လွင်(ဘော်တွင်း) - နိစ္စဓူဝနံနက်ခင်း
နိစ္စဓူဝနံနက်ခင်း
လွင်(ဘော်တွင်း)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၀
မိုးက အုံ့သလိုလို မအုံ့သလိုလို။ နေရောင်ခြည်ကောင်းစွာ မလင်းသော်ငြား ရာသီဥတုကတော့ ပူလောင်အိုက် စပ်နေသည်။ သူမသည် နှာခေါင်းစည်းကို သေသေချာချာဝတ်လိုက်သည်။ မျက်မှန်တပ်သည်။ ပိုက်ဆံအိတ်၊ ခြင်းတောင်းနှင့်အတူ သိပ်မသေချာသည့် မိုးကိုကာကွယ်နိုင်ဖို့ ထီးတချောင်းယူလိုက်သည်။ တံခါးကို ဖွင့်၍ အိမ်အပြင်သို့ ခြေလှမ်းစလိုက်သည်။
သွားနေကျလမ်းသည် လူသူရှင်းနေရုံသာမက ခါတိုင်း ဟိုနားတစု၊ ဒီနားတကောင်တွေ့ရတတ်သော လမ်းဘေးခွေးများပင်မရှိ။ လမ်းဘေးတစ်လျောက်တွင် လူစီးကားမျိုးစုံသည် မိုးကာအုပ်လျက်တမျိုး၊ ဒီတိုင်းဟင်းလင်းတဖုံ အစီအရီရပ်နားလျက်။
ခပ်လှမ်းလှမ်းဆီတွင် ဟင်းချက်စရာမျိုးစုံပါဝင်သောဈေးခြင်းကိုဆွဲလျက်လျှောက်လာနေသည့် အမျိုးသမီးတစ်ယောက်ကို လှမ်းမြင်နေရသည်။ ဝတ်စားဆင်ယင်ပုံအရ အမျိုးသမီးမှန်းသိသာသော်လည်း ဘယ်သူဘယ် ဝါ မကွဲပြားပါ။ မျက်နှာတွင် နှာခေါင်းစည်းနှင့် ဖေ့ရှီးဒ်(မျက်နှာကာ) အပြင် ဦးခေါင်းကိုလည်း တစ်ခါသုံးအစွပ်ဖြင့် စွပ်ထားသေးသည်။ မျက်နှာချင်းဆိုင်မဆုံတွေ့မီမှာပင် သူမသည် သူမနှင့်သက်ဆိုင်ရာ တိုက်ဘက်သို့ ကွေ့ဝင်ပျောက်ကွယ်သွားသည်။
ဘဏ်ဝန်ထမ်းဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် နှာခေါင်းစည်း၊ ဖေ့ရှီးဒ် သာမက လက်အိတ်ပါ ဝတ်ထားပြီး ဖယ်ရီကားလာမည့်ဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ သူမကိုင်ထားသော ဆွဲခြင်းကို ပလတ်စတစ်ဖြင့် လုံနေအောင် အုပ်ထားသည်။ ဝန်ထမ်းဘဝသည် ကောင်းသလိုလို မကောင်းသလိုလို။
ဈေးနှင့်နီးလာသော အခါ လူသွားလူလာအချို့ တွေ့လာရသည်။ ဟင်းချက်စရာ အချို့နှင့်အတူ နံနက်စောစာ မုန့် များကိုကိုင်ဆွဲကာ ခပ်သုတ်သုတ်ပြန်နေသူများ၊ သူမလိုပင် ဈေးခြင်းအလွတ်ကိုဆွဲကာ ဈေးသို့ ဦးတည်လာသူ များ လေးငါးဆယ်ဦးခန့်။ ဈေးလမ်းဘက်သို့ ချိုးကွေ့လိုက်သောအခါတွင်တော့ ဈေးသည်များ ဈေးဝယ်များကို အရောင်စုံလင်စွာ တွေ့ရတော့သည်။
သူမသည် သက်ပြင်းတချက်ချလိုက်သည်။ တတ်နိုင်သမျှ လူချင်းပွတ်တိုက်မှုကိုရှောင်ကြဉ်ကာ ဈေးသည်များရှေ့တွင်လျှောက်ရတော့သည်။ ပါလာသောငွေကြေးဖြင့် တတ်နိုင်သမျှ များများရအောင်ဝယ်သည်။ လူလတ်တန်းစားအောက်ဆင့် ဖြစ်သော (တနေ့လုပ် တနေ့စားမဟုတ်၍ ကိုယ့်ဘာသာသတ်မှတ်လိုက်သည့် အဆင့်) ၊ အလုပ်ကို အိမ်မှလှမ်း၍လုပ်နိုင်သည့်အခွင့်အရေး ရှိနေသေးသော သူမတို့မိသားစုအတွက် တပတ်စာသားငါးကို ဝယ်ခြမ်းနိုင်သည့်အနေအထားရှိနေသေးသည်မှာ တော်သေးစွဟု တွေးလိုက်သည်။
ဝယ်နေကျ သားငါးဆိုင်များရှေ့တွင် ထုံးစံအတိုင်း ဝယ်ခြမ်းသည်။ သားငါးဟုသာ ပြောရသည် ငါးဆိုင်ကြီးတွေ မထွက်တော့တာ တပတ်လောက်ရှိနေပြီ။ ငါးအတွက် ဒေသခံ ငါးသည် (တောသည်) ကလေးများကို ပို၍ အား ထားရသည်။ ကြက်သားနှင့် ဝက်သားသည်များကတော့ အရင်အတိုင်း ရောင်းနေကြသေးသည်။ အမဲသား ဆိတ်သားသည်များရှိနေသေးသော်လည်း သူမတို့ဝင်ငွေ၊ သူမတို့ စားအားနှင့် တွက်ခြေမကိုက်လှတာကြောင့် မစားဖြစ်တာ ကြာပြီ။
ကုန်စိမ်းဆိုင်ကြီးများလည်း မရောင်းကြတော့။ သူတို့နေရာမှာ ဈေးသည်အငယ်များ နေရာယူလာသည်။ အမျိုးသမီးများ ဦးဆောင်ရောင်းချနေသော ကုန်စိမ်းဆိုင်ကလေးများတွင် အလုပ်မရှိတော့ပြီဖြစ်သော ၊ အလုပ်နား၍ မသွားရတော့ပြီဖြစ်သော အမျိုးသားများက ကူဖော်လောင်ဘက် ဖြစ်နေကြသည်။ အချို့ အမျိုးသားများက သွက်သွက်လက်လက်၊ အချို့က ငေးတေးငေါင်တောင်။
သားငါးက တပတ်စာဝယ်ထားလို့ ရသော်လည်း ဟင်းသီးဟင်းရွက်က မရ၊ ရက်ခြားဆိုသလို ဈေးလာရ၍ ဈေးသည်အသစ်များနှင့်လည်း မျက်မှန်းတန်းစပြုပြီ။ အချို့ဈေးသည်များသည် နှာခေါင်းစည်းကို မေးအောက်ဆွဲချ၍ နံနက်စာ ထမင်းကြော်၊ မုန့်ဟင်းခါး၊ အသုပ် စသည်တခုခုကို ပျားယီးပျာယာ စားနေကြသည်။ ဝယ်သူလာသောအခါ စားလက်စပန်းကန်ကိုချ၍ ဈေးထရောင်းသည်။ ဆွဲချထားသော နှာခေါင်းစည်းကို ပြန်တပ်လိုက်ဖို့ မေ့နေတတ်ကြ၍ သတိပေးရသေးသည်။
ငှက်ပျောသီးသည်သည် နှုတ်မှ လည်း တစာစာခေါ်ရင်း လက်ကလည်း ငှက်ပျောဖီးကို ကြိုးတစနှင့် ချိတ်၍ ပေးလိုက်၊ ဝယ်သူပေးသောပိုက်ဆံကို စပရေးဗူးတစ်ခုထဲမှ အရည်ဖြင့် ဖြန်းလိုက်၊ ပြန်အမ်းငွေကို ထိုဆေး ရည်နှင့်ဖြန်းရင်း ပြန်အမ်းလိုက်နှင့် အလုပ်ရှုပ်နေသည်။ ကျွန်တော့်ပိုက်ဆံတွေက ပိုးသတ်ထားတယ်ဟုလည်း ပြောလိုက်သေးသည်။ နှာခေါင်းစည်းတပ်ထားသော သူမျက်နှာပြင်တွင် ချွေးသီးချွေးပေါက်တွေ ရွှဲ၍ နေလေသည်။
ဈေးထောင့်က လက်ဖက်ရည်ဆိုင်တွင် အီကြာကွေးနှင့် စမူဆာဝယ်သည်။ ဆိုင်ရှင်နှင့် အကြော်ဆရာသာ ရှိတော့သောသည်ဆိုင်က စားပွဲထိုးကလေးများ ဘယ်ရောက်ကုန်သနည်း သိလိုလှသည်။ သို့သော် မမေးဖြစ်။ အဖြေကိုမကြားလိုပေ။ ဈေးနားက အသုတ်ဆိုင်တွင်သော်လည်းကောင်း၊ အာပူလျှာပူဆိုင်တွင်သော်လည်း ကောင်း ခါတိုင်းလို့ ထိုင်စားသူ၊ စားရင်းသောက်ရင်း စကားပြောနေသူတို့ မရှိ၊ ပါဆယ်ဝယ်ဖို့ စောင့်ဆိုင်းနေကြသူအချို့တော့ ရှိသည်။
တပတ်လျှင် တခါလာတတ်သောအဝတ်အထည်သည်တို့ ရှေ့တွင်ကားရပ်ကြည့်သူပင်မရှိ။ မျက်နှာသိပ်မကောင်းလှသော အထည်သည်သည် သူ့အဝတ်စများကိုအုပ်ထားသော ပလတ်စတစ်အကြည်စကိုသာ ဟိုဘက်ဆွဲလိုက် သည်ဘက်ဆွဲလိုက် ဟိုဖိသည်ဖိလုပ်လိုက် ဖြင့် အလုပ်ရှာလုပ်နေရလေသည်။ အလုပ်ပိတ်ရက်မှာ လမ်းသလားနေကျ အထည်ချုပ်သမလေးများကား အဆောင်ထဲကပင်ထွက်တော့ပုံမရချေ။
ဈေးဖြစ်၍ လူများများတွေ့ရသည်ဖြစ်သော်လည်း ခါတိုင်းလို စည်ကားမှုမျိုးမဟုတ်သည်ကိုတော့ ဈေးသည်ဈေးဝယ်သူများ သိကြပါသည်။ အားလုံးသည် အိမ်ထဲမှမဖြစ်မနေထွက်လာရသူများ ဖြစ်ကြပြီးတူညီသော စိုးရိမ်ပူပန်မှုဖြင့် လှုပ်ရှားလုပ်ကိုင်နေကြသူများသာ ဖြစ်လေသည်။
ပိုက်ဆံကုန်၍ ဈေးခြင်းလည်းပြည့်ပြီဖြစ်၍ ပြန်ခဲ့သည်။ ဈေးအလာတုန်းက ပေါ့ပေါ့ပါးပါးဈေးခြင်းသည် အခုအခါ ဟင်းချက်စရာအပြည့်အမောက်ဖြင့် လေးလံနေသည်။ သူမတစ်ယောက်ထဲမဟုတ်၊ ဈေးပြန် အိမ်ရှင်မတိုင်းလိုလိုသည် မနိုင်မနင်းဈေးခြင်းကိုဆွဲလျက် ခပ်သုတ်သုတ်လျှောက်နေကြသည်။ အသိမိတ်ဆွေနှင့်ဆုံသောအခါ မျက်မှန်/ ဖေ့ရှီးဒ်အောက်မှ မျက်ခုံးများကိုပင့်၍သော်လည်းကောင်း မျက်စပစ်၍သော်လည်း ကောင်း နှုတ်ဆက်ကြရသည်။
ဈေးသည်တစ်ယောက်က နံဘေးမှဈေးသည်များကို လှမ်း၍ ပြောလိုက်သံကိုလည်း ကြားလိုက်ရပါသေးသည်။
“ဒီပိုးတွေကို တရုတ်က ဖြန့်လိုက်တာတဲ့၊ သိလား။ တရုတ်က အမေရိကန်ကို တိုက်ချင်လို့ တကမ္ဘာလုံးကို ရောဂါပိုးတွေဖြန့်လိုက်တာတဲ့”
ဘေးနားကဈေးသည်တွေက သူ့စကားကိုနားထောင်ကာ မချိတရိ ပြုံးနေကြလေသည်။
လွင်(ဘော်တွင်း)