Breaking News

လှကျော်ဇော - အမေရိကန် - အိန္ဒိယ ၂+၂ အစည်းအဝေးရဲ့နောက်ကွယ်မှာ



လှကျော်ဇော - အမေရိကန် - အိန္ဒိယ ၂+၂ အစည်းအဝေးရဲ့နောက်ကွယ်မှာ

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၀

အောက်တိုဘာ (၂၆-၂၇) ရက်များက အိန္ဒိယ နယူးဒေလီမှာကျင်းပတဲ့ အမေရိကန်နဲ့အိန္ဒိယ (၂) နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများနဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (၂+၂) အပြီးမှာ သဘောတူညီချက်များ ထွက်လာပါတယ်။ ကျန်းမာရေးစနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးတို့၊ ထောက်လှမ်းရေးသတင်းများ မျှဝေရေးတို့ ဖြစ်ပါတယ်။

အိန္ဒိယအပါအဝင် အာရှ (၄) နိုင်ငံ ခရီး (သီရိလင်္ကာ၊ မောလ်ဒိုက်ဖ်၊ အင်ဒိုနီရှား) အစီအစဉ်ကို ကြေညာစဉ်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အာရှမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့ တရုတ်ရဲ့သြဇာကိုထိန်းချုပ်ဖို့ ပြောခဲ့တာပါ။

ဒီတော့ သူအပြော ဘယ်လောက်အောင်မြင်တယ်၊ တရုတ်က ဘယ်လို တုံ့ပြန်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး တရုတ် (C.G.T.N) အင်္ဂလိပ်ပိုင်းအစီအစဉ်က တွေ့ဆုံဆွေးနွေးခန်း ( Dialogue) တခု ၂၇-၁၀-၂၀၂၀ ညပိုင်းမှာ လုပ်ပါတယ်။

တရုတ် စူကျိူးတက္ကသိုလ်က ပါမောက္ခ၊ အိန္ဒိယ ဂျရာဝါလာနေရူးတက္ကသိုလ်က ပါမောက္ခနဲ့ အမေရိကန်မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က ပါမောက္ခများကို ဖိတ်ကြားပြီး ပြုလုပ်တဲ့ ဆွေးနွေးပွဲအစီအစဉ်ပါ။ ဘက်အသီးသီးက အမြင်များကို ကြားရတာဟာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ်။

သူတို့ (၃) ဦးရဲ့ ပြောဆိုချက်များကို ကြည့်ရအောင်ပါ။

၁။ အမေရိကန်ပါမောက္ခရဲ့အမြင်များ

ထရန့်အစိုးရအတွက် ရည်ရွယ်ချက် (၂) ခု ရှိနိုင်တယ်။

၁။ ပြည်တွင်းလိုအပ်ချက်။ ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ထရန့်က မိမိကိုစွပ်စွဲထားတဲ့ မဟာမိတ်များနဲ့ဆက်ဆံရေးတွေပျက်အောင်လုပ်တယ် ဆိုတာကိုချေပနိုင်ဖို့၊ အိန္ဒိယလို အာရှနိုင်ငံကြီးတရပ်ကို ကောင်းကောင်းမဟာမိတ်ဖွဲ့နိုင်ရုံမက တရုတ်နဲ့ဝေးကွာသွားအောင် ဆွဲထုတ်နိုင်တယ်ဆိုတာ ပြဖို့၊ ဒီမိုကရက်ပါတီက ဒုသမ္မတအဖြစ် လျာထားတဲ့ ကမ်မလာဟဲရစ်ဟာ အိန္ဒိယသွေးတဝက်ပါတာဖြစ်နေတော့ သူတို့ ရီပတ်ဘလင်ကင်ပါတီအတွက် အမေရိကန်က အိန္ဒိယပရိသတ်ကို ပြန်လည်ဆွဲဆောင်ဖို့၊ စတာတွေအပြင် ပွန်ပီယိုရဲ့ တဦးချင်းရည်မှန်းချက်များ (တချို့အကဲခတ်များက ပွန်ပီယိုဟာ ၂၀၂၄ ရီပတ်ဘလင်ကင်ပါတီ သမ္မတလောင်း အဖြစ်ရည်ရွယ်နေပုံရှိတယ်လို့ ဆိုနေကြတယ်။)

ဒါတွေကြောင့် အခုရွေးကောက်ပွဲ (၁) ပတ် သာလိုတော့တဲ့အချိန်မှာ အခုလို လှုပ်ရှားနေတာတဲ့။

၂။ နိုင်ငံခြားရေးပေါ်လစီ လိုအပ်ချက်။ အဓိကအားဖြင့် တရုတ်ဆန့်ကျင်ရေးမှာ မိမိတို့က အားသာတယ်ဆိုတာ ပြဖို့၊ (ထရန့်က ဘိုင်ဒင်ကို တရုတ်နဲ့ဆက်ဆံရာမှာ ပျော့လွန်းတယ် လို့ ဝေဖန်နေတာ)၊ ဒါ့အပြင် အင်ဒို-ပစိဖိတ်သေနင်္ဂဗျူဟာ ခြေလှမ်းတွေကို ခိုင်ခိုင်မာမာ ဆက်လှမ်းဖို့ ပြင်ဆင်တာလည်း ဖြစ်တယ် - - တဲ့။

အိန္ဒိယကို လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပေးပြီး တရုတ်နဲ့ပိုဝေးအောင်လုပ်ရေးကို အမေရိကန်က ရည်ရွယ်ပေမယ့် အိန္ဒိယဟာ ဘက်မလိုက်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်နေရာရထားသူဖြစ်လို့ အမေရိကန်တွေရဲ့ နောက်လိုက်ငယ်လေး (တောင်ကိုးရီးယားလို၊ ဂျပန်လို) ဖြစ်ဖို့ မလွယ်ဘူး။ ဒါ့အပြင် အိန္ဒိယအနေနဲ့ နယ်နိမိတ်ပြဿနာ ပေါ်နေတာ တရုတ်တပြည်တည်းနဲ့သာမဟုတ်ဘဲ ပါကစ္စတန်နဲ့ရော၊ နီပေါနဲ့ရော ဖြစ်နေတာ။ ဒါ့ကြောင့် သူ့နိုင်ငံလုံခြုံရေးအတွက် အမေရိကန်အကူအညီရရေးဟာ လိုအပ်မှုပါ။ ဒါ့ကြောင့် အိန္ဒိယအနေနဲ့ အမေရိကန်လိုချင်သလောက် တရုတ်ရန်ပြုရေးဟာ မဖြစ်နိုင်ပါဘူး - - - တဲ့။

၂။ အိန္ဒိယဘက်ကအမြင်

အိန္ဒိယအနေနဲ အခုဒီလို (၂+၂) အစည်းအဝေးတွေလုပ်နေတာ အခုဟာ တတိယအကြိမ်ပါ။ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတခုသာ ဖြစ်ပါတယ်။ ဒါ့အပြင် အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တောင် ထွက်မလာဘူး။ ဝန်ကြီး (၄) ဦး လုံး မိမိတို့ရဲ့ သီးခြားအမြင်တွေကို ကိုယ်စီပြောသွားကြတာ။ ဒါကိုက တချို့အမြင်တွေမှာ ညှိနှိုင်းမရတာ ရှင်းပါတယ်။ (ပွန်ပီယိုကတော့ တရုတ်နိုင်ငံကို ထည့်သွင်းပြောကြားမှုတော့ ရှိပါတယ် - - တဲ့)

အိန္ဒိယအနေနဲ့ ကျန်အင်အားကြီးနိုင်ငံများ - - ရုရှား၊ အင်္ဂလန်၊ ပြင်သစ် စတာများနဲ့လည်း အခုလို (အမေရိကန်နဲ့လို) ချစ်ကြည်ရေးစာချုပ်တွေချုပ်၊ လက်နက်တွေ ဝယ်စရာရှိလည်းဝယ်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ထားတာပါ။

ဒါ့အပြင် အိန္ဒိယက တရုတ်နဲ့ နယ်နိမိတ်ပြဿနာ ဖြေရှင်းရာမှာ (၂) နိုင်ငံ အချင်းချင်းကြားမှာပဲဖြေရှင်းမယ် လို့တရားဝင်ပြောထားတာပါ။ အိန္ဒိယရဲ့နိုင်ငံခြားရေးဝါဒကိုက လွတ်လပ်တဲ့ ကြားနေရေးဝါဒပါ - - - တဲ့။

ဒီဆွေးနွေးပွဲဟာ မိနစ်(၃၀) ကြာပါတယ်။ အပြန်အလှန်ဆွေးနွေးပြောဆိုမှုတွေ အားလုံးအပြီးမှာတော့ တရုတ်ပါမောက္ခ က အချုပ်အားဖြင့် ဒီလိုပြောသွားပါတယ်။

၁။ ကမ္ဘာကြီးဟာ  အလွန်ကြီးမားကျယ်ပြန့် မြန်ဆန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာ အဓိကမဟာရေစီးကြောင်းကြီးဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးသာ ဖြစ်ပါတယ်။ဒါကို ဘယ်သူမှ တားလို့မရတော့ပါဘူး။

၂။ အမေရိကန်က ထရန့်တို့အဖွဲ့ကြည့်ရတာ သွေးရူးသွေးတန်း ဖြစ်နေပုံရတယ်။

၃။ အိန္ဒိယဟာ သူပိုင်ကြီးမြတ်တဲ့ ယဉ်ကျေးမှုကြီးရှိတဲ့အပြင် ကမ္ဘာပေါ်မှာလည်း ဘက်မလိုက်နိုင်ငံများခေါင်းဆောင်အဖြစ် အလံလွှင့်ထားတာပါ။ တရုတ်နဲ့ နယ်မြေအငြင်းပွားမှုတွေကို (၂) နိုင်ငံ အကြားမှာပဲ ဖြေရှင်းဖို့လိုလားသူပါ။ ဒါ့အပြင် ဒီတရုတ်နဲ့အ ငြင်းပွားနေရတဲ့နေရာများအတွက် အိန္ဒိယက လက်နက်နဲ့ဖြေရှင်းဖို့ လုပ်မယ် မထင်ပါဘူး။  မြေအနေအထားအရ (terrain) အိန္ဒိယအတွက် အရေးမသာလို့ပါ။ ဒါကြောင့် ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာတဲ့လမ်း သာရှိပါတယ်။

၄။ တရုတ်တပ်မတော်အနေနဲ့ကလည်း မိမိတို့ရဲ့စစ်စွမ်းရည်ကို ကမ္ဘာမှာ(အမေရိကန်နဲ့) ရင်ဘောင်တန်းနိုင်အောင် အဆက်မပြတ် ကြိုးပမ်းနေရမှာပါ။ ဒါမှသာ တရုတ်ရဲ့ပေါ်လစီဖြစ်တဲ့ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်မှာဖြစ်တယ် ... တဲ့။

ဒါတွေကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာရှ (၄) နိုင်ငံခရီး (နောက်ဆုံးမှကပ်ပြီး ဗီယက်နမ်ပါ ပါသွားလို့ (၅) နိုင်ငံ) က တရုတ်ကို ထိန်းချုပ်ဖို့ ထွက်မယ်လို့ ကြေညာပြီးကတည်းက တရုတ်မီဒီယာတွေမှာ ပေါ်ပေါက်နေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေးစိတ်ဓာတ်လွန်ကဲလာမှုကို တရုတ်အစိုးရအနေနဲ့ တစုံတရာထိန်းချုပ်ဖို့လုပ်ဆောင်ချက်တရပ် ဖြစ်ပုံရပါတယ်။

တရုတ်အနေနဲ့ အဓိက ခြိမ်းခြောက်နေတဲ့ အမေရိကန်ကို ရင်ဆိုင်နေရချိန်မှာ ကျန်နိုင်ငံများနဲ့ ဆက်ဆံရေးမပျက်ပြားစေဖို့ သတိထားပုံရပါတယ်။ အမေရိကန်ရဲ့ရည်ရွယ်ချက်ကလည်း တရုတ်နဲ့ အဲဒီအာရှနိုင်ငံများအကြားဆက်ဆံရေးတွေ မပျက်တောင် နည်းနည်းဝေးသွားရေးပါ။ တရုတ်ရဲ့ ဒီလိုပျော့ပျောင်းတဲ့ပေါ်လစီဟာ အလုပ်ဖြစ်ပုံရတယ်။

ပွန်ပီယိုရဲ့ ဒုတိယခရီးစဉ်ဖြစ်တဲ့ သီရိလင်္ကာမှာ ဆွေးနွေးပွဲအပြီး (၂) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပွန်ပီယိုက ဒီလိုပြောပါတယ်။

ကျွန်တော်တို့က တရုတ်ကွန်မြူနစ်ပါတီလို လွတ်လပ်တဲ့ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့ မဟုတ်ပါဘူး - - - လို့ထည့်ပြောပါတယ်။

ဒီတော့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့အလှည့်ရောက်တော့ ...

ကျွန်တော်တို့အနေနဲ့ အမေရိကန်နဲ့ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မှုအတွက် အလွန်ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်တဲ့ ကြားနေရေးကို ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ ဘယ်နိုင်ငံနဲ့မဆိုရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားမှာ ဖြစ်ပါတယ် ... တဲ့။

(သီရိလင်္ကာနိုင်ငံက တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းကြီးတခုဖြစ်တဲ့ (အနောက်နိုင်ငံများက တရုတ်ကြွေးထောင်ချောက် လို့စွပ်စွဲခဲ့တဲ့) ဟမ်ဘာတိုတာဆိပ်ကမ်းဟာ အစောပိုင်းက တစုံတရာပြဿနာတွေ တက်ခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်များမှာတော့ သီရိလင်္ကာအစိုးရအတွက် နိုင်ငံခြားဝင်ငွေရှာပေးနိုင်တဲ့ လုပ်ငန်းကြီးတခုဖြစ်လာနေပါတယ်။ ဒါကြောင့် သီရိလင်္ကာအစိုးရအနေနဲ့ တရုတ်ကို အထိမခံချင်ပါဘူး။ ပွန်ပီယိုရဲ့ တရုတ်ဆန့်ကျင်ရေးစကားတွေကို သံယောင်မလိုက်နိုင်တာပါ။)

ကျန်အာရှနိုင်ငံခရီးစဉ်များမှာတော့ ပွန်ပီယိုတယောက် တရုတ်အန္တရာယ် (China Threat) အကြောင်း ထည့်ပြောတာ မကြားရတော့ပါဘူး။

တရုတ်တွေကတော့ မော်ရဲ့ပဋိပက္ခကျမ်းကို ကျေပုံရပါတယ်။

ဘယ်အချိန်မှာ ဘယ်ပဋိပက္ခက အဓိကလဲ။ ဘယ်ပဋိပက္ခကို အရင်ထားပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေမှာသူတို့ရဲ့စဉ်းစားမှုတွေဟာ  အတော်ဘက်စုံတာ  တွေ့ရပါတယ်။

လေ့လာစရာပါ။

လှကျော်ဇော
၂-၁၁-၂၀၂၀