင်တယ်။ မိမိရဲ့ ကိုယ်တွေ့အသိအမြင်နဲ့ ကိုယ်ချင်းစာစိတ်ကို ပိုမို ရှင်းလင်း ကြည်လင်စွာ မြင်လာစေဖို့ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုတွေက အလင်းပြခဲ့တယ်။

နိုင်ငံရေးအတွေးအမြင်အယူအဆအရ လူထုဘက်က အမြဲရပ်တည်ရေးသားခဲ့တဲ့ ဗန်းမော်တင်အောင်ရဲ့ စာပေသြဇာဟာ မိမိတို့ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝ ခေတ်ကာလ အပေါ် အတော်အတန် လွှမ်းမိုးမှု ရှိခဲ့တဲ့ အချက်ကိုမူ အငြင်းပွားဖွယ်မရှိ ဘူးလို့ ဆိုချင်တယ်။ ဗန်းမော်တင်အောင်ရဲ့ ‘အမေ’ ၀တ္ထု စာအုပ် ရည်ညွှန်းချက်ကို ဖတ်ကြည့်ရင် စာရေးဆရာရဲ့ နိုင်ငံရေးစံချိန်စံညွှန်း နဲ့ သဘောထားရပ်တည်ချက်ကို အတိုင်းသားမြင်နိုင်တယ်။ အဲဒီ ရည်ညွှန်းချက်မှာ အခုလို ဖေါ်ပြထားတယ်။

“ဗမာ့တစ်မျိုးသားလုံး၏ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခဲ့ကြသော လင်၊ သား၊ မောင်ဖွားများ၏ နောက်ပိုင်းတွင် ဖြစ် သလိုကြံဖန်နေ၍ အငတ်ငတ် အပြတ်ပြတ်နှင့် ကူညီကာ အမျိုးမျိုးပါရမီဖြည့်ခဲ့ကြရှာသော ဗမာ့အမျိုးသမီးများအား ဤ အမေ ၀တ္ထုဖြင့် ရိုသေလေးမြတ်စွာ ဦးညွတ်ဂုဏ်ပြုပါ၏။” (ဗန်းမော်တင်အောင်)

ဒါကြောင့် မိမိ ငယ်ရွယ်စဉ်မှာပင် ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုတွေကို ဖတ်ခွင့်ရခဲ့ခြင်းကြောင့် ‘မတရားသဖြင့် ဖိနှိပ်သူများ’ ဟာ ဘယ်သူတွေ ဖြစ်ကြောင်း၊ ‘မတရားပြုခြင်း ခံရသူများ’ ဟာ ဘယ်သူတို့ဖြစ်ကြောင်း ကောင်းစွာ ခွဲခြမ်းစိပ်ဖြာနိုင်ခဲ့ တယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထား ရိုးသားဖြောင့်မတ်သူတစ်ဦးဆိုပါက ‘မတရားပြုခြင်း ခံရသူများ’ ဘက်မှ ရပ်တည် ပေးရမယ်ဆို တာကိုလည်း ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုဇာတ်ကောင်များက ညွှန်ပြခဲ့ကြတယ်။

ဆရာမကြီး လူထုဒေါ်အမာက “ကိုတင်အောင်က လူတော်၊ တခေတ်တယောက် ထွန်းတောက်တဲ့ ပုဂ္ဂိုလ်ပါ၊ တိုးတက်ခေတ်မီတဲ့ အယူအဆရှိတဲ့ သူ့စာတွေကို လူကြိုက်များတာမို့ လူထုစာရေးဆရာလို့ ပြောနိုင်ပါတယ်” လို့ မှတ်ချက်ပြုဖူးပါတယ်။

ဆရာဟာ အသက် (၁၈) နှစ်အရွယ်ကတည်းက မြန်မာ့အလင်းသတင်းစာမှာ အလုပ်သင်သတင်းထောက် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၄၁-၄၂ ဒုတိယကမ္ဘာစစ်ကာလမှာ ဗြိတိသျှအထက်ဗမာပြည်တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဖူး ပါတယ်။ အဲဒီ စစ်တပ်အတွေ့အကြုံတွေကို “လွမ်းရစ်တော့ သက်လှယ်ရယ်” ၀တ္ထုမှာ ထင်ဟပ်ရေးဖွဲ့ခဲ့တာ တွေ့နိုင်ပါတယ်။ ဆရာဟာ စတီဘရားသား သစ်ကုမ္ပဏီမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ၁၉၄၉ ခုနှစ် စာပေနယ်ထဲ ခြေစုံပစ်ဝင်ချိန်မှာ တာရာမဂ္ဂဇင်း လက်ထောက်အယ်ဒီတာ ဖြစ်လာပါတယ်။ ဂျပန်တော်လှန်ရေးပြီးချိန် ၁၉၄၅ ကုန်ခါနီးမှာ ဗန်းမော်တင်အောင် ကလောင်အမည်နဲ့ “နော်မူဂေး” ကို စရေးခဲ့ပြီး ၁၉၄၆ မှာ “ဘုန်းမောင်တယောက်ထဲရယ်” လုံးချင်းဝတ္ထုကို ထုတ်ဝေခဲ့ ပါတယ်။ “ဘုန်းမောင်တယောက်ထဲရယ်” ဟာ လူငယ်တွေအပေါ် အတော်သြဇာသက်ရောက်တဲ့ ၀တ္ထုလို့ ဆိုပါတယ်။ တက္ကသိုလ်ဘုန်းနိုင်က အဲဒီဝတ္ထုထဲက ဇာတ်လိုက်နာမည်ကို သူ့ကလောင်နာမည်အဖြစ် ယူခဲ့တာလို့ ပြောဖူးပါတယ်။

“ဘုန်းမောင်တယောက်ထဲရယ်” လုံးချင်းဝတ္ထု ထွက်လာတော့ တာရာမဂ္ဂဇင်းမှာ ဆရာဒဂုန်တာရာရဲ့ ဝေဖန်ချက် ပါလာပါတယ်။

“ဤဝတ္ထုသည် ဗန်းမော်တင်အောင်၏ ပထမဆုံး ၀တ္ထုရှည်ကြီးဖြစ်ပေသည်။ အခန်းခွဲပုံ၊ ဇာတ်လမ်းအချိတ်အဆက် တို့မှာ ခေတ်ဆန်သည်။ ၀တ္ထုတွင် အယူအဆ အထူးသဖြင့် နိုင်ငံရေးအယူအဆများ ထည့်သွင်းရေးသားပုံမှာ ထူးခြားပေသည်။ ဗန်းမော်တင်အောင်သည် မကြာမီ ဆန်းလာတော့မည့် စာပေသစ်ကောင်းကင်ဝယ် ကြယ်တပွင့် အဖြစ် ထွန်းတောက်၍ နေပေလိမ့်မည်ဟု မျှော်လင့်မိပေသည်” လို့ ဆရာဒဂုန်တာရာက ဝေဖန်ပါတယ်။

၁၉၅၀ မှာ “လွမ်းရစ်တော့ သက်လှယ်ရယ်”၊ “ဒေါက်တာရေချမ်း” နဲ့ “မုန်တိုင်းထဲကလူ” ၀တ္ထုရှည်ကြီး (၃) ပုဒ် ထွက်လာပါတယ်။ အဲဒီအချိန်မှာ ဗန်းမော်တင်အောင်ဆိုတဲ့ ကလောင်အမည်ဟာ လူငယ်တွေ ပါးစပ်ဖျားမှာ ထင်ရှားနေပါပြီ။ ဒီတုန်းက ဆရာ့အသက်ဟာ (၃၀) ပဲ ရှိပါသေးတယ်။ ဒီအရွယ်လောက်နဲ့ ဆရာဟာ ဘယ်လိုကြောင့် အောင်မြင်တဲ့ စာရေးဆရာတယောက်ဖြစ်လာရတာလဲ။ ဆရာဒဂုန်တာရာရဲ့ “မုန်တိုင်းထဲကလူ” ၀တ္ထုဝေဖန်ချက်မှာ တွေ့နိုင်ပါတယ်။

“ယခုခေတ်တွင် ဗန်းမော်တင်အောင်သည် ထင်ရှားကျော်စောသော ၀တ္ထုရေးဆရာတဦး ဖြစ်ပေသည်။ အထူးသဖြင့် ပညာတတ်လူငယ်ပိုင်းက သူ့ကို အသည်းစွဲကြိုက်ကြသည်။ ဗန်းမော်တင်အောင်ကို ဘာကြောင့် စွဲကြသလဲ။ သူ့၌ စွဲလမ်းအောင် ရေးတတ်သော ဟန် ရှိသည်။ … သူ၏ စာဟန်မှာ ချစ်စရာကောင်းသည်။ … ဖက်ဆစ်တော်လှန်ရေးအပြီး တက်ကြွလှုပ်ရှားလာသော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို ခြယ်ရေးပြသည်။ အောင်ဆန်း-အက်တလီ စာချုပ်ခေတ်ရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုကို ဖော်ပြသည်။

ဗန်းမော်တင်အောင်သည် ယခုဝတ္ထုအရေးအသားတွင် များစွာပင် တည်ငြိမ်လေးနက်လာသည်။ တက်ကြွအောင် လှုံ့ဆော်ရေးသားနိုင်စွမ်းရှိလာသည်။ ယခင်က သူသည် အနွဲ့အနှောင်း အပျော့အပျောင်းကိုသာ ရေးသားခဲ့သည်။ ယခုကား စာရေးဆရာ၏ လူမှုဆက်ဆံရေးတာဝန်ကို သိမြင်လာလေပြီ။ သိမြင်သည့်အလျောက် ဖော်ပြနိုင်စွမ်းရှိလာပေပြီ။ အတွေးသစ် အရေးသစ်တို့ဖြင့် သူရင့်သန်လေပြီ။ နောင်အခါ ဗန်းမော်တင်အောင်သည် စာပေသစ်၏ အင်အားစုဝယ် ကြီးမားလေးနက် သောအခန်းက ပါ၀င်ပါစေသတည်း။”

ဒီဝေဖန်ချက်ကို ကြည့်ရင် ဆရာဗန်းမော်တင်အောင်ဟာ ဘာကြောင့် သူ့ခေတ်လူငယ်တွေရဲ့ စွဲလမ်းနှစ်သက်မှုကို ခံယူရရှိခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဆရာဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက် လူထုဘက်က အမြဲရပ်ခဲ့တဲ့ စာရေးဆရာဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးရချိန်ကစပြီး ထောင်ထဲကို ၀င်လိုက် ထွက်လိုက် နေခဲ့ရတာဟာ လူထုဘက်က အမြဲရပ်ခဲ့လို့ပါပဲ။

၁၉၅၀ နဲ့ ၆၀ ကြားမှာ ဆရာဗန်းမော်တင်အောင်ဟာ လင်းယုန်ဂျာနယ်၊ လင်းယုန်သတင်းစာ၊ ဗမာစာပေ မဂ္ဂဇင်းစတာတွေ ထုတ်ဝေခဲ့ပြီး၊ တဘက်မှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ အမြဲတက်တက်ကြွကြွ ပါ၀င်ခဲ့ပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်မှာ ၁၉၅၁ ကနေ ၁၉၆၃ အထိ အလုပ်အမှုဆောင်တာဝန် ထမ်းခဲ့ပါသေးတယ်။ ၁၉၅၇ ကနေ ၁၉၆၃ အထိ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန် ယူခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသေးတယ်။ ၁၉၆၃ မှာ ဆရာဟာ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၁၉၅၂ ကနေ ၁၉၆၄ ကြားကာလမှာ မြန်မာ့နိုင်ငံရေးနယ်မှာ မုန်တိုင်းထန်ချိန်ဖြစ်ပါတယ်။ ဒီတုန်းက ဆရာဟာ လူထုအကျိုးပြု နိုင်ငံရေးအယူအဆ တနည်းအားဖြင့် သူ့ယုံကြည်ချက်ကို စာပေဖြင့် ဖွင့်ဟရေးသားခဲ့မှုကြောင့် ဖဆပလအစိုးရရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရပါတယ်။ ၁၉၅၂- ၅၇ အတွင်း (၅) နှစ် တကြိမ်၊ ၁၉၅၉-၆၁ အတွင်း (၂) နှစ် တကြိမ်၊ (ဖဆပလအစိုးရ ၁၀ နှစ်သက်တမ်းကာလ) ထောင်ထဲမှာ (၇) နှစ် နေခဲ့ရပါတယ်။ စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ် ၁၉၆၄-၇၁ အတွင်း ကိုကိုးကျွန်းမှာ (၅) နှစ်အပါအဝင် ထောင်ထဲမှာ (၇) နှစ်ကြာ နေခဲ့ရတယ်။ ဒါပေမယ့် ဖဆပလအစိုးရရဲ့ အကျဉ်းထောင်ထဲမှာတုန်းကတော့ စာရေးခွင့် စာဖတ်ခွင့် ကောင်းကောင်းရခဲ့ပါတယ်။ အဲဒီအကြောင်း ဆရာ့ရဲ့ ‘ဆိုရှယ်လစ်ဋီကာကျမ်း’ အမှာစာမှာ အခုလို ရေးထားတာတွေ့ရပါတယ်။

“အကျဉ်းထောင်တွင်း နေထိုင်ရစဉ်က ဆိုရှယ်လစ်ဝါဒနှင့် သက်ဆိုင်ရာ စာအုပ်စာတမ်း စံတော်ဝင် ကျမ်းအစောင်စောင်တို့ကို အပြင်အပမှ ၀ိုင်းဝန်းကူညီရှာဖွေပေးခဲ့ကြကုန်သော၊ ဦးဘဝင်းနှင့် ဦးမောင်မောင်၊ စာရေးဆရာ မောင်နေဝင်း၊ ဒဂုန်တာရာနှင့် မြသန်းတင့်၊ ဂျာမနီပြန် ဦးတင်(ဗလစ)၊ ၀တ်လုံတော်ရများဖြစ်ကြသော ဦးထွန်းတင်၊ ဦးလှတင်နှင့် ဦးဘကျော်၊ ဦးအုန်းမြင့်(ကျော်လင်း)နှင့် ဦးကောင်း(ဒဂုန်) တို့အားလည်းကောင်း အတွင်းမှဖြစ်ကြသော သခင်အုန်းမောင်၊ သခင်ဖေဌေး၊ သခင်ဘလှိုင်၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်ကျော်စိန် (ပြည်သူ့စာပေ)နှင့် လူထုဦးလှတို့အားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်လိမ့်မည် ထင်ပေသည်။”

ဆရာဟာ ၀တ္ထုတို၊ ၀တ္ထုရှည် အမြောက်အမြားအပြင် လူငယ်မျိုးဆက်သစ်များအတွက် ရည်စူးပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းနဲ့ မြန်မာနိုင်ငံတော်သမိုင်းတို့ကို ရေးသားခဲ့ပါတယ်။ ခေတ်သစ်သိပ္ပံနဲ့ မိတ်ဆက်ပေးတဲ့ ‘ရုပ်ကမ္ဘာ’၊ ‘သဘာဝတ္ထ’၊ ‘အိုင်းစတိုင်းရဲ့ နှိုင်းရဓမ္မ’ စတဲ့ စာအုပ်မျိုးတွေလည်း ရေးခဲ့တာတွေ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ ဆရာ့ရဲ့ ‘မမကြီး’ ၀တ္ထုကို အောင်လင်းရဲ့ ‘အရိုင်းစံပယ်’ ၀တ္ထုနဲ့ ပူးတွဲပြီး စာပေဗိမာန်ဝတ္ထုရှည်ဆု ပေးပါတယ်။ ဆရာက လက်မခံခဲ့ပါ။ ဆုမယူခြင်းဖြင့် ဗိုလ်နေဝင်း စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့တာဖြစ်တယ်လို့ သိရတယ်။

ဆရာနဲ့ တွေ့ဖူးတိုင်း မမေ့နိုင်တဲ့ အချက်ကတော့ လူတဘက်သားအပေါ် အလွန်ယဉ်ကျေးပျူငှာ တလေးတစား ဆက်ဆံ တတ်တဲ့ အမူအရာပါပဲ။ မိမိကိုယ်ကိုယ် နှိမ့်ချပြီး တဘက်လူကို တန်ဖိုးထား ဆက်ဆံတတ်တဲ့နေရာမှာ ဆရာ့လောက် ယဉ်ကျေးသိမ်မွေ့သူမျိုး မတွေ့ဖူးသလောက်ပါပဲ။ ဆရာ့ရဲ့လူသားဆန်လှတဲ့ ယဉ်ကျေးသိမ်မွေ့မှု အစုစုကို ဆရာ့ဝတ္ထုထဲက ဇာတ်ကောင်တွေမှာ အတိုင်းသား ထင်ဟပ်နေတာ တွေ့နိုင်ပါတယ်။

ဆရာဗန်းမော်တင်အောင်ဟာ သတင်းစာဆရာဘဝကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါတယ်။ ‘မြိုင်’ ၀တ္ထုရှည်ကြီးဟာ ဆရာ့ဘဝအမှန်နဲ့ ဆရာ့စိတ်ကူးထည်တွေ ပေါင်းစပ်ထားတဲ့ အကောင်းဆုံးလက်ရာဖြစ်တယ်လို့ ခေတ်ပြိုင် စာပေ သုတေသီများ၊ စာရေးဆရာများက သုံးသပ်ကြပါတယ်။ ဆရာနဲ့ ရင်နှီးသူတိုင်းက ဆရာ့ရဲ့ ဖြူစင်ဖြောင့်မတ်မှု၊ ယဉ်ကျေးပျူငှာမှု၊ စာနာထောက်ထားတတ်မှု၊ ယုံကြည်ချက်ခိုင်မာမှု၊ အနစ်နာခံနိုင်မှု၊ ကိုယ်ကျိုးမရှာတတ်မှု အစရှိတဲ့ ဂုဏ်ပုဒ်တွေကို တညီတညွတ်တည်း အသိအမှတ်ပြုကြပါတယ်။

ဒီနေရာမှာ ဆရာဗန်းမော်တင်အောင်ရဲ့ သမီးကြီး ဒေါ်တင်သန်းယု ရေးဖွဲ့ပြတဲ့ သူ့ဖခင့်အကြောင်းကို ဖော်ပြချင် ပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၀၉ ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ “ကျမတို့အဖေ ကျမတို့အမေ” စာအုပ်မှာ ဒေါ်တင်သန်းယုက သူ့အဖေအကြောင်း အခုလို ပြန်ပြောပြပါတယ်။

“ကျမတို့မိသားစုမှာ အမြဲဆင်းရဲကျပ်တည်းခဲ့သည်။ သို့သော် ဖေဖေထောင်က ထွက်လျှင်သော်လည်းကောင်း၊ အပြင်တွင် ရှိစဉ်လည်းကောင်း၊ ဖေဖေ့ထံတွင် ငွေကြေးလာတောင်းခံသူ၊ ဖေဖေ့မိတ်ဆွေ ဒုက္ခရောက်နေသူများ တွေ့ဖူးသည်။ ဖေဖေ့စာအုပ်များ၊ ၀တ္ထုများ မထွက်ခင် ဖေဖေက မေမေ့ကို စာအုပ်ထွက်ပါက အိမ်သုံးစရိတ်ပေးမည်ဟု ပြောသော်လည်း မေမေ့ကို ကတိပေးထားသော ဂဏန်းအရေအတွက် တဝက်မျှပင် မေမေ မရခဲ့ရှာ။ တခါတရံ လုံးဝပင် မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မေမေ့ကို ပေးမည့် အိမ်စရိတ်များကို ဖေဖေ့မိတ်ဆွေများက လာရောက် တောင်းယူသွား သောကြောင့်ဖြစ်သည်။

တခါက ကျွန်မ မှတ်မိသည်မှာ ထောင်က ထွက်လာသော လူတယောက် သူ့ရပ်ရွာသို့ပြန်ရန် ဖေဖေ့ထံတွင် ငွေကြေးအကူအညီ လာတောင်းသည်။ ဖေဖေသည် သူ့ထံတွင် ငွေမရှိသောကြောင့် မီးဖိုထဲတွင် ထမင်းချက်နေသော မေမေ့ကို ချော့ကာ မေမေ့ထံမှ ပိုက်ဆံကို ယူပေးလိုက်သည်။ ထောင်က ထွက်လာသည့် လူ၏ပုဆိုးမှာ အောက်နားကွဲနေ၍ ထုံးချည်ထားရာ ဖေဖေက သူဝတ်ထားသော ပုဆိုးနှင့် လဲလှယ်ပေးလိုက်သည်။ ဖေဖေ့ကြောင့် ကျမတို့ ဗယာကြော်သုတ်ဖြင့် စားခဲ့ရပေါင်းများကြောင်း လည်း မှတ်မိနေပေသည်။ ဖေဖေ့ကို အခွင့်အရေးယူ၍ ငွေကြေး ချေးငှားသွားသူများသည် ဖေဖေ့ကို မည်သည့်အခါမှ ငွေကြေးပြန်ဆပ်လေ့မရှိ။ သို့သော် ဖေဖေက ဘာမှမပြောပါ။

ကျမကို ငယ်စဉ်က လမ်း (၄၀) လင်းယုန်သတင်းစာတိုက်သို့ ကျောင်းပိတ်ရက် စနေနေ့တွင် ခေါ်သွားလေ့ရှိသည်။ သားအဖ နှစ်ယောက် ဘတ်စ်ကားစီး၍ နံနက်တွင် သွားကြပြီး နေထိုင်ရာအိမ် မြေနီကုန်းသို့ ဘတ်စ်ကားဖြင့် ပြန်လေ့ရှိသည်။ တညနေ အိမ်အပြန်လမ်းတွင် ဖေဖေသည် ကျမကို သိမ်ကြီးစျေးနှင့် ဆေးရုံကြီး ရေခဲတိုက်ထောင့် (ယခု ခုံးကျော်တံတားဆောက်ထား သည့်နေရာ) လမ်းဘေးပလက်ဖောင်းပေါ်တွင် မိသားစုလိုက် ကောက်ရိုးများပေါ်တွင် အိပ်ဖို့ရာပြင်ဆင်နေကြသော တောင်း စားသူ လူအုပ်ကြီးထံသို့ ခေါ်သွားပြီး လက်ညှိုထိုးပြကာ “ဒီလူတွေ ပညာသင်ကြားခွင့်ရပြီး ဖေဖေတို့လို လုပ်ကိုင်စားပြီး ဖေဖေတို့နဲ့ လူတန်းစားတညီတည်းဖြစ်အောင် သူတို့ဘဝကို ဆောင်ကြဉ်းပေးရမယ် သမီး” ဟု ပြောခဲ့သည်ကို ယခုတိုင် ကျမ နားနှင့် မျက်စိထဲက မထွက်ပါ။ ထိုနေ့က ဖေဖေသည် မိမိ၀တ်နေကျ ဘလေဇာကုတ်အကျႌအိတ်အတွင်းမှ ပိုက်ဆံ၊ စက္ကူနှင့် အကြွေများ အားလုံးတို့ကို ထိုမိသားစုများအား သွားရောက်ဝေငှပေးသောကြောင့် ဖေဖေနှင့် ကျမမှာ သိမ်ကြီးစျေးမှ မြေနီကုန်းကားဂိတ်အထိ ပြည်လမ်းကြောအတိုင်း လမ်းလျှောက်ပြန်ခဲ့ကြရသည်။ ကားခပေးစရာ ပိုက်ဆံမရှိတော့သော ကြောင့် ဖြစ်ပါသည်။

မိသားစုထက် မိမိယုံကြည်ချက်ကိုသာ သေသည့်တိုင်အောင် ဇွဲမလျှော့ဘဲ လျှောက်လှမ်းခဲ့သည့် ဖေဖေ့ကို လေးစားကြည်ညို လျက် ဤခံစားချက်ကို ဖော်ပြအပ်ပါသည်။”

ဆရာဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အောက်တိုဘာလ (၂၃) ရက် တနင်္လာနေ့ ညနေ (၇) နာရီသာသာမှာ ရန်ကုန် ဆေးရုံကြီးမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ပါတယ်။ ၁၉၂၀ ခုနှစ် ဇွန်လ (၉) ရက်နေ့ဟာ ဆရာ့မွေးနေ့ ဖြစ်တာကြောင့် အသက် (၅၈) နှစ်နဲ့ (၄) လကျော် အရွယ်ကောင်းမှာ ဆရာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ အကျဉ်းထောင်ထဲက ရလာတဲ့ ကျန်းမာရေးချို့တဲ့မှုဒဏ်တွေကြောင့် လူထုစာရေးဆရာ ဗန်းမော်တင်အောင် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေသောသူ ကြာရင်မေ့လို့ ဆိုကြပေမယ့် ကနေ့ နှစ်ပေါင်း (၃၀) ကျော်လာတဲ့အထိ မမေ့နိုင်သူတွေထဲမှာ ဆရာ ဗန်းမော် တင်အောင်လည်း တယောက်အပါအဝင်ပါပဲ။၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက် နေ့ဆိုရင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တာ ၄၂ နှစ် ပြည့်ခဲ့ပါပြီ။ ကိုယ်ကျင့်သီလ တည်ကြည်မှုအရပဲ ကြည့်ကြည့်၊ ကိုယ်ကျိုးမရှာ အနစ်နာခံနိုင်မှုအရပဲ ကြည့်ကြည့်၊ သမိုင်းရေးတာဝန် ကျေပွန်မှုအရပဲကြည့်ကြည့်၊ ဆရာ ဗန်းမော် တင်အောင်ဟာ စံပြုလောက်တဲ့ တိုင်းပြုပြည်ပြု စာရေးဆရာတယောက် ဖြစ်တယ်လို့ သူနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက အသိအမှတ်ပြု ပြောဆိုကြပါတယ်။

၁၉၇၈ အောက်တိုဘာ (၂၇) ရက် စျာပနနေ့မှာ ကြံတောသုသာန်တခွင် ဆရာ့ကို ချစ်ခင်လေးစားကြတဲ့ လူထုပရိသတ်ကြီးနဲ့ ပြည့်လျှံနေပါတယ်။ နေဝင်ပြီး အမှောင်ထုကြီးစိုးနေချိန်အထိ လူထုပရိသတ်အများအပြား ကြံတောသုသာန်ထဲမှာ ကျန်ရှိနေဆဲတွေ့ရပါတယ်။ ဆရာ့အုတ်ဂူဘေးမှာ လူငယ်တွေ တသုတ်ပြီးတသုတ် ဂါရဝပြုနေကြဆဲ၊ သန္နိဋ္ဌာန်ပြုနေကြဆဲ ပုံရိပ်ဟာ မမေ့နိုင်စရာပါပဲ။ အာဏာရှင်တွေ တယောက်ပြီးတယောက် မလှမပ ဇာတ်သိမ်းခဲ့ကြပေမယ့် လူထုစာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ နာမည်ဂုဏ်သတင်းကတော့ ယခုတိုင် တောက်ပြောင်ထွန်းလင်းဆဲ။ လင်းယုန်ငှက်က ကောင်းကင်ထက်မှာ ယနေ့တိုင် ၀ဲပျံနေဆဲ။။။