ဇော်လူစိမ်း - လူ့အဖွဲ့အစည်းမှ တရားဝင်နှုတ်ထွက်သွားသူများသို့...
လူ့အဖွဲ့အစည်းမှ တရားဝင်နှုတ်ထွက်သွားသူများသို့...
ဇော်လူစိမ်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၀
သတင်းစာထဲက နာရေးကြော်ငြာမြင်ရင် လူတွေဘာခံစားမိကြမယ်မသိဘူး။ လူကြီးသူမတွေကတော့ သတင်း စာဆိုရင် နောက်ဘက်ကစလှန်ပြီး ဒုတိ ယစာမျက်နှာကို စဖတ်တတ်ကြတာပဲအရိုးရင့်နေကြပြီ။ ကိုယ်သိတဲ့သူပါလေမလား၊ ကိုယ့်အရွယ်တန်းတွေလည်း ဘယ်နှယောက်တော့လစ်ကုန်ပြီပေါ့၊ သေခြင်းကို စိတ်ဝင်စားပုံများပြောပါတယ်။ သေစာရင်းရနိုင်သူများနဲ့ တရားမဝင်သေဆုံးသူများ ဂရပ်ဆွဲရရင်ဘယ်လိုဖြစ်လာနိုင်မလဲ။
ဒါပေမယ့် ဟိုတုန်းက ကိုယ့်ရပ်ကွက်လေးဆိုတာ သတင်းစာထဲကနာရေးနဲ့ ခပ်ဝေးဝေး၊ တစ်ရပ်ကွက်လုံးမှာသတင်းစာယူတဲ့နေရာက ကောင်စီရုံးအပါအဝင် လေးငါးနေရာထက်ပိုမှာမဟုတ်ဘူး။ သုဿန်ဆိုလို့ မီးသင်္ဂြိုလ်စရာ ရေဝေးလည်းမရှိသေး၊ နာမည်ကျော်ကြံတောဆီရောက်ဖို့လည်း လွယ်တာမဟုတ်ဆိုတော့၊ တစ်နေရာတူးရင် အလောင်းဟောင်းထွက်လာနေကျနေရာမှာ အလောင်းသစ်ထပ်ထပ်မြှုပ်ရတဲ့ ဒေသခံ ရပ်ဆွေရပ်မျိုး အလောင်းအဟောင်းတွေသာရှိတဲ့ အခွင့်ထူးခံမသာတွေမရှိတဲ့ သုဿန်မျိုးမှာပဲ ချကြရတယ်။
ထားပါတော့ ပြောချင်တာက ဦးကြာအေးကိုပါ။ ဦးကြာအေးဟာ မျက်လုံးတစ်ဖက်တိမ်စွဲထားတဲ့ ဖြူကြောင် ကြောင်မျက်လုံးနဲ့ကလွဲလို့ ရှေးဗမာကြီးတစ်ယောက်အတိုင်းပဲ၊ သွားတွေကဆေးငုံကွမ်းငုံလွန်းတော့ မည်းလို့ပြောင်လို့၊ အသက်က ၆၀ လောက်ပေမယ့် ၇၀ နီးနီးထင်ရမယ်၊ အရပ်မြင့်မြင့် ပိန်ပိန်၊ အသားလတ်လတ်၊ အမြဲလိုလို အပေါ်ပိုင်းကိုယ်ဗလာ၊ ညိုရော်ရော် တက်ထရက်ပုဆိုး ထူလပြစ် အရောင်လွင့်ကို ဒူးအထိ တင်ဝတ်ထားသူ။ ကားတာယာဖိနပ် ကော့လန်လန်ကြီးဒရွတ်သီစီးလို့။
သူ့က အရက်မသောက်ဘာမသောက်၊လေဆိပ်ပန်းခြံမှာဌာနမှာ သန့်ရှင်းရေးနဲ့ စိုက်ပျိုးရေးအစိုးရဝန်ထမ်း။ ဒါပေမယ့် ရပ်ကွက်ထဲမှာများ နာရေးကြော်ငြာစရာရှိရင် သူပဲ တစ်ရပ်ကွက်လုံး တစ်လမ်းဝင် တစ်လမ်းထွက်ဟစ်ပေးရတာ။ တစ်ကိုယ်တော်အမြင့်သံနဲ့ပဲ ဘာလော်စပီကာမှမလိုဘူး။ ကြယ်တစ်လုံးအသံတုလုပ်ထားတဲ့ ဦးကြယ်နီအသံများကြားဖူးရင် သူ့အသံကိုကွက်တိခံစားမိရမယ်၊ နို့မို့တော့ ရှင်းပြဖို့မလွယ်ဘူး၊ အသံလွင်လွင် စာစာ ဝါဝါ အာဝဇ္ဇန်းလည်းထုတ်တယ်။ လမ်းထိပ်ကနေ "ကြားကြသမျှခဗျား... ကျနော်များရပ်ကွက် တေဇလမ်း အိမ်အမှတ်( )နေ" ဘာညာစကြားလိုက်ပြီဆိုရင် လမ်းထဲက နားစွင့်ကြရတာပဲ။ လမ်းထဲဝင်လာပြီးထပ်အော်ပေးရင်း အသိအိမ်တွေနှုတ်ဆက်၊ ဖြစ်ကြောင်းကုန်စင် သတင်းထပ်မေးသူကမေး၊ ဘိုကြာကတော့ တဟေးဟေး တဟားဟားနဲ့ သေတဲ့သူကိုတောင် ပွဲကျအောင်ပြောသွားတော့တာပဲ။ မနေ့ညကတင် လမ်းသွားရင်း သူနဲ့စကားပြောဖြစ်တဲ့အကြောင်း၊ ပြောနေရင်းနဲ့ သူသေပြီးနေပြီဆိုတာကို သိခဲ့ရကြောင်း အတည်ပြောသွားတာတွေလည်း ရှိတယ်။
ဘာပဲဖြစ်ဖြစ် ဘိုကြာကြော်ငြာလိုက်ပြီဟေ့ဆို အဲ့ဒီလူဟာ တရားဝင်သေဆုံးကြောင်း အတည်ပြုလိုက်ရတာပါပဲ။ သူကိုယ်တိုင်အမြဲတမ်းရေမချိုးထားတဲ့ရုပ်ထွက်သာ ရှိနေပေမယ်လို့ အလောင်းကို ပယ်ပယ်နယ်နယ် ရေချိုးပေးနိုင်တာကလည်း ဘိုကြာပဲ။ တော်ရုံနာတာရှည်တွေ အိပ်ရာထဲဂိနေခဲ့တဲ့ ရုပ်ကလာပ်တွေကတော့ ဘိုကြာ့အလာစောင့်တော့ပဲ၊ သူပဲ သစ်လွင်တောက်ပအောင် ရေမိုးချိုးပြင်ဆင်ပေးနိုင်သူပေါ့။ ဒါဟာသူ့အတွက် ငွေရေးကြေးရေးအရနဲ့ အလုပ်သဘောတော့လည်း မဟုတ်ဘူး၊ ဒီတာဝန်ကို စိတ်လိုလက်ရ ပျော်ပျော်ကြီးလုပ်ပေးနေခဲ့တာ။ ဘိုကြာ ရပ်ကွက်ထဲ ထွန်းရင်သီချင်းလေးတအေးအေးနဲ့ ဖိနပ်ရှပ်တိုက်လျှောက်နေပြီဆို လူတွေလှမ်းလှမ်း မေးတတ်ကြတယ်၊ ဘယ်လိုလဲဘိုကြာရေ အားလုံးအေးဆေးပဲလား လို့ဆိုကြတဲ့အခါ အေးလိုက်သမှဗျာ ပျင်းတောင်ပျင်းတယ်၊ အဲ မုဆိုးမမိရင်းချောင်းဆိုးနေတာများပဲ မျှော်နေရထာဗျ လို့ ဆိုတာမျိုးအော်သွားရင် ဒေါ်ရင်းဟာ ခြံဝကိုခြေတစ်ဖက်ဆာဆာနဲ့ အပြေးတပိုင်းယိမ်းထိုးထွက်လာ၊ ထမီကိုဖြန့်လိုက်ဝတ်လိုက် လှန်လိုက်နဲ့ သွားဖုံးတွေကြိတ်ကြိတ်အားယူပြီး အယုတ်တအနတ်တတွေ ကလော်ဆဲတော့တာပဲ။ ဘိုကြာကတော့ တဟားဟားနဲ့ ထွက်မသွားဘဲ ဆေးငုံရင်း တံတွေးတပျစ်ထွေးရင်း ပေနားထောင်နေတတ်တယ်။ ဒေါ်ရင်းဆဲလို့မောတော့မှ ဟဲ့မိရင်း နင့် ငါရေချိုးပေးရမှ ကလိအုန်းမယ် ဆိုပြီးလစ်သွားတော့တာပဲ။ ဒေါ်ရင်းလည်း နောက်တစ်ချီထပ်ဆဲပြီး ကျန်ခဲ့တော့တာပဲ။
နောက်များ ဘိုကြာလည်း ရပ်ကွက်လေးနဲ့ဘယ်အထိ ထပ်ပတ်သတ်နေခဲ့လဲ၊ ဘယ်လောက်အထိနေသွားခဲ့လဲ၊ ကိုယ်တွေလည်း နောက်ပိုင်းမရှိခဲ့တော့ မသိတော့ဘူး။ သူ့နာရေးကြော်ငြာ သူကိုယ်တိုင်ဟစ်ဖြစ်သေးလား၊ သူ့အလောင်း သူကိုယ်တိုင်ရေချိုးဖြစ်သေးလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်အတွက် အရိပ်ထင်နေတဲ့ မက်ဂျစ်ကယ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့လို့ပါပဲ။
ဇော်လူစိမ်း