Breaking News

ကြည်လင်အေး - မြန်မာပြည်မှာ တိုက်ကြခိုက်ကြ

ဗမာ့လွတ်လပ်ရေးတပ်မတော် ( B I A- Burma Independence Army) 

မြန်မာပြည်မှာ တိုက်ကြခိုက်ကြ

ကြည်လင်အေး

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀


- တိုက်ပွဲတွေရဲ့ သမိုင်း မဟုတ်ပါ။

- နိုင်ငံရေး အယူအဆ အကြောင်း မဟုတ်ပါ။

- ၁၉၄၈ က စတဲ့ အချင်းချင်း တိုက်ကြတာဟာ " ငါလုပ်ရင် ဖြစ်ပါတယ် " ဆိုတဲ့စိတ်ကြောင့်သာ ။

           အသက်ရင်လည်းကြီးမှ၊ အတွေ့အကြုံရင်လည်းစုံမှ  နောက်ကြောင်းပြန်တွေးလို့ရမှာလေ။ ကျွန်တော် အသက်ကြီးပါပြီ၊ ဒါကြောင့် တွေးတောသင့်တာကိုတွေးရင်း ဖျတ်ခနဲအမြင်တစ်ခုပေါ်လာလို့ မှတ်လို့ကောင်းတဲ့ ရက်စွဲ ၁၀ ၊ ၁၀ ၊ ၂၀၂၀ မှာရေးလိုက်ပါတယ်။

          ၁၉၄၈ က စတဲ့ အချင်းချင်း တိုက်ခိုက်ကြတဲ့အကြောင်းပါ။

          ၁၉၄၇ - ၄၈ မှာ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု ၊ သခင်သန်းထွန်း ၊ ဦးကျော်ငြိမ်း တို့အားလုံးဟာ အသက် ၃၀ ကျော်တွေ။ 

          ၁၉၃၆ - ဒုတိယကျောင်းသားသပိတ် ( သူတို့ အသက် ၂၀ စွန်းစွန်း ) ကစလိုက်တဲ့ လက်တွေ့နိုင်ငံရေးဟာ ၁၉၄၇ လောက်မှာ အောင်မြင်မှုအကြီးကြီးရခဲ့ကြပါတယ်။ အားလုံးလိုလားတဲ့ မြန်မာတစ်နိုင်ငံလုံးအတွက် လုံးဝ လွတ်လပ်ရေးပေးမယ့်ကတိ နယ်ချဲ့ဆီက ယူနိုင်ခဲ့တာကိုး။

             ဒုတိယကျောင်းသားသပိတ်ကနေ ၁၀ နှစ်အတွင်း နိုင်ငံရေးပါတီအမြုတေဖွဲ့ကြတယ်။ ယူဂျီ(လျှို့ဝှက်တော်လှန်မှု) တွေလုပ်ကြတယ်။ လက်တွေ့ စစ်မြေပြင်ဆင်းကြတယ်။ အထိအခိုက်အကျအဆုံး အနည်းအပါးရှိပေမယ့် ဆက်ခါဆက်ခါ အောင်ပွဲကများတယ်။ နိုင်ငံခြားထွက်၊ တော်လှန်ရေးအင်အား ရှာရတယ်။ နိုင်ငံခြားက သဘောတရားရေးအကူအညီ ရဖို့လက်တွဲရတယ် ( ဦးသိန်းဖေမြင့် ၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်တင်ရွှေ ၊ လေထီးဒေါ်မြရီ စသဖြင့် အိန္ဒိယရောက်အဖွဲ့များ )၊ လက်တွေ့တိုက်ဖို့ခိုက်ဖို့ စစ်ပညာသင်ရင်း အသက်ရင်းရတာတွေလည်း ရှိတယ် ( ဂျပန့်ဆီ စစ်ပညာယူခဲ့ရတဲ့ ရဲဘော်သုံးကျိပ် အဖွဲ့များ )။

            အားလုံး ပင်ပင်ပန်းပန်း စွန့်စွန့်စားစား တော်လှန်ရေးကိစ္စ ၊ လွတ်လပ်ရေး ကိစ္စတွေ သိမ်းကျုံးလုပ်ကြရင်း ၁၀ နှစ် ၁၁ နှစ်အတွင်း သင်ရိုးကျွတ်အောင် တတ်မြောက်ကြရတဲ့ သဘောပါပဲ။ အပိုင်းကဏ္ဍ အသီးသီးက လူငယ် - လူလတ် ခေါင်းဆောင်တွေ ၊ အဖွဲ့ဝင်တွေအားလုံးဆီမှာ တော်လှန်ရေးအတွေ့အကြုံတွေ၊ တော် လှန်ရေးပရိယာယ်တွေ ကိုယ်စီနဲ့လို့ ဆိုရပါမယ်။ အသက် ၂၀ ပြည့်သူ - မပြည့်သူတွေ တိုင်းပြည်နဲ့ လူမျိုးအတွက် နယ်ချဲ့တော်လှန်ရေးတိုက်ပွဲ‌တွေထဲ ပါလာကြရင်း အသက် ၃၀ တစ်ဝိုက်မှာ တိုင်းပြည်ခေါင်းဆောင် ၊ ပါတီခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်တွေ အသီးသီးဖြစ်လာကြပါတယ်။

             ( ကြားဖြတ်ပြောရမှာက ဒီနေ့လူငယ်တွေကျတော့ ကိုယ့်ရှေ့မှာ ကိုယ့်ထက် ၁၀ နှစ် ၁၅ နှစ်  နှစ် ၂၀ နှစ် ၃၀ ကြီးသူ နိုင်ငံရေးသမားမျိုးဆက်တွေ ရှိတယ်။ ထင်ရာတဇွတ်ထိုးသွားမရဘူး။ ဗိုလ်ချုပ်တို့ ၊ ဦးနုတို့ ၊ သခင်သန်းထွန်းတို့ တုန်းကကျတော့ သူတို့ရှေ့က အင်္ဂလိပ်လက်ထက် နိုင်ငံရေးမျိုးဆက်ကို ဖြတ်ခဲ့ပြီ၊ ဘယ်သူ့ဩဇာမှ သူတို့ဆီမှာမရှိတော့။ နှစ်ပေါင်း ၆၀ ကြာရင် တိုင်းပြည် ဒီဘဝရောက်မယ်လို့လည်း သူတို့မမှန်းဆနိုင်ကြ။ )

            ကျွန်တော် ချုံ့ပြောပါရစေ။

            ၁၉၄၈ KNDO ပေါ်ပေါက်ခြင်း ၊ ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်မှာရပ်မရအောင် ( ခေါင်းဆောင်တွေအပါအဝင် ) ဖမ်းဆီးခြင်းတွေကနေ ပြည်တွင်းညီအစ်ကိုအချင်းအချင်း တိုက်ခိုက်တော်လှန်တာတွေဟာ စောစောက ၁၀ နှစ်တာ လွတ်လပ်ရေးတိုက်ပွဲတွေ " အောင် " တာက အခြေပြု ဆက်စပ်နေတယ်ထင်ပါတယ်။ တိုက်ရင် အောင်မှာပဲ ယူဆထားကြတာကိုး။

             ၁၉၄၅ မှာ ဗိုလ်ချုပ်နဲ့ တပ်က ဂျပန်တွေရှေ့တင် မြေအောက်ရောက်သွား၊ ပြည်သူနဲ့ လက်တွဲ၊ အင်္ဂလိပ်အကူအညီယူပြီး ဂျပန်ကို စစ်ရေးနည်းနဲ့တော်လှန်လိုက်တယ်။ နိုင်တယ်။

             ၁၉၄၆ - ၄၇ တောက်လျှောက် ပြည်သူလူထုကို စည်းရုံးအားယူပြီး အင်္ဂလိပ်ဆီက မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး နိုင်ငံရေးတိုက်ပွဲဆင်တယ်။ ရတယ် ။ နိုင်တယ်။ 

              ဒီလိုနဲ့ ၁၉၄၈ မှာ ခေါင်းဆောင်အားလုံးဟာ ကိုယ်စီ " အနိုင်သေနင်္ဂဗျူဟာ " ရှိကြပြီလို့ ယုံနေကြပါပြီ။ ဒါကြောင့် အာဏာခုံပေါ်ရောက်တဲ့ ဖ ဆ ပ လ ကလည်း အတိုက်အခံ အင်အားဖြစ်လာဖွယ် ကွန်မြူနစ် ပါတီနဲ့တခြားနွှယ်ရာ နွှယ်ရာတွေကို ဖိပါတယ်။ အဖမ်းခံရ ၊ အဖိခံရသူတွေကလည်း ဂျပန်ကိုချသလို၊ အင်္ဂလိပ်ကိုချသလို ပြည်သူကို အခြေပြုပြီး ဖ ဆ ပ လ အစိုးရကိုတော်လှန်မယ်ပေါ့။ ၁၉၄၈ " အနိုင်တိုက် " ပြည်တွင်း စစ် ကန်လန့်ကာကြီးဖွင့်လိုက်ကြပြီပေါ့။

           ၁၀ နှစ်လောက် တိုက်ရင်း မနိုင် - မနိုင် ဖြစ်လာ ၊ ပန်းလာကြတဲ့အခါ နှစ်ဘက် ငြိမ်းချမ်းရေးအသံတွေရှိလာပေမယ့် အစိုးရ အမည်ခံခွင့်ရှိသွားသော ( အုပ်ချုပ်ခွင့် ၊ အာဏာသုံးခွင့် ၊ ဘဏ္ဍာခြယ်လှယ်ခွင့် ရသွား ) သူတွေမှာ ဩဇာ အာဏာ ယစ်မူးခွင့် ၊  အပေါ်စီးအသာစီးနေလိုခွင့်တွေ ရှိသွားကြပြီလေ။ လူသားတွေကိုး ။ ဒါကြောင့်လည်း ငြိမ်းချမ်းရေး အဖြေမရှာနိုင်ကြတော့ဘူး။ သူ့ဘက် ကိုယ့်ဘက် အမှားတွေ များလာကြရင်း အသက်တွေကြီးပြီး နိုင်ငံဟာလည်း ‌ဇာတ်မျောထဲမှာ ပတ်ချာလည်ရပါတော့တယ်။

           ဒီကနေ့အချိန်ဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်က စတွက်ရင် မတရားဖိနှိပ်မှုမခံတဲ့ "တော်လှန်ရေး နှစ်တစ်ရာပြည့်" ပါ။

           ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ကနေ ၁၀ နှစ် ၁၁ နှစ်အတွင်း သပိတ်မှောက်သူတွေကနေ အစိုးရဖြစ်သွားကြတဲ့ အသက် ၃၀ ဝန်းကျင် ( အောင်ပွဲအလီလီဆင်ခဲ့သူ ) ခေါင်းဆောင်များဆီမှာ " ငါတို့လုပ်ရင် ဖြစ်ပါတယ် " စိတ် ,  လွတ်လပ်စအစိုးရဘက်မှာရော၊ အစိုးရကိုတော်လှန်တဲ့ဘက်မှာပါ ရှိနေမှာပါ။ ၁၉၄၈ တုန်းက ရှိနေတဲ့ " ငါတို့လုပ်ရင် ဖြစ်တယ် " ဆိုတဲ့စိတ်, အချိန်တွေကုန်  ငွေတွေကုန် လူတွေဆုံးပါး နောင်မှာ ဘာမှမဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုဆင်ခြင်သုံးသပ်ကြပါလိမ့်။ 

         သတိပြုစရာ ကောင်းတယ်လို့ ကျွန်တော် တွေးမိနေပါတယ်။

ကြည်လင်အေး

( ထောက်ပြ တည့်မတ် မှု ကိုကြိုဆိုနေပါတယ်။ )