Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၆

 


အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၆

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၀  

အခန်း (၆) - ယဉ်ကျေးမှုကို အလွဲသုံးစားပြုခြင်း

[အစဉ်အလာ ယဉ်ကျေးမှုများ အတိုင်း ပြုမှု လုပ်ဆောင်သည် ဆိုခြင်း အပေါ် ခွင့်ပြုသင့်သလား။ မည်သို့သော အခြေအနေမျိုးတွင် ယဉ်ကျေးမှု အတိုင်း လုပ်ဆောင်ခြင်းကို ခွင့်ပြုသင့်သနည်း။ ယဉ်ကျေးမှု ဆိုသည်မှာ ဆင်ခြေ တစ်ခု ဖြစ်သင့်သလား။ စသည်တို့ကို ရေးသားထားသည်။]

လစ်ဘရယ် အခွင့်အရေး အတွက် စဉ်းစားရာတွင် ယဉ်ကျေးမှုအားလုံး တန်းတူရည်တူ တန်ဖိုးရှိသည်ဟု ယူဆလိုက်မှုသည် ကိုယ့်သေတွင်းကိုယ်တူးသည့်ဖြစ်စဉ် ဖြစ်သည်။ ယင်းသို့ဆိုလျင် မည်သည့် အခြေအနေ အောက်တွင် ဒေသဆိုင်ရာ စံနှုန်းများ၊ ယဉ်ကျေးမှုများကို လက်ခံပေးသင့်သနည်း။

မိမိပြုလုပ်လိုက်သည့်အရာများ မှာ အစဉ်အလာ ရိုးရာအတိုင်း၊ ယဉ်ကျေးမှု အတိုင်း ပြုလုပ်ခြင်းဖြစ်သည်ဆို သော ဆင်ခြေပေးမှု ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသလို ခိုင်ခိုင်မာမာလည်း တည်ရှိနေသေးသည်။ ယင်းကဲ့သို့ ဆင်ခြေပေးမှုမျိုး မည်မျှ အထိ ခိုင်မာသည်ဟု ပြောနိုင်သနည်း။

၁၈၃၅ ခုနစ်တွင် ဖြစ်ပွားခဲ့သည့် ဥပမာကို သုံးသပ်ကြည့်ပါ။ နယူးဇီလန် နိုင်ငံ၏ မြောက်ပိုင်း ကျွန်းပေါ်တွင် နေသည့် မာအိုရီများသည် ၎င်းတို့၏ ကျွန်းအရှေ့ဘက် မိုင် ၅၀ဝ အကွာတွင်ရှိသည့် ချသန်ကျွန်းကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။ ချသန်ကျွန်းပေါ်တွင် နေထိုင်သည့် မိုရီအိုရီ လူမျိုးများသည် ငြိမ်းချမ်းရေး လိုလားသူများဖြစ်ပြီး အေးချမ်းစွာ နေထိုင်ကြသူများဖြစ်သည်။ သေနတ်များ၊ လက်ကိုင်တုတ်များ၊ ပေါက်စိန်များ ကိုင်ထားသည့် မာအိုရီ ၉၀ဝ ကျော်သည် ရာနှင့်ချီသည့် မိုရီအိုရီ လူမျိုးများကို သတ်ဖြတ်၊ စားသောက်ခဲ့ပြီး အခြားသောသူများကို ဖမ်းဆီး ကျွန်ပြုခဲ့သည်။ ယင်းကဲ့သို့သတ်ဖြတ်မှု၊ ဖမ်းဆီးမှု များသည် မိမိတို့၏ ယဉ်ကျေးမှု အရ လုပ်ဆောင် ခြင်းဖြစ်သည်ဟု မာအိုရီ တစ်ဦးက မှတ်ချတ်ပြုခဲ့သေးသည်။

ကမ္ဘာပေါ်ရှိ အုပ်စုတိုင်း မိမိတို့၏ စံနှုန်းများအတိုင်း၊ ယဉ်ကျေးမှု အတိုင်း နေထိုင်ပါက အေးချမ်း သာယာ ပေလိမ့်မည်ဆိုသော ယူဆချက်တွင် အားနည်းချက်ရှိနေသည်ကို အထက်ပါ ဥပမာက ဖော်ပြလျက် ရှိသည်။ အဆိုပါ စံနှုန်းသည် စစ်လိုလားသည့် စံနှုန်းလား၊ ငြိမ်းချမ်းရေး လိုလားသည့် စံနှုန်းလား ဆိုသည်ကသာ အေးချမ်း မှု ရှိ မရှိကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ ကိုယ့် ယဉ်ကျေးမှု နှင့် ကိုယ်နေရုံသက်သက်ဖြင့် အေးချမ်းမှု ယူဆောင်လာနိုင်မည် မဟုတ်ပေ။

ဥပဒေ တစ်ရပ်ရပ်သည် သက်ဆိုင်ရာ ဒေသခံ လူမျိုးစုများ၏ ယဉ်ကျေးမှု နှင့် မကိုက်ညီပါက ဒေသခံများ၏ လူနေမှု ပုံစံ နှင့် လိုက်ရောညီထွေရှိစေရန် အဆိုပါ ဥပဒေမှ ကင်းလွှတ်ခွင့်ပေးသင့်သည်ဆိုသော အမြင်ကို ခိုင်ခိုင်မာမာ ဖော်ထုတ်သူသည် James Tully ဖြစ်ပြီး Strange Multiplicity  ဆိုသည့်စာအုပ်တွင် ၎င်း၏ အမြင်ကို ဖော်ပြထားသည်။ ဒေသခံ လူမျိုးစုများ၏ အချို့သော အပြုအမှုသည် ၎င်းတို့၏ ယဉ်ကျေးမှုအတွက် မရှိမဖြစ် အရေးပါသော လုပ်ဆောင်ချက် ဖြစ်ပါ က ခွင့်ပြုပေးသင့်သည်ဟု ဆိုသည်။ ငါးမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် အမေရိကန် ဌာနေ တိုင်းရင်းသားများ နေထိုင်ရာ ဒေသ တစ်လျောက်တွင် ငါးဖမ်း မှု ပိတ်ပင်လိုက်ခြင်းဖြစ်စဉ်ကို ကြည့်ပါ။ ယင်းကဲ့သို့ငါးဖမ်းမှုသည် ဌာနေ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းဆိုပါက ငါးဖမ်းမှု ပိတ်ပင်ခြင်းကြောင့် ၎င်းတို့၏ ယဉ်ကျေးမှု အပေါ် သက်ရောက်မှုများ ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း ယင်းကဲ့သို့သော သက်ရောက်မှုသည် ၎င်းတို့၏ ယဉ်ကျေးမှု အပေါ် မည်သည့် အတိုင်းအတာ ထိ သက်ရောက် စေမည်နည်း ကို ပြန်လည် သုံးသပ်ရန် လိုသည်။ ယင်းကဲ့သို့သုံးသပ်ခြင်း မရှိဘဲ ငါးဖမ်းမှု သည် ဌာနေ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည် ထို့ကြောင့် ငါးဖမ်းမှု ပိတ်ပင်ခြင်းမှ ကင်းလွှတ်ခွင့် ပေးသင့်သည်ဟု တရားသေ မမှတ်ယူနိုင်ပေ။

ယဉ်ကျေးမှု အပေါ် မည်သည့် အတိုင်းအတာ ထိ သက်ရောက်မည်နည်း ဆိုသည်ကို မည်သို့တွက်ချက် မည်နည်း။ ပေါ်ပေါက်လာသည့် အပြောင်းအလဲကြောင့် သက်ဆိုင်ရာ အုပ်စုဝင် အချင်းချင်းကြားရှိ ဘုံ ယဉ်ကျေးမှု ပျက်သုန်းသွားပြီး မိမိတို့အဖွဲ့ဝင်ဟု မသိနိုင်လောက်သည့် အခြေအနေသို့ရောက်ရှိသွားမှု သည် ယဉ်ကျေးမှု အမှတ်လက္ခဏာ ပျက်သုန်းသွားမှု ဖြစ်သည်။ နောက်ထပ် အခြေအနေ တစ်ရပ်သည် အဆိုပါ အုပ်စု၏ ကျင့်ဝတ်ပိုင်း စံနှုန်းများ ပျောက်ကွယ်သွားပြီး အခြားသော အစားထိုးစရာ စံနှုန်း မရှိမှု ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အုပ်စုတွင် ကျင့်ဝတ်ပိုင်း စံနှုန်းများ လုံးဝ ပျောက်ဆုံးသွားပြီး အရိုင်းဆန်ဆန် ပြုမှုမူကြောင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ ပေါ်ပေါက်လာနိုင်သည်။ ယင်းသို့သော အခြေအနေ ၂ ရပ် ကိုသာ ယဉ်ကျေးမှု အမှတ်လက္ခဏာ ပျက်သုန်းမှု ဟု ယူဆနိုင်သည်။ ယင်းကဲ့သို့သော အခြေအနေ မဟုတ်ပါက “ငါတို့ယဉ်ကျေးမှု အရ လုပ်ဆောင်သည်” ဆိုသော ဆင်ခြေပေးမှုကို လက်မခံ သင့်ပေ။

အမေရိကန် ဌာန တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများသည် အလွန်အမင်း အားနည်း ချိနဲ့လျက်ရှိ သည်ဆိုသော အမြင်သည် လိုသည်ထက် ပိုသော စိုးရိမ်မှု ဖြစ်သည်။ ယဉ်ကျေးမှုတိုင်းအပေါ် တန်းတူရည်တူ တန်ဖိုးထားရမည်ဖြစ်သလို ယဉ်ကျေးမှုတိုင်းသည်လည်း ပေါ်ပေါက်လာသည့် အခြေအနေလိုက် အလိုက်သင့် ပြောင်းလဲမှု လုပ်ဆောင်ရမည်ဖြစ် သည်။

ဤရေးသားမှု၏ အဓိက ဆိုလိုရင်းသည် “ယဉ်ကျေးမှု သည် ဆင်ခြေပေးရန် မဟုတ်” ဟူသော အချက်ဖြစ်သည်။ အပြုအမှု တစ်ရပ်ကို ကာလရှည်ကြာ လုပ်ဆောင်ခဲ့မှုကြောင့် ယင်းသို့အတိုင်း လုပ်ဆောင် ရမည်ဆိုသော အချက်သည် ခိုင်လုံသည့် ရှင်းပြချက် မဟုတ်ပေ။ ယဉ်ကျေးမှုကိုသာ ဆင်ခြေပေးနေမည်  ဆိုပါက ကျွန်စနစ်သည် မိမိတို့ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် ကျွန်စနစ်ကို အသိအမှတ်ပြုပေးရမည်ဟု အမေရိကန် တောင်ပိုင်းရှိ ကေသုံးလုံး ဂိုဏ်း သည်လည်း တောင်းဆိုခွင့်ရှိမည်ဖြစ် သည်။


ယဉ်ကျေးမှု အရ လုပ်ဆောင်ခြင်းကို ခွင့်ပြုပေးမှု

မိမိတို့ယဉ်ကျေးမှု အရ လုပ်ဆောင်သည်ဟု ဆင်ခြေပေးမှုကို နေရာတိုင်းတွင် ခွင့် မပြုသင့်သော်လည်း အချို့သော အခြေအနေတွင် အစဉ်အလာအရ လုပ်ဆောင်ပေးမှုကို ခွင့်ပြုပေးသင့်သည်။

အသားကျလာသည့် အပြုအမှုများ အတိုင်းလုပ်ဆောင်လျင် မည်သူကဘာလုပ်မည်ကို အလွယ်တကူ ခန့်မှန်း နိုင်ခြင်းကြောင့် အုပ်စုဝင်များကြား ပူးပေါင်းဆောင်ရွယ်မှုကို ချောချောမွေ့မွေ့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အလားတူ လူမှုစံနှုန်းများ ပြောင်းလဲရေးသည် လွန်စွာ ခက်ခဲသဖြင့် အပြောင်းအလဲ လုပ်ဆောင်ရန် ခိုင်လုံ သည့် အကြောင်းပြချက် မရှိပါက အစဉ်အလာ အတိုင်းသာ လုပ်ဆောင့်သင့်သည်။ “အင်စတီကျူးရှင်းများတွင် အီနားရှား သဘောရှိနေသလို ယဉ်ကျေးမှုသည်လည်း ကွန်ဆာဗေးတစ်ဆန် သည့် သဘောရှိသည်” သက်ဆိုင်ရာ ယဉ်ကျေးမှုသည် သက်ဆိုင်ရာ လူမျိုးနှင့်သာ ဆိုင်သည်ဆိုသော အမြင်ကို ဖော်ထုတ်ခဲ့ကြသည့် Herder ကဲ့သို့သော တွေးခေါ်ပညာရှင်များရှိခြင်းကြောင့်လည်း ယဉ်ကျေးမှု အပေါ် ဖတ်တွယ်မှု အားကောင်းနေခြင်းဖြစ်သည်။ ဂျာမန် ယဉ်ကျေးမှုတွင်းသို့တိုင်းတပါးမှ ယဉ်ကျေးမှုများ ဝင်ရောက်မှုကြောင့် အစဉ်အလာ ယဉ်ကျေးမှု ညစ်ထွေးစေလိမ့်မည်။ ဂျာမန်များအတွက် ဂျာမန် ယဉ်ကျေးမှုသာ ကောင်းမြတ်သည်။ ပြင်သစ်များအတွက် ပြင်သစ် ယဉ်ကျေးမှုသာ ကောင်းမြတ်သည်။ ပြင်သစ် ယဉ်ကျေးမှုကို ဂျာမန်များ ရယူပါက ကောင်းမြတ်မည် မဟုတ်ဆိုသော အမြင်မျိုးဖြစ်သည်။ ဂျာမန် လူမျိုးများသည် ဇီဝဗေဒပိုင်း အရ သီးခြားရှိနေသည့် လူမျိုးများဖြစ်သည်။ ဂျာမန်တို့၏ မွေးရာပါ အရည်အသွေးများသည် ဂျာမန် ယဉ်ကျေးမှု နှင့်သာ ဆိုင်သည်ဟု ယူဆကြသည်။ ယင်းသို့သော ဂျာမန် ယဉ်ကျေးမှု အမြင်မှ တစ်ဆင့် လူမျိုးရေးခွဲခြား သည့် အယူအဆများ ဆင်းသက်လာခြင်းဖြစ်သည်။ တစ်လောကကလုံးသဘော ဆောင်သည့် လူသား သဘာဝ မရှိ၊ သက်ဆိုင်ရာ လူမျိုးများတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု ရှိသည် ဆိုသော ဉာဏ်အလင်းသစ်လှုပ်ရှားမှု ဆန့်ကျင် ရေးသမားများ လက်ကိုင်ထားသည့် အမြင်ပင်ဖြစ်သည်။

လူသားများသည် ၎င်းတို့နှင့် သက်ဆိုင်သော ယဉ်ကျေးမှုတွင်သာ တိုးတက်ဖွံဖြိုးနိုင်လိမ့်မည် ဆိုသော အမြင်သည် ၁၉ ရာစုနှစ်တွင်း ပေါ်ပေါက်လာသည့် စိတ်ကူးယဉ်ဆန်သည့် အမျိုးသားရေး ဝါဒ ၏ အမြင်ပင်ဖြစ်သည်။ မြို့ပြ ဒေသများသည် ယဉ်ကျေးမှုများကို ပေါင်းစည်းပေးသည့် နေရာဟု ဆိုကာ အမျိုးသားရေး ဝါဒီများက မြို့ပြ ဒေသများကို အမြင်မကြည်ပေ။ သို့သော်လည်း အမျိုးသားရေးဝါဒ ပညာရှင်များ ကိုယ်တိုင်မှာမူ မြို့ပြ ဒေသမှ လာသူ များဖြစ်သည်။ ကျေးလတ်ဒေသများမှာ ရှေးအစဉ်အလာ ယဉ်ကျေးမှုများကို ထိန်းထားသည့် နေရာများ ဖြစ်သည်။ ရှေးဟောင်းစာပေများတွင် ရှေးဟောင်းယဉ်ကျေးမှုများရှိသည်ဟုဆိုကာ ရှေးဟောင်း စာပေများကိုလည်း ခက်ခက်ခဲခဲ အချိန်ကုန်ခံကာ လေ့လာလေ့ရှိသည်။ 

အုပ်စုဝင်များကြား ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေး ကဲ့သို့သော အခြေအနေမျိုးတွင် အစဉ်အလာ ယဉ်ကျေးမှုကို ဖတ်တွယ်ထားမှုက ကောင်းကျိုးပြုစေသော်လည်း စိတ်ကူးယဉ်ဆန်သည့် အမျိုးသားရေး ဝါဒီ များလိုလားသကဲ့သို့နေရာတကာ တွင် ယဉ်ကျေးမှုကို ဖတ်တွယ်ထားရေးမှာ ခိုင်လုံမှု မရှိပေ။

အစဉ်အလာဝါဒ၏  အားနည်းချက်များ

အစဉ်အလာ အတိုင်း လုပ်ဆောင်သည် ဆိုသော အကြောင်းပြချက်သည် ဥပဒေပိုင်းအရ လုံလောက်မှု  မရှိ ဆိုခြင်းအပေါ် မည်သူမျှ သံသယရှိမည် မဟုတ်ပေ။ နိ်ုင်ငံခြား တိုင်းပြည်တစ်ခုတွင် သွားရောက် နေထိုင်ပါက အဆိုပါ တိုင်းပြည်၏ ဥပဒေများ၊ စည်းမျဉ်းများ အတိုင်း နေထိုင်ရမည်ဖြစ်သည်။ မိမိတို့မူရင်း နေထိုင်ရာ ဒေသ တွင် လုပ်ဆောင်သည့်အရာများ နှင့် မတူဟုဆိုကာ အဆိုပါ နိုင်ငံခြား တိုင်းပြည်၏ ဥပဒေများကို ဝေဖန်နိုင်မည် မဟုတ်ပေ။ ယဉ်ကျေးမှုအရ လုပ်ဆောင်ရသည်ဆိုသော ဆင်ခြေကို လက်ခံရန် မလိုပေ။ အချို့သော ဒေသများတွင် နိုင်ငံရေးအရ ညှင်းပန်းနိုပ်စက်မှု၊ အတိုက်အခံများကို သတ်ဖြတ်မှုများ ရှိနေနိုင်သည်။ ယင်းပြုအမှုများကို ဒေသခံ စံနှုန်းများ အတိုင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆင်ခြေပေးရန် မဖြစ်နိုင်ပေ။ 

Charles Taylor ၏ “The Politics of Recognition ” ဆိုသည့် စာအုပ်တွင် ယဉ်ကျေးမှု ကို ဆင်ခြေ အဖြစ် သုံးထားသည်ကို တွေ့နိုင်သည်။ ဘာသာတရားအပေါ် စော်ကားပြောဆိုမှု အတွက် ဆယ်မန် ရတ်ဒီ ကို သတ်ဖြတ်ရမည်ဟု အီရန်က တောင်းဆိုထားမှုကို ဥပမာ အဖြစ် အဆိုပါ စာအုပ်တွင် ဖော်ပြထားသည်။ ဘာသာရေးကို စော်ကားသည့် ဆယ်မန် ရတ်ဒီ ကို ယဉ်ကျေးမှုပိုင်း ဆင်ခြေပေးမှုဖြင့် သုံးသုပ်ကြည့်ပါက သေဒဏ်ပေးသင့်သည်။ သို့သော်လည်း လစ်ဘရယ် အမြင်ဖြင့် ကြည့်ပါက ဘာသာရေး အပေါ် ထိခိုက်လုပ် ဆောင်မှုသည် ကောင်းမွန်သည့်အရာ မဟုတ်သော်လည်း ဥပဒေပိုင်းအရ အရေးယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အီရန်တို့တောင်းဆိုသည့် အတိုင်း ဆယ်မန် ရတ်ဒီကို သတ်ဖြတ်သူကို လူသတ်မှုဖြင့် အရေးယူရမည်ဖြစ်သည်။

ယင်းကဲ့သို့သော ပြဿနာများ ပေါ်ပေါက်လာခြင်းသည် ယဉ်ကျေးမှုပိုင်း ပေါင်းစည်းမှု တိုးပွားလာခြင်းကြောင့် ဟု တေလာက ယူဆသည်။ မတူညီသည့် ယဉ်ကျေးမှုများ ဒေသ တစ်ခုတွင်း စုပေါင်း မနေထိုင်ခင် အချိန်ထိ ယင်းကဲ့သို့သော ပြဿနာ မပေါ်ပေါက်ဟူသော စဉ်းစားချက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းကဲ့သို့သော ယူဆချက်များသည် စိတ်ကူးယဉ်ဆန်သည့် အမျိုးသားရေး ဝါဒကို လက်ခံသူများ၏ အမြင်မျိုးဖြစ်သည်။ ၎င်းတို့ သည် ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို လက်ခံနိုင်ခြင်းမရှိသလို၊ ယင်းကဲ့သို့သော ကွဲပြားမှုအပေါ် ကိုင်တွယ် နိုင်ခြင်းလည်း မရှိပေ။

ဆယ်မန် ရတ်ဒီ ကို လက်ခံထားသည့် ဗြိတိန် အစိုးရ အနေနှင့်လည်း အီရန်တို့တောင်းဆိုသည့် အတိုင်း မလုပ်ဆောင်မှု၊ ဆယ်မန်ကို လွှဲပြောင်းမပေးမှု ကို “မိမိတို့၏ အစဉ်အလာ အတိုင်း လုပ်ဆောင်သည်ဟု ဆင်ခြေ မပေးသင့်ပေ”။ မိမိတို့၏ အစဉ်အလာ အတိုင်း လုပ်ဆောင်မှု မဟုတ်ဘဲ ကမ္ဘာ့ နေရာ ဒေသ အသီးသီးတွင် ကျင့်သုံးရမည့် မှန်ကန်သည့် လုပ်ဆောင်ချက် အတိုင်း လုပ်ဆောင်မှု ဖြစ်သည်ဟုသာ ဆင်ခြေ  ပေးသင့်သည်။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း

ကိုးကား- Culture and Equality by Brian Berry, Chapter 7 The Abuse of “Culture”