Breaking News

မင်းထက်ခိုင် - အလွမ်းနာ

အလွမ်းနာ

မင်းထက်ခိုင်

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀


နှစ်ပေါင်းများစွာ

ပြောမနာဆိုမနာပေါင်းလာတဲ့ သူငယ်ချင်းတွေ

တချို့ပြည်ပ တချို့ပြည်တွင်း

တချို့သေဆုံး 

ဆန်မဆုံး စုန်မဆုံး

တိမ်ဖုံးလို့လမသာ ယူကျူံးမရစရာတွေပါလား

ပြန်ကောတွေ့နိုင်ပါဦးမလား


ဟိုတလောက ခင်လွန်းတယောက် 

လွမ်းစိတ်နဲ့အိမ်ပြန်လာ

နှစ်တွေ ဘယ်လောက်ကြာလဲ မသိ

မြို့ပတ်ရထားပေါ်မှာ မျက်နှာချင်းဆိုင်တွေ့တာတောင်မမှတ်မိ

တယောက်ကိုတယောက်ကြည့်ရင်း

 မင်းကွ ငါကွ မှတ်မိသွားကြတယ်


အဖြစ်သနစ်တွေဟာ ရင်နင့်စရာကောင်းပေါ့

လူ့အဖွဲ့အစည်းဆိုတာလဲ သူ့နေရာနဲ့သူ

လူတွေကများ မူတွေကများ 

ကိုယ့်လူကိုယ်ဆွဲ ဝန်းရံကြ

နေရာပေးကြ 

မပေါင်းတတ်တော့သင်းကွဲ

ပေါင်းတတ်တော့ မင်းပွဲမင်းလယ်တင့်တယ်ဝံ့ကြွား

လေးစားစရာတွေပါလား


ကြီးဖော်ငယ်ပေါင်း သူငယ်ချင်းကောင်းတို့ရေ

အရှေ့ အနောက် တောင် မြောက် ဝဲယာ

မင်းတို့ဘယ်မှာလဲ

နှစ်ပေါင်းများစွာ ပြောမနာ ဆိုမနာ

အဲဒီ့အလွမ်းလေး ပြန်ကောက်ရအောင်

တစ်ခေါက်လောက်တော့ ပြန်ခဲ့ကြကွာ....

တခေါက်လောက်တော့ ပြန်ခဲ့ကြ...။ ။