Breaking News

မြဇင်ယော်- ကုမရတဲ့ရောဂါ

ကုမရတဲ့ရောဂါ

မြဇင်ယော်

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀

 နံနက်စာကလည်း ငါးပိဖုတ်ဆီဆမ်းနဲ့ တညင်းသီးဆားရည်စိမ်ပါပဲ။ ဒီအမယ်နဲ့ပဲစားလာခဲ့တာ ဘယ်နှရက်ရှိနေပြီမှန်းတောင် မသိတော့ပါဘူး။ အနည်းဆုံးတော့ ၁၀ ရက်လောက်ရှိပြီထင်ပါတယ်။ ငါးပိဖုတ်လေးတို့လိုက်၊ တညင်းသီးဆားစိမ်လေးမြှုပ်လိုက်နဲ့။ တညင်းသီးတခြမ်း ထမင်းတပန်းကန်ဟာ နံနက်စာအာဟာရတော့ ဖူလုံသွားတာပဲ။ အဲလေ အာဟာရ ဖူလုံ မဖူလုံ မသိရပေမယ့် နံနက်ခင်းစာ အဆာပြေသွားတာပါပဲ။

အခုက ရာထူးတက်လာလို့ တညင်းသီးဆားစိမ်နဲ့ ငါးပိဖုတ်စားနိုင်တာပါ။ ငါးပိဖုတ်ချည်းစားခဲ့ရတဲ့ကာလတွေလည်း ရှိခဲ့ဖူးတယ်။ ဘယ်နှခုနှစ်လဲ အတိအကျမသိတော့။ တတိယတန်းကျောင်းသူဘဝက ဖြစ်မယ်ထင်တယ်။ အဲ့ဒီတုန်းက  ရွာဟောင်းရဲ့မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်တွေကို ကွေ့ဝိုက်ပြီးစီးဆင်းသွားတဲ့ ဆင်သေချောင်းကို တမံတုပ်လိုက်လို့ ကိုယ်တွေရွာအပါအဝင် ရွာပေါင်း ၁၀ ရွာ နေရာအသစ်ကို ရွှေ့လိုက်ရတယ်။ ရွာတွေရွှေ့ကြရတော့ ရွာသစ်မှာ သီးပင်စားပင်လည်းမရှိ၊ မြို့နဲ့မနီးလို့ မြို့စျေးလည်း လိုက်ဝယ်လို့မရတော့ သူများတွေတော့မသိ၊ ကိုယ်တွေတော့ ငပိဖုတ်နဲ့ချည်း နှစ်ပါးသွားခဲ့ရတယ်။ ဘယ်လောက်တောင်လဲဆိုတော့ အိမ်နီးချင်းတွေက ဒီအိမ်က ယတြာအရလားမသိဘူး ငါးပိဖုတ်တွေချည်း စားနေတယ်လို့ ပြောကြရတဲ့အထိပါပဲ။

ဒါကို ဆိုးလှချည်လားလို့ ပြောလို့တော့ မရပါဘူး။ ကိုယ့်အိမ်မှာက ထမင်းစားနိုင်သေးတယ်။ ငါးပိဖုတ်လေးလဲပါသေးတယ်။ တချို့အိမ်တွေဆို ပြောင်းဖူးထမင်းစားရတယ်။ ပြောင်းဖူးထမင်းက ဆန်ဖိုးမတတ်နိုင်လို့ ပြောင်း ဖူးတဝက် ဆန်တဝက်၊ တချို့ကျတော့ ပြောင်းဖူးများများ ဆန်နည်းနည်း ချက်ရတယ်ဆိုတာမသိတဲ့ကိုယ်က စားချင်နေခဲ့တယ်။ အိမ်ကိုလည်း ပြောင်းဖူးထမင်းလေးချက်ကျွေးပါလို့ ပူဆာဖူးတယ်။ အိမ်က လူ ကြီးတွေက ဟန့်တယ်။ " မပြောကောင်း ပြောကောင်းလျှောက်မပြောနဲ့" တဲ့။ ပြောင်းဖူးထမင်းလေးစားချင်တယ်လို့ပြောမိတာကို ဒီလိုအဟန့်ခံလိုက်ရတော့ ကိုယ်မှာအံ့သြပြီး " အမလေး ဗုဒ္ဓွ မြတ်စွာဘုရား" လို့ တမိခဲ့တယ်။ ဒါက တော်သေးတာပေါ့။ ပြောင်းဖူးနဲ့ထမင်းနယ်ဖတ်စားရသလို ဖြစ်သေးတယ်။ ဆီလေးဆမ်း၊ ဆားလေးဖြူးလိုက်ရင် ဟင်းတောင်မလိုတော့ဘူး။ ထမင်းစားလည်း မြိန်စေတယ်။

တချို့အိမ်တွေက ဆန်ကွဲကိုချက်စားရတယ်။ ဆန်ကွဲမစားရသေးခင်က ဆန်လတ်ဆိုတာလဲ စားရသေးတယ်။ ဆန်လတ်ကကျတော့  ကိုယ်နားလည်သလို မှတ်မိသလောက်ပြောရရင် ပေါ်ဆန်းမွှေးဆန်ထက်ပိုင်းကျိုးလေးတွေ။ သူက ဆန်ကောင်းထက် စျေးသက်သာတယ်။ စားလို့လည်းကောင်းတယ်။ ဆန်ကွဲကကျတော့ ရွာဟောင်းမှာ လယ်မြေတွေပိုင်ရစဉ်က လယ်စပါးစက်ထိုးပြီးလို့ ပြာကြ စင်ကြတဲ့အခါ ဝက်ကျိုကျွေးဖို့ ကြက်ကျွေးဖို့ထားတဲ့ ဆန်အနုပ်ကလေးတွေပဲ၊ တခုပဲ မြို့ကဝယ်တဲ့ဆန်ကွဲက ရွာကဆန်ကွဲလို ဖွဲစဖွဲနမပါဘူး။ အဲ့ဒါမျိုးတွေချက်စားကြရတာ။ အိမ်ကိုဧည့်သည်တွေလာကြရင် "ဆန်စျေး ကြီးလို့ ဆန်ကွဲဝယ်ချက်ကြည့်တာ၊ စားရတာသိပ်မဆိုးပါဘူး" လို့ပြောကြတော့ အဖေက " တို့လည်း ဆန်ကွဲထမင်းချက်စားကြည့်ရအောင်ဟေ့ " ဆိုပြီး နောက်တနပ်မှာ ဆန်ကွဲထမင်းစားရပါလေရော။ ထမင်းက ဘောက်ဆတ်ဆတ်နဲ့ ကိုယ်တွေကမစားတတ်တော့ အဖေက ငြူစူပါလေရော။ " သူများတွေလည်း စားနေကြတာပဲ၊ မင်းတို့က ဘာလို့မစားနိုင်တာလဲ၊ မင်းတို့ ကြီးလာမှ သိမယ်" တဲ့။

နောက်တနေ့ကျတော့ အဖေက အိမ်တအိမ်ကို ရေဆိုးသွားယူခိုင်းပါတယ်။ ရေဆိုးဆိုတာ ဆန်ဆေးရေ၊ ပန်း ကန်ဆေးရေးလိုမျိုး မီးဖိုချောင်ထွက် ရေပါ။ ကိုယ်တွေအိမ်က တနိုင်တပိုင်ဝက်မွေးတယ်။ တနိုင်ဆိုလည်း လူတောင် ဆန်စျေးကြီးလို့ အခက်တွေ့နေချိန် ဝက်ကို ဝက်စာဆန်ကျိုမကြွေးနိုင်တော့ သူများအိမ်တွေက ထမင်းကျန်ဟင်းကျန်လိုမျိုးနဲ့ ရေဆိုးတွေကို ယူယူပြီးကျွေးရတယ်။ တခါတလေ တောထဲက ဝက်စာပင်တွေသွားခူးပြီး ကျိုကျွေးရတယ်။ ဝက်တွေအတွက်လည်း ငတ်တလှည့် ပြတ်တလှည့်ပေါ့။ စောစောကပြောသလို အဖေ ရေဆိုးသွားယူခိုင်းတဲ့အိမ်ရောက်တော့ ထမင်းရည်နဲ့ဆန်ဆေးရေ နည်းနည်းလေးပဲရခဲ့တယ်။ နည်းနည်းလေးပဲရတဲ့အိမ်ကို အဖေက ဘာလို့များ တကူးတက ယူခိုင်းတာပါလိမ့်။

ရေဆိုးယူပြီး ပြန်လာတော့ အဖေက " အဲ့ဒီအိမ်မှာ ဘာတွေ့ခဲ့လဲ" မေးပါတယ်။ တဲအိမ်သာသာတင်းကုပ်ကလေးမှာ အစ်မကြီးတယောက် ထမင်းစားနေတာကလွဲရင် ဘာမှမတွေ့ခဲ့။ "ထမင်းကို ဘာနဲ့စားနေတာတွေ့သလဲ" လို့ ဆက်မေးပါတယ်။ ကိုယ်လည်း မသိ၊ သတိမထားမိဘူး။ နောက်တနေ့ အဲ့ဒီအချိန်ပဲ သွားယူခိုင်းပြန်ပါတယ်။ ဒီတခါလည်း အစ်မကြီး ထမင်းစား‌နေတာ တွေ့ပြန်ပါတယ်။ ကိုယ်တွေက သေချာကြည့်ပြီပေါ့၊ ဘာနဲ့စားလဲပေါ့။ ဟောတော် ဘာမှလဲမပါဘူး။ ထမင်းတွေချည်းစားနေတာ။ ကြွေရည်သုတ်ထားတဲ့ ဒန်ပန်းကန်ကဖြူဖြူ၊ ထမင်းကဖွေးဖွေး ဒါပဲတွေ့တယ်။ ကိုယ်က မသိနားမလည်ဘဲ တအံ့တသြ‌ငေးကြည့်မိတော့ အစ်မကြီးက ဟိုဘက်လှည့်ပြီး ထမင်းပန်းကန်ကို ကိုယ်လုံးနဲ့ကွယ်လိုက်ပါတယ်။ အိမ်ပြန်ရောက်လို့ အဖေ့ကို ထမင်းချည်းစားနေတာတွေ့ကြောင်းပြောပြတော့ " ငါ အရင်တခါ မေးကြည့်တာ၊ အဲ့ဒါ ထမင်းချည်းမဟုတ်ဘူး။ ဆားဖြူးပြီး စားနေတာကွ" တဲ့။

ရွာမှာ အလယ်တန်းကျောင်းပြီးလို့ မြို့ရောက်တော့ ကိုးတန်းမှာ အင်္ဂလိပ်နဲ့ သင်္ချာ နှစ်ဘာသာ ကျူရှင်ယူရတယ်။ တဘာသာ ၈၀၀ နဲ့ တလကို လစာ ၁၆၀၀ သွင်းရတယ်။ ကျူရှင်လာတက်တဲ့သူငယ်ချင်းတွေထဲမှာ တနေ့တည်း မုန့်ဖိုး ၁၀၀, ၁၅၀ သုံးပစ်တဲ့လူတွေလည်း တွေ့ဖူးတယ်။ ကျူရှင်လစာမပေးနိုင်လို့ ထွက်မယ်ဆိုတဲ့ လူတွေလည်း အများကြီးပဲ။ ဆယ်တန်းရောက်တော့ တလတလကို သိန်းချီအကုန်ခံပြီး စာသင်နေကြတဲ့ သူငယ်ချင်းတွေကို တွေ့ ရတယ်။ ကိုယ်တွေက ကျူရှင်လစာ တလတစ်သောင်းလေးကို မှန်မှန်မသွင်းနိုင်။ ၁၀ တန်းဖြေပြီး အောင်စာရင်းထွက်ခါနီးမှ သွင်းနိုင်တယ်။ ကိုယ်လိုပဲ ၁၀ တန်းကျူရှင်ကိုအကြွေးတက်ပြီး အောင်လာတဲ့လူတွေလည်း မနည်းဘူး။ တချို့ဆို အလုပ်လုပ်ပြီး နည်းနည်းချင်းပြန်ဆပ်ရသတဲ့။ ကျူရှင်မှာပဲ တွေ့ကြတာဆိုတော့ သူတို့ စားဝတ်နေရေးတော့မသိခဲ့ပေမယ့် ကိုယ့်အထင်ကတော့ တက်တက်စင်အောင် လွဲတာပဲ။ ကိုယ်က ရွာမှာနေတဲ့လူတွေသာ ဆင်းရဲတာ၊ မြို့က လူတွေဆိုရင် အကုန်ချမ်းသာကြတယ် ထင်ခဲ့တာကိုး။

ဆယ်တန်းအောင်ပြီး မန္တလေးမှာ တက္ကသိုလ်တက်ရတော့ ၆၉ လမ်းပေါ်က အမျိုးသမီးဆောင် တခုမှာနေတယ်။ အဆောင်မှုးက ည ၇ နာရီ ဝန်းကျင်လောက်ဆို ထမင်းအကျန် ဟင်းအကျန်တွေကို ပလတ်စတစ်အိတ်သန့်သန့်နဲ့ ထုတ်ပြီး အဆောင်ခြံတံခါးဝမှာ ချိတ်ထားတယ်။ လမ်းမီးပိတ်ပေးထားတယ်။ မီးပြန်ဖွင့်လိုက်ရင် စောစောက ထမင်းကျန် ဟင်းကျန်အိတ်တွေ မရှိတော့ဘူး။ ကိုယ်က စဉ်းစားတာ၊ အမှိုက်ကားတို့ အမှိုက်သိမ်းတဲ့လူတို့ လာတယ်ထင်မိတာ။ မေးကြည့်တော့ မဟုတ်ဘူး၊ လူတွေလာယူတာတဲ့။ ဟာ ဟုတ်ကောဟုတ်လို့လား ၊ ဘယ်လိုလူက ယူမှာလဲဆိုတော့ ထမင်းနပ်မှန်အောင် မစားရတဲ့လူက ယူတာတဲ့။ မြို့ဆိုရင် အထင်ကြီးမိတဲ့ကိုယ်က မြို့ကြီးလေ အကျပ်ကြီးလေလို့ပဲ မှတ်ရမလို ဖြစ်လာတယ်။ လမ်းဘေးက ဟည်းနေတဲ့တိုက်ကြီးတွေကို တွေ့တိုင်း ထမင်းကျန်ဟင်းကျန် လာယူရတယ်ဆိုတဲ့ မမြင်ဖူးတဲ့လူတွေကိုပဲ သတိရမိတယ်။ လူတန်းစားကွာဟမှုလို့ ပြဿနာတရပ်အနေနဲ့ ပြောကြတာ ဖတ်ဖူးပါရဲ့။

အခုတော့ ဒါဟာ ပုံပြင်တွေများ ဖြစ်ကုန်မလား။ အခုတလော ကြားနေရတဲ့အသံတွေက "  ဘာဝင်ငွေမှ မရှိဘဲ

ဝန်ထမ်းတွေကို လစာပေးနေရတယ်၊

ဘယ်နှလရှိသွားပြီ ။

လုပ်ငန်းက မလည်ပတ်နိုင်ဘူး၊

ပစ္စည်းကလည်း ရောင်းမထွက်ဘူး။

ဝင်ငွေ လုံးဝမရှိတဲ့အပြင်

ထွက်ငွေတွေပဲရှိတာဆိုတော့

ရှိတဲ့ရွှေတွေ အပေါင်ဆိုင်ရောက်ကုန်ပြီ။ အခု အရေးတကြီးငွေလိုနေတယ်။ "

"အိမ်အပေါင်ထားပြီး ချေးငွေယူရမယ်၊

အိမ် ဂရန်အမည်ပေါက်ပြောင်းပြီးမှ ချေးငွေတင်မှာ၊ ချေးငွေ မရသေးခင်

အိမ်ဂရန် အမည်ပေါက်ကိစ္စအတွက်

ငွေ အရေးပေါ်လိုနေတယ်။"

"အိမ်ဂရန် အပေါင်ထားပေးပါ့မယ်၊

ငွေလိုချင်တယ်၊ ကားရောင်းထားတာ။ ငွေအကြေမရသေး၊ ပေးရမယ့်ရက်ရောက်ပေမယ့် ကားမထွက်နိုင်လို့ အလုပ်မဖြစ်လို့ နောက်ဆုတ်ပေးပါလို့ ပြောလာတယ်၊ ဒီအကျပ်အတည်းကာလမှာ ကိုယ်ချင်းစာတယ်၊ ထားပေးလိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်မှာက လစဉ်အပတ်စဉ် မဖြစ်မနေဆပ်ရတဲ့ ချေးငွေလေးတွေရှိနေတော့ ငွေလိုတယ်။"

" မလေးရှားသွားမလို့ဆိုပြီး ငွေတိုးယူတယ်၊ ကုမ္ပဏီကိုငွေသွင်းတယ်။ ဗီဇာလည်းကျပြီ၊ ခုတော့ ကပ်ရောဂါဖြစ်နေလို့ မသွားရ၊ ကုမ္ပဏီက ပိုက်ဆံတွေလည်း ပြန်မထုတ်ရဲဘူး၊ အစကနေ ပြန်လုပ်ရရင် မလွယ်လို့၊ အခုတော့ စားစရာမရှိ၊ လုပ်စရာမရှိလို့ ငုတ်တုတ်မတ်တတ် ဘဝရောက်နေတယ်" တဲ့။ စသဖြင့်ပေါ့။

လူတန်းစားသာ ကွာကောင်းကွာသွားမယ်။ ကျပ်တော့ ကျပ်နေကြတာပါပဲ။အားလုံးဟာ covid 19 ကြောင့် အသက်ရှူကျပ်နေကြတာချင်း၊ ထွက်ပေါက်ပိတ်နေကြတာချင်း အတူတူပါပဲ။ ဆေးရုံမှာရောဂါကို တိုက်နေရတဲ့လူတွေနဲ့ ဆေးရုံပြင်ပမှာ အိမ်ထဲနေရင်း အကျပ်အတည်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်းကို တိုက်နေကြတာပဲ ကွာပါတယ်။ လူတန်းစားပေါ်လိုက်ပြီး ပြင်းထန်မှုနည်းတာ များတာတော့ ကွာမှာပေါ့လေ။ အကျပ်အတည်းတိုက်ပွဲကြီးကို ဝိုင်းဝန်းတိုက်ခိုက်‌နေကြတဲ့ ရဲဘော်ရဲဘက်တွေပါပဲ။

တကယ်တော့ အကျပ်အတည်းဆိုတာ စာရွက်ပေါ်မှာသာ စုတ်တချက်သပ်လိုက်ရုံနဲ့ ပြီးသွားတာ။ ပြင်ပလောကမှာတော့ မပြီးရေးချမပြီးပါ။ ကျန်းမာရေး မဟုတ်ရင် စီးပွားရေးတော့ ထိနေကြတာပဲ။ စီးပွားရေးလို့တောင်မခေါ်သင့်ပါဘူးလေ။ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်ဖို့ အမျိုးမျိုးကြိုးစားနေကြတယ်။ ကုသဆေး ကာကွယ်ဆေးတွေအမျိုးမျိုး တီထွင်ကြံဆနေကြတယ်။ ဒါဆိုရင် အခြေခံလူတန်းစား ဆင်းရဲမွဲတေမှုနဲ့ လူ လတ်တန်းစား စီးပွားရေးကျပ်တည်းမှုကိုရော ဘယ်လို တိုက်ဖျက်ကြမှာပါလိမ့်။ ဘယ်လို ဖြေရှင်းကြမှာပါလိမ့်။ တနေရာရာမှာ ဖတ်ဖူးကြားဖူးတာက " ကမ္ဘာမှာ ကုလို့မရတဲ့ရောဂါက ဆင်းရဲမွဲတေမှု" တဲ့။ ဒီရောဂါကို ကုသပေးနိုင်မယ့် နိုင်ငံ့ခေါင်းဆောင်ကောင်း၊ သမားကောင်း၊ နည်းပညာကောင်းများ ပေါ်ထွန်းလာပါစေလို့သာ ဆန္ဒပြုလိုက်ရပါတော့တယ်။    ။