Breaking News

လှကျော်ဇော - ကိုဗစ်သူရဲကောင်းများ



လှကျော်ဇော - ကိုဗစ်သူရဲကောင်းများ

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၀

“ မော်တော်ဆိုင်ကယ်တပ်ဖွဲ့ကြီး ခြံရံထားတော့ ကိုယ့်ကိုယ်ကိုယ် သမ္မတကြီးလိုလို ဘာလိုလိုနဲ့ မြောက်တောက်တောက်ကြီး ခံစားရတယ်။" 

"ကော်ဇောနီပေါ် ဖြတ်လျှောက်ပြီး ပြည်သူ့ခန်းမထဲဝင်ရတော့ တမင်ကို ခပ်သွက်သွက် ခပ်မြန်မြန်လျှောက်ပြတာ။ ဒါမှအသက်ကြီးပေမယ့် ကျန်းမာနေသေးတယ် လို့မြင်မှ နောင်တာဝန်ပေးစရာရှိရင် ပေးရဲအောင်။”

(ပါမောက္ခ ကျုံနန်စံ (အသက် ၈၄ နှစ်) တရုတ်ပြည်ကွမ်တုံးပြည်နယ်ဆေးရုံကြီးမှ အသက်ရှုလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်ကြီး)

“ကျွန်တော်က အနှေးနဲ့အမြန် လက်တွန်းလှည်းပေါ် ရောက်မယ့်လူ။ ဒါ့ကြောင့် လုပ်နိုင်တုန်း ကျုံးလုပ်နေရတာ။"

"တပြည်လုံး ပြည်သူတွေရှေ့မှာ လျှောက်နေရတာဆိုတာ သတိထားပြီး လဲမကျသွားအောင် အတော်သတိထားပြီးလျှောက်လိုက်ရတာ။”

(A.S.L ကြွက်သားသေရောဂါသည် ဒေါက်တာကျန်းတင်ယွီ (အသက်၅၅နှစ်) ဝူဟန့်ကူးစက်ရောဂါကု အထူးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး)

ပီကင်းရှိ ပြည်သူ့ခန်းမကြီးမှာ စက်တင်ဘာ(၈)ရက်နေ့က ကျင်းပတဲ့ ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေးအတွင်းကစံပြပုဂ္ဂိုလ်များကို တရုတ်သမ္မတ ရှီကျင်ဖျင်က ဂုဏ်ပြုဆု ချီးမြှင့်တဲ့အခန်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမြင့်ဆုံးသူရဲကောင်းဆု ရတဲ့ (Medal of Republic) ပါမောက္ခကျုံနန်စံနဲ့ ပြည်သူ့သူရဲကောင်းဆုရ (People’s Hero) ဒေါက်တာကျန်းတင်ယွီတို့တတွေ ကိုယ့်သက်ဆိုင်ရာဌာနအသီးသီး ပြန်ရောက်ချိန်မှာ လာကြိုဆို ဂုဏ်ပြုကြတဲ့ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်တပန်းများ၊ ကြည်ညိုလေးစားကြတဲ့လူအုပ်ကြီးများနဲ့ နှုတ်ဆက် စကားပြောစဉ် ပြောသွားတဲ့ စကားများပါ။

သူတို့ ဆုယူမယ့်သူများ ပြည်သူ့ခန်းမဆောင်ကြီးဆီအသွား သူတို့မော်တော်ယာဉ်တန်းကို ဂုဏ်ထူးဆောင်မော်တော်ဆိုင်ကယ်အဖွဲ့က ဝိုင်းရံလိုက်ပါလာပြီး ပြည်သူ့ခန်းမဆောင်အဝင် လှေကားထစ်တွေမှာတော့ ကော်ဇောနီခင်းထားပြီး ဘေးတဖက်တချက်မှာ ဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုကြပါတယ်။ ကျောင်းသား လူငယ်ကလေးများက ပန်းစည်းများဝှေ့ယမ်းကြိုဆိုနေကြတာကို ရုပ်မြင်သံကြားအဖွဲ့ကတပြည်လုံးကို တိုက်ရိုက်လွှင့် ပြသခဲ့ပါတယ်။

ပါမောက္ခကျုံနန်စံအကြောင်းကို ဝူဟန့်ပုံပြင်များ - ၁၀ (မိုးမခ -၂၀၂၀-၄-၂) မှာ ရေးခဲ့ဖူးပြီး ဒေါက်တာကျန်းတင်ယွီ အကြောင်းကိုတော့ လူထုကျန်းမာရေးစနစ်သစ် - ၉ (မိုးမခ၂၀၂၀-၅-၉) မှာ ရေးပီးပါပြီ။ တရုတ်ပြည်သူတွေအကြားမှာလည်း သူတို့ရဲ့အကြောင်းများဟာ ဒဏ္ဍာရီပုံပြင်တွေလို ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ပြီး တချို့လည်း စိတ်ကူးယဉ်အချက်အလက်များနဲ့ကွန့်မြူးပြီး ဝတ္ထုတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေအဖြစ် တသီတသန်းကြီးထွက်ပေါ်နေပါတယ်။

အဲဒီနေ့က (စက်တင်ဘာ (၈) ရက်နေ့) ဆုရသူများဟာ သူတို့နှစ်ယောက်အပြင် ကျန်သူအများအပြား ရှိပါသေးတယ်။ အမြင့်ဆုံးဆုကိုတော့ တရုတ်ပြည်ရဲ့ဒေါက်တာ အင်တိုနီဖောက်ချီလို့လည်း ခေါ်ကြတဲ့ ပါမောက္ခကျုံနန်စံတယောက်ပဲ ရပေမယ့်  ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ပြည်သူ့သူရဲကောင်းဆုကိုတော့ ဒေါက်တာကျန်းတင်ယွီအပြင် နောက်ထပ် (၂) ယောက် ဒေါက်တာကျန်းပေါလိ (အသက် ၇၄ နှစ်) ၊ ထျန်ကျင်းတရုတ်ဗိနွောဆေး ဆေးရုံအုပ်ကြီး) နဲ့ ဗိုလ်ချုပ် ချင်ဝေး (အမျိုးသမီး၊ အသက်၅၂နှစ်) ကိုဗစ်၁၉ ကာကွယ်ဆေးထုတ်လုပ်ရေး သုတေသနအဖွဲ့အဖွဲ့မှူး၊  အပါ စုစုပေါင်း (၃) ယောက် ရပါတယ်။

ဒါ့အပြင် လူပုဂွိုလ်ပေါင်း ၁၄၉၉ ယောက်၊ အဖွဲ့အစည်းအမျိုးမျိုးပေါင်း (၅၀၀)၊ တရုတ်ကွန်မြူနစ်ပါတီဝင်ပေါင်း  (၁၈၆) ယောက်နဲ့ အောက်ခြေပါတီ အဖွဲ့အစည်းပေါင်း (၁၅၀) လည်း ချီးကျူးဂုဏ်ပြုတာ ခံရပါတယ်။ ဒီအထဲမှာကွယ်လွန်ပြီးမှ ဂုဏ်ပြုခံရသူ ပါတီဝင် (၁၄) ဦး ပါဝင်ပါတယ်။ (တချို့ဆေးဝန်ထမ်းများ ပါဝင်ဟန်ရှိပါတယ်။ဆောင်းပါးတစောင်မှာ ဖတ်လိုက်ရတာ တခု ရှိပါတယ်။ ဝူဟန့်မှာ ကပ်ရောဂါစတင်ဖြစ်ပွားတော့ ဗွေဆော်ဦးကူးစက်ခံလိုက်ရသူများဟာ ဆေးဝန်ထမ်းများ ဖြစ်ကြပါတယ်။ အဲဒီအထဲက ဆရာဝန်တယောက်က ကွယ်လွန်ခါနီးမှာ သူတို့ကိုယ်တိုင် ဘာမှန်းမသိဖြစ်ရတဲ့ ရောဂါအခြေအနေတွေ ကိုယ်ခနွ္ခာအပေါ် သက်ရောက်မှုတွေသေသေချာချာ လေ့လာနိုင်ဖို့ သူ့အလောင်းကို ခွဲစိတ်ကြည့်ရှုစစ်ဆေးဖို့ (Post-mortem Examination)
သဘောတူကြောင်း လက်မှတ်ထိုးပေးခဲ့တယ်။ ဒီစစ်ဆေးမှုဟာ သမိုင်းဝင်သွားပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကြောင့်သေဆုံးသူရဲ့အလောင်းကိုပထမဆုံးခွဲစိတ်စစ်ဆေးမှုပါ။ အစောပိုင်းကဒီရောဂါကို ဆား လိုပဲ အသက်ရှုလမ်းကြောင်းပဲ ထိခိုက်တယ်လို့ ထင်ထားတာပါ။ အဲဒီအလောင်းကို စစ်ဆေးလိုက်တော့မှ ဒီရောဂါပိုးဟာ ဆာတ့်ထက် အများကြီး ပိုဆိုးပြီး တခြားအင်္ဂါအတော်များများ ( ကျောက်ကပ်၊ နှလုံး၊ သွေးကြော၊ဦးနှောက် စသဖြင့်) ကိုလည်း ထိခိုက်နိုင်ကြောင်း တွေ့လိုက်ရပါတယ်။ ဒီတွေ့ရှိမှုကြောင့် ရောဂါကုသမှုလုပ်ငန်းများ ပိုမိုပြည့်စုံလာနိုင်လို့ (ဥပမာပြင်းထန်လူနာများ ကယ်ဆယ်ရာမှာ တခြားကျွမ်းကျင်ပညာရှင်များ တခြားအသက်ကယ်ပစ္စည်းများ အချိန်မီအဆင်သင့်ရှိနေမှုများ) သေဆုံးနှုန်းကျဆင်းလာရတာ ... တဲ့။)

ဒီဂုဏ်ပြုပွဲကို အလွန်စနစ်ကျစွာ စီစဉ်ထားတာ တွေ့ရပါတယ်။ ဒီကိုဗစ်ရောဂါ တိုက်ပွဲကြီးအတွင်း ဘက်စုံကပါဝင်ခဲ့သူများအားလုံး ကဏ္ဍပေါင်းစုံ တခုမှမကျန်အောင် ဂုဏ်ပြုထားတာပါ။ ဒီဂုဏ်ပြုပွဲက တရုတ်တပြည်လုံးကိုရော၊ နိုင်ငံတကာကိုပါ သတင်းစကားတွေ ပေးလိုဟန်ရှိပါတယ်။ တရုတ်ပြည်သူတွေကို ပေးချင်တဲ့သတင်းစကားများကတော့ တရုတ်လူမျိုးတွေအနေနဲ့ ဘယ်လောက်ကြီးမားတဲ့ဘေးအန္တရာယ်တွေကို ရင်ဆိုင်ရရင်ဆိုင်ရ (ဒီကိုဗစ်ကပ်ဘေးကြီးဟာ တရုတ်သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့တဲ့ ၁၉၄၉ ခုနှစ် ကစလို့ အဆိုးဆုံးကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုကြီး တဲ့) တပြည်လုံးပြည်သူတွေ စည်းလုံးညီညွှတ်စွာ ပူးပေါင်းတိုက်ပွဲဆင်ရင် (ပြည်သူ့စစ်ပွဲ) ကျော်နင်းအောင်မြင်နိုင်တယ် ဆိုတဲ့ နိုင်ငံရေးအဓိပွာယ်ဆောင်မှုနဲ့ အမျိုးသားရေးလက္ခဏာဆောင်မှုဖြစ်တဲ့ ရောဂါကုထုံးများမှာ အနောက်တိုင်းဆေးများနဲ့ တရုတ်ဗိနွောဆေး ပူးတွဲကုသမှုစနစ်၊ ဖြစ်ပေါ်လာတဲ့ပြဿနာသစ်များ၊ ပဋိပက္ခသစ်များကို စနစ်တကျဖြေရှင်းမှုများကနေ ယူသင့်ယူထိုက်တဲ့သင်ခန်းစာများစတာတွေကို ပညာပေးလိုတာတွေလည်း ဖြစ်ဟန်ရှိပါတယ်။

ပြည်သူ့သူရဲကောင်းဆုရ တရုတ်ဗိန္ဓောဆေးပညာရှင်ကြီး ဒေါက်တာကျန်းပေါလိ ဆိုရင် ဒီပွဲမှာ သူ့ကောင်းမှုအတော် ကြီးပါတယ်။ ဒီရောဂါအတွက် ဘာရောဂါကုထုံးမှ မရှိခင် သူသုတေသနပြုထားတဲ့ (သူကလည်း ဆာတ်ရောဂါ ပေါ်ထွက်ခဲ့ပြီးကတည်းက တောက်လျှောက်သုတေသန လုပ်နေတာပါ) ဗိနွောဆေးတွေနဲ့ပဲ အပူကျအောင်လုပ်တာ၊ ကိုယ်ခနွ္ခာခုခံအားတက်အောင် လုပ်တာစတဲ့ အထောက်အကူပြုကုသမှုတွေ လုပ်နိုင်ခဲ့တာပါ။ အဲသလိုနဲ့ လူနာကို အချိန်တစုံတရာဆွဲလိုက်နိုင်ပြီး သူ့အလိုလို ခုခံအားပေါ်လာစေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယာယီဆေးရုံတွေမှာ စုထားရတဲ့ ရောဂါလက္ခဏာ မပြတဲ့ မပြင်းထန်တဲ့ လူနာအများစုကြီးကိုလည်း ဒီတရုတ်ဆေးတွေပဲ တိုက်တာပါ။ သူကိုယ်တိုင်လည်း ဝူဟန့်မှာ ရက်ပေါင်း(၈၀) ကျော်နေပြီး တောက်လျှောက်ကုသမှုမှာရော၊ သုတေသနလုပ်ငန်းတွေမှာရော ဦးစီးလုပ်ဆောင်ခဲ့တာပါ။

နောက်တဦးဖြစ်တဲ့ ချင်ဝေး ဆိုရင် တရုတ်တပ်မတော်က ဗိုလ်ချုပ်ပါ။ ဝူဟန့်မှာ ဘာရောဂါမှန်း မသိ စဖြစ်ကတည်းက (ဇန်နဝါရီလအစောပိုင်း) လေယာဉ်တစီးတိုက် အဖွဲ့သားများ (သူ့အဖွဲ့မှာ လူအင်အား၃၀၀ ကျော် ရှိသတဲ့) ကို ဦးဆောင်ပြီး ဝူဟန့်ကို ရောက်လာခဲ့တာပါ။ ဇန်နဝါရီ ၁၁ ရက်မှာ ဒီဗိုင်းရပ်ပိုးရဲ့ မျိုးဗီဇ (genome sequence) ကို ဖော်ထုတ်လိုက်နိုင်ပြီး (W.H.O) အပါအဝင် ကမ္ဘာကိုပါ ကြေညာပေးခဲ့နိုင်ပါတယ်။ ဒီလိုကြေညာလိုက်တာဟာ လူသားများအပေါ် အများကြီးအကျိုးပြုလိုက်တာပါ။ နည်းပညာအဆင့်မြင့်နိုင်ငံများ (ဥပမာတောင်ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ) မှာ ဒီမျိုးရီုးဗီဇရလိုက်လို့ ဘက်စုံပြင်ဆင် ချိန်ရလိုက်ပါတယ်။ (စစ်ဆေးတဲ့ဆေးတွေtesting kits)အမြန်ထုတ်လိုက်နိုင်ပါတယ်။ မိမိတို့နိုင်ငံမှာဒီရောဂါတွေဖြစ်ပေါ်လာတော့အချိန်မီစမ်းသပ်စစ်ဆေးမှုတွေလုပ်လိုက်နိုင်ပြီးရောဂါကူးစက်မှုနှုန်းတွေကိုထိန်းလိုက်နိုင်ခဲ့ကြတာပါ။

ဒါ့အပြင် ချင်ဝေးတို့အဖွဲ့ဟာ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအဆင့်ကို မတ်လဆန်းမှာ၊ ဒုတိယအဆင့်ကိုဇူလိုင်လမှာ ထုတ်လုပ်စမ်းသတ်နိုင်ပြီး အခုအခါတတိယအဆင့်ထိ ထုတ်လုပ်နိုင်ပြိး ဘေးအန္တရယ်ကင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ တရုတ်ပြည်မှာတော့ ဒီကာကွယ်ဆေးကို အရေးပေါ်ထိုးခွင့်ပြုလိုက်ပါပြီ။ ချင်ဝေး ဟာ အာဖရိကမှာဖြစ်ခဲ့တဲ့ အီဘိုလာရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်ရာမှာလည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ အာဖရိကတိုက်မှာ ကာလတပိုင်းနေပြီး သုတေသနလုပ်လာသူ ဖြစ်ပါတယ်။ အခုလည်း သူ့အဖွဲ့လူများတဲ့အကြောင်း သတင်းထောက်တယောက်က မေးမြန်းတော့ သူက ဒီလိုပြန်ဖြေပါတယ်။

" ကျွန်မက အခု အသက်(၅၀) ကျော်ပီ။ နောက် ၄ - ၅နှစ် လောက်ဆို အငြိမ်းစားသွားရတော့မှာ။ လုပ်စရာတွေကအများကြီးကျန်သေးတယ်။ ဒါ့အတွက် အဆင့်ဆင့် အသက်(၄၀)တန်းတွေ၊ အသက်(၃၀)တန်းတွေ၊ ကိုအဆက်မပြတ်စေဖို့ ဆက်မွေးမြူနေရတာ။ ဒီလူတွေကို ကျွန်မသွားလေရာခေါ်သွားပြီး လုပ်ငန်းတွေအစဉ်အပြတ်လည်ပတ်ရေးအတွက် စီစဉ်နေရတာပါ။ အခု ကျွန်မရတဲ့ဆုဟာ ကျွန်မတယောက်တည်းအတွက် မဟုတ်ပါဘူး။ သူတို့အားလုံး ကိုယ်စားရခဲ့တာပါ ... တဲ့။

ဒါ့အပြင် သူဆက်ပြောတဲ့ အကြောင်းအရာတခု ရှိပါသေးတယ်။ သူ့အဖွဲ့ထဲ ပါဝင်နေတဲ့ လူငယ်တွေ (အသက် ၂၀) တန်း တွေအကြောင်းပါ။

အခု ကျွန်မအဖွဲ့ထဲမှာပါတဲ့ အသက်အငယ်ဆုံးအုပ် အသက်(၂၀)တန်း ဘွဲ့ရပီးကာစ အလုပ်ဝင်ကာစကလေးတွေကို သိပ်အားရတယ်။ သူတို့လေးတွေအပင်ပန်းခံနိုင်တာ၊ အစစ အရာရာစွန့်လွှတ်အနစ်နာခံနိုင်ကြတာ၊အတတ်ပညာတွေကိုအငမ်းမရသင်ယူလိုတာတွေ တွေ့ရတော့သိပ်ကျေနပ်ပြီး တိုင်းပြည်အတွက်လဲစိတ်အေးမိတယ် ... တဲ့။

တရုတ်ပြည်ဟာ ဒီလိုနည်းနဲ့ မျိုးဆက်သစ်တွေကို ဒီလိုမုန်တိုင်းတွေအကြား မွေးမြူတတ်ကြတယ်ဆိုတာ သူ့ပြောစကားထဲမှာ ပေါ်လွင်နေပါတယ်။

ဒါတွေကတော့ တရုတ်ပြည်သူတွေအတွက် သူတို့ပေးချင်တဲ့ သတင်းစကားတွေလို့ ယူဆရပါတယ်။

နိုင်ငံတကာကို ပေးချင်တဲ့ နောက်ထပ်သတင်း စကားတရပ်ကတော့ သူတို့နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြီးကို တစုံတရာအတိုင်းအတာထိ ထိန်းချုပ်နိုင်ပြီ။ဒါကြောင့် တိုင်းပြည် အတွက် ဘက်အသီးသီးကပြန်လည်နာလန်ထူရေးအတွက် အားသွန်ခွန်စိုက် လုပ်တော့မယ် ဆိုတဲ့ သတင်းပါ။

ဒါ့အပြင် တရုတ်ပြည်ရဲ့ပြင်းထန်ပြတ်သားတဲ့ လုပ်ဟန်များကြောင့် ဒီဗိုင်းရပ်ရဲ့အလွန် လျှင်မြန်တဲ့ကူးစက်မှုကို တလကျော်လေးအတွင်း ထိန်းချုပ်နိုင်ခဲ့ပြီး နှစ်လအတွင်း ရောဂါသည်အရည်အတွက်ကို ဂဏန်းတလုံးအထိလျှော့ချနိုင်ခဲ့တယ်။ (၃)လအတွင်း ဝူဟန့်မှာ အပြတ်အသတ်အောင်ပွဲခံနိုင်ခဲ့တယ်။ တခြားနယ်အသီးသီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ကူးစက်မှုတွေကိုရော၊ နိုင်ငံခြားကဝင်လာတဲ့ကူးစက်မှုတွေကိုရော နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်စွမ်းရှိနေတယ် ဆိုတာကိုလည်း ပြောချင်ဟန်ရှိပါတယ်။ (သူတို့ရဲ့အတွေ့အကြုံတွေကနေ သင်ခန်းစာတွေယူစေချင်ပုံလည်း ရှိပါတယ်။)

တကယ်လည်း တရုတ်ပြည်ဟာ ပုံမှန်နီးပါး လည်ပတ်နေပါပြီ။ (new normal) ပေါ့။

အခုလောလောဆယ် အောက်တိုဘာ(၁)ရက်နေ့မှာ ကျရောက်တဲ့ (၇၁) နှစ် ပြည့် နိုင်ငံတော်နေ့နဲ့ ထပ်တူကျရောက်တဲ့ တရုတ်လမုန့်စားပွဲတော်နေ့ ပွဲတော် (၂) ခု ပေါင်းတွေ (၈)ရက်ကြာ ရုံးရက်ရှည်ပိတ်ချိန်အတွင်း (အခုရုံးပိတ်ရက် တဝက်ကျော်အတွင်း) (Golden Week) တရုတ်တပြည်လုံး ခရီးသွားလည့်လည်သူ (trip) ခေါက်ရေပေါင်း သန်း(၄၀၀) ကျော်ရှိပြီး တပြည်လုံးက သုံးစွဲငွေပေါင်း (ဒေါ်လာဘီလီယံ ၄၀ကျော်) ပါတယ်။ 

ကူးစက်ရောဂါဗဟိုဖြစ်ခဲ့တဲ့ ဝူဟန့်မြို့ကို တပြည်လုံးက ခရီးသွားများအများအပြား လာရောက်လည်ပတ်ကြပြီး ဝူဟန့်မြို့ရဲ့ စီးပွားရေး နာလန်ပြန် ထရေးအတွက် ကူညီချင်လို့ လို့ဆိုကြပါတယ်။

ဒါတွေကတော့ ကိုဗစ်ရောဂါကပ်ဘေးအလွန် တရုတ်အစိုးရရဲ့ တပြည်လုံးပြည်သူများစိတ်ဓာတ် ပြန်လည် တက်ကြွလာပြီး စီးပွားရေးပြန်နာလန်ထူလာရေးအတွက် ဘက်စုံ လုပ်ဆောင်နေမှုတွေပါပဲ။

အခုတလော ကိုးဗစ်ရောဂါဖြစ်ပွားနှုန်းတက်နေလို့ စိတ်ဓာတ်တစုံတရာထိခိုက်နေရတဲ့ ဗမာပြည်သူတွေကိုလည်း အားပေးချင်နေပါတယ်။ တရုတ်ပြည်ရဲ့အဖြစ်အပျက်များကနေ သင်ခန်းစာယူသင့်တာတွေကို ယူစေချင်တာလည်း ပါပါတယ်။

ကမ္ဘာလူသားတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ဘေးအန္တ ရယ်အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှား ဖြေရှင်းခဲ့ရတာပါ။ ကူးစက်ရောဂါကပ်ဘေးများကိုလည်း အများကြီး ကျော်နင်းခဲ့ဖူးပါပြီ။ သိပွံပညာတိုးတက်မှုနဲ့အတူ သိပွံပညာရှင်များ အတတ်ပညာရှင်များရဲ့ အကူအညီနဲ့ လူသားတွေဟာ တွေ့လာရသမျှဘေးတွေကို အောင်မြင်စွာကျော်လွှား နိုင်ခဲ့ကြပါတယ်။

အခုလည်း ဒီရောဂါကပ်ဘေးဆိုးကြီးကို ကျော်လွှားနိုင်မှာပါ။

တရုတ်ပြည်ရဲ့ပုံစံအတိုင်းဆိုရင် အတတ်ပညာရှင်ရဲ့လမ်းညွှန်မှုကို ပြည်သူများက လိုက်နာလုပ်ဆောင်ပြီး ပြည်သူ့အကျိုးကို ကိုယ်စားပြုတဲ့ အစိုးရတွေကတော့ လိုအပ်တာတွေကို လိုက်လံလုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီလို လမ်းကြောင်းအတိုင်း အတတ်ပညာရှင် ၊ ပြည်သူလူထု၊ အစိုးရ၊ (၃)ဦး (၃)ဖလှယ် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ဟန်ချက်ညီညီ လုပ်ဆောင်ကြရင်ဖြင့် ဒီရောဂါကပ်ဘေးကြီးကို အချိန်ကာလတိုတိုအတွင်း ကျော်နင်း အောင်မြင်မှာပါ။

ဗမာပြည်သူလူထုအပေါင်း မကြာခင် ရောဂါကပ်ဘေးအတွင်းမှ လွတ်မြောက်ပါစေ။

လှကျော်ဇော
၆-၁၀-၂၀၂၀