Breaking News

ဒီလူည - ပေးစာ


ပေးစာ
ဒီလူည
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၀

၂၀၁၈၊ စက်တင်ဘာလ၊ ၁ဝရက်၊ တနင်္လာနေ့

သားရေ. . .

အဖေ ဒီစာကိုရေးနေတဲ့အချိန်မှာ သားက ဒီကမ္ဘာကြီးထဲ ရောက်နေတာ ၅၃ရက် ရှိပြီပေါ့။ ဒီအချိန်ထိ သားကို နီးနီးကပ်ကပ်နဲ့ မိနစ်ပိုင်းလောက်သာတွေ့ဖူးသေးတဲ့ အဖေ့အသက်ကတော့ ၃၁ နှစ်ပြည့်ဖို့ တစ်လနဲ့ရက် ၂၀ လိုတော့တယ်။ တကယ်တော့ ၅၃ ရက်သားလေးပဲရှိသေးတဲ့ သားတစ်ယောက်ဆီ အသက် ၃၀ ကျော် ဖခင်တစ်ယောက်ရဲ့ ရေးတဲ့စာဟာ နည်းနည်းတော့ကြောင်မနေမလား မသိဘူး။ ဘေးလူအမြင်နဲ့ ကြည့် ရင်လည်း ဒါဟာ တကယ့်ကို ကြောင်လွန်းတယ်ဆိုတာ အဖေသိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ အဖေ့အာရုံထဲ ဒီလိုစာတစ်တန်ပေတစ်ဖွဲ့ ရေးဖို့အတွေးတွေ ရောက်နေတာ လွန်ခဲ့တဲ့ သုံး လေးရက်ကတည်းကပဲ။ တစ်ခါတလေ အဖေ့အလုပ် (စာသင်နေတဲ့အချိန်)မှာတောင် စိတ်ကူးထဲ သားဆီကိုစာတွေ ရေးနေမိတာ။ ခုတော့ စိတ်ကူးထဲမှာမဟုတ်တော့ဘဲ စကားလုံးတွေကို ကိုယ်ထိလက်ရောက် ချရေးလိုက်မိပြီလေ။ အတွေးထဲမှာ ရေးတုန်းကတော့ စကားလုံးတွေက ရေစီးသန်တဲ့မြစ်တစ်စင်းလို အတားအဆီးမရှိဘဲ။ ဒါပေမဲ့ ခုလိုချရေးလိုက်တော့ အဲ့ဒီစကားလုံးတွေဟာ ပျောက်ရှကုန်တယ်။ မြေပုံပေါ်မှာ မှတ်သားထားခြင်းမရှိတဲ့ ရတနာသိုက်ကို ရှာဖွေနေရသလိုပဲ။ 
                    သားဆီိကို အဖေရေးရတဲ့အကြောင်းပြချက်ကျတော့ တိတိကျကျမရှိဘူး။ ဘာအကြောင်းတွေပြောမယ် ဘာအကြောင်းတွေပါမယ်ဆိုတာ အဖေကိုယ်တိုင်လည်းမသိဘူး။ ဒီစာကိုရေးနေရင်း အဖေ့အတွေးထဲရောက်လာတဲ့ စကားလုံးတွေကို ပြန်ပြီးချရေးပြတဲ့သဘောပါ။ ဒီလိုစကားလုံးတွေဖြစ်လာဖို့ အဓိကဖြစ်စေတဲ့ အကြောင်းအရာတစ်ခုတော့ ရှိတယ်။ အဲ့ဒါကတော့ သားပဲ။ ဒီလိုအစပ်အဆက်မရှိဘဲ အဖေပြောလိုက်တော့ ဒီစာကို တချိန်ချိန်သားဖတ်ဖြစ်လာတဲ့အခါ ရုတ်တရက်တော့ ရှုပ်ထွေးသွားနိုင်တယ်။ အဓိပ္ပါယ်တွေဝေဝါးသွားနိုင်တယ်။ ဒီလိုဖြစ်ပေါ်လာမယ်ဆိုတာကို သိသိကြီးနဲ့ အဖေရေးလိုက်တယ်လို့တော့ မထင်လိုက်ပါနဲ့။ အဖေစကားပြောတာ လောသွားတယ်လို့ပဲ မှတ်ယူလိုက်ပါ။ ဇာတ်ရည်လည်အောင် အဖေရှင်းပြမယ်။ ဒီလိုပါ။ သားကိုမွေးပြီး သုံးရက်မြောက်တဲ့နေ့မှာ အဖေ့ရဲ့ခံစားမှုတစ်ခုကို စာရွက်တစ်ရွက်ပေါ်မှာ ဒီလိုချရေးခဲ့မိတယ်။ 
   
               "မင်းဟာ လူဖြစ်လာပြီဆိုတော့
                လူသားတစ်ယောက်အဖြစ်ကိုပဲ ဆက်လက်သယ်ဆောင်သွားပါလေ
                မင့်နာမည်နောက်က ဝှိုက်ကွင်းတွေထက်
               မင့်သွေးပြန်ကြောထဲ စီးဆင်းလာမဲ့ လူ့အဖြစ်ကိုပဲ
               ပိုပြီးစောင့်စား မိတယ် ငါ့သား"

             သားအတွက်တော့ "လူ့အဖြစ်တွေ" "လူသားတွေ" စတဲ့ စာလုံးတွေဟာ ရှုပ်ထွေးနေမလားမသိဘူး။ ဒါပေမဲ့ အဖေ့အတွက်ကတော့ ဒါဟာ သားအပေါ်ထားမိတဲ့ အဖေ့ရဲ့ ခံစားချက်ပါပဲ။ သားတစ်ယောက်အပေါ်ထားမိတဲ့ ဖခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်ဆိုလည်း မမှားဘူးပေါ့ကွာ။ 
              သားကြီးလာတဲ့အခါ အခန်းထဲမှာ အဆင့် ၁ ရဖို့တွေ၊ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ စစ်ဗိုလ်ကြီးတွေဖြစ်ဖို့ စတဲ့ ခံစားချက်မျိုးတော့ အဖေ့မှာမရှိဘူး။ အဲ့သလို သားတစ်ယောက်အပေါ် ဆန္ဒမျိုးတွေ မရှိလို့  သားသမီးကောင်းစားရေးကို လျစ်လျူရှုလို့ဆိုပြီး မိဘမပီသဘူးလို့ ပြောခဲ့ရင်လည်း အဖေဟာ အဲ့ဒီသတ်မှတ်ထားတဲ့ စည်းဝိုင်းရဲ့အပြင်ဘက်က လူတစ်ယောက်ပဲပေါ့။ ဘာကိုမှလည်း ချေပပြောဆိုပြီး အကြောင်းပြချက်တွေ ပေးနေမှာမဟုတ်ဘူး သား။ (ကိုယ့်အပေါ်ထင်မြင်ချက်တွေကို လိုက်ပြီးရှင်းပြနေရတာမျိုးကို အဖေစိတ်မဝင်စားဘူး။ ) ဒါပေမဲ့ သားအပေါ်ထားတဲ့ မေတ္တာတရားက တစ်ပြားသားမှ လျော့မသွားဘူးဆိုတာတော့ ရဲရဲကြီး အဖေ အာမခံနိုင်တယ်။ 
                 မေတ္တာတရားရဲ့ ကြီးကျယ်ခမ်းနားမှုတွေအကြောင်း သားကို အဖေ မပြောဘူး။ မိဘမေတ္တာတွေ အကြောင်း အဖေမပြောဘူး။ မိဘဖြစ်တဲ့သူတိုင်း ကြုံတွေ့နေရတာမျိုးကို အဖေက ဟိတ်ကြီးဟန်ကြီးနဲ့ ကြီးကြီးကျယ်ကျယ်တွေ သားကို မပြောချင်ဘူး။ ပြောဖို့လည်း အဖေ့အတွေးထဲမှာ တစ်ကြိမ်တစ်ခါမှ မရှိလို့ အဲ့ဒီအကြောင်းတွေကို အဖေကျော်လိုက်မယ်ကွာ။ သားကိုဖြစ်စေချင်တဲ့ အဖေ့ရဲ့အကြီးမားဆုံးမျှော်လင့်မှုက "လူသားတစ်ယောက်ဖြစ်လာပြီဆိုတော့ လူသားတစ်ယောက်အဖြစ်ကို ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ပါပဲ"ကွာ။ "လူဖြစ်လာပြီးမှတော့ လူပဲဖြစ်နေမှာပေါ့"လို့ သားက ပြောချင်မှာပေါ့။ 
             မဟုတ်ဘူး သား။ လူဖြစ်လာပြီးမှ လူ့အဖြစ်ကနေ လျှောကျသွားတဲ့ လူတွေဟာ ဒီလောကကြီးထဲမှာ ဒုနဲ့ဒေးရှိတယ် သား။ လူဖြစ်လာပြီးမှ လူအဖြစ်မသတ်မှတ်ချင်တော့တဲ့ လူတွေဟာ ဒီကမ္ဘာထဲ အများကြီး။ 
             အဖေပြောတဲ့ လူဆိုတာ ရုပ်ချည်းသက်သက်ရှိနေတာမျိုးကို ပြောတာမဟုတ်ဘူး သား။ 
              ကိုယ်ဟာ လူတစ်ယောက်ဆို ကိုယ့်လို လူတွေကို လူတစ်ယောက်အဖြစ် အသိအမှတ်ပြုနိုင်ရမယ်။ လူနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို မဖျက်စီးရဘူး။ တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားရင် အခြားလူတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားတတ်ရမယ်။ ကိုယ့်ရဲ့ အရေးကြီးမှုကို လက်လွတ်မခံနိုင်ရင် သူတစ်ပါးရဲ့ အရေးကြီးမှုကိုလည်း လက်ခံပေးရမယ်။ ဒါ သားကို အဖေပြောတဲ့ လူပေါ့။ သားကို အဖေဖြစ်စေချင်တဲ့ လူပါပဲကွာ။
               အဖေကတော့ အဲ့သလို လူမျိုးမဖြစ်ခဲ့ဘူး။ အဲ့သလို အဖေမဖြစ်ခဲ့တဲ့လူမျိုး သားကိုတော့ဖြစ်စေချင်တယ်။ ဒီလိုဆိုတော့ သားအပေါ် အဖေအတ္တကြီးသွားမယ် ထင်တယ်။ ဒါပေမဲ့ မိဘတိုင်ကတော့ သူတို့ရဲ့သားသမီးအပေါ် အဲ့သလို အတ္တမျိုး အနည်း သို့မဟုတ် အများ ရှိတယ် သား။ အတ္တလို့တော့ မသုံးကြဘူးပေါ့ကွာ။ သားသမီးကို ကောင်းစေချင်တဲ့ မိဘရဲ့မေတ္တာတို့ မိဘရဲ့ စေတနာတို့ပြောကြတာပေါ့။ ဒီလိုတွေပြောလို့ ရှေ့မှာပြောခဲ့သလို အဖေ့ကို စည်းဝိုင်းရဲ့အပြင်ဘက်က လူတစ်ယောက်လို့ ပြောချင် ပြောကြဦးမှာပေါ့။ ပြောချင်လည်း ပြောပါစေ။ ဒါတွေက အဖေ့အတွက် အရေးမကြီးပါဘူး။ တချိန်ချိန် ဒီစာကို သားဖတ်ရတဲ့အခါ အဖေဟာ တကယ်ပဲ သတ်မှတ်ထားကြတဲ့ စည်းဝိုင်းရဲ့အပြင်ဘက်မှာ ရောက်နေလား မရောက်ဘူးလားဆိုတာ သားပဲဆုံးဖြတ်လိုက်ပါကွာ။ ။

                                    သားရဲ့
                                  ချစ်စွာသော ဖေဖေ
....

၂၀၁၈၊ စက်တင်ဘာလ၊ ၁၁ရက်၊ အင်္ဂါနေ့။

သားရေ. . .

မနေ့က အဖေဖြစ်စေချင်တဲ့လူဟာ ဘယ်လိုလူစားမျိုးဆိုတာ သားကိုပြောပြခဲ့တယ်နော်။ ဒါပေမဲ့ အဲ့သလိုရေးပြီးမှ အဖေ့ဆီနောက်ထပ်အတွေးတွေရောက် လာလို့ ဒီစာကိုရေးလိုက်တာပါ။ အဖေပြောသလို လူကိုလူလိုသိတဲ့ လူတစ်ယောက်ဖြစ်လာအောင် သားကနေထိုင်နိုင်ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ ဒါပေမဲ့ အဲ့သလိုလူတစ်ယောက် မဖြစ်နိုင်ခဲ့ရင်လည်း သားအနေနဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သယ်ဆောင်နေရသလိုမျိုး လုပ်ယူမနေပါနဲ့။ အဖေကသားကို အဖေဖြစ်စေချင်တဲ့ဆန္ဒတစ်ခု ပြောပြရုံသက်သက်ပါ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတင်းကာရော တိုက်တွန်းမှုမျိုးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့ အတင်း အကြပ် မတိုက်တွန်းရသလဲဆိုတော့ သားအဖိုး(အဖေ့ရဲ့ အဖေ)လည်း အဖေ့ကို အဲ့သလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးလို့ပဲ။ ဒီတော့ အဖေလည်း သားကိုကိုယ်ချင်းစာတယ်လေ။ လူကိုလူလိုသိရမယ်ဆိုပေမဲ့ လူတိုင်းကို လူလိုမြင်ပေးနိုင်ဖို့ဆိုတာက အတော်လေးလွယ်ကူလှတဲ့ ကိစ္စတော့မဟုတ်ဘူး သား။ အဖေ့တို့က အရိယာသူတော်စင်တွေ မဟုတ်သလို ဘုရားဖြစ်ဖို့ကျင့်ကြံအားထုတ်နေကြတဲ့ သူတွေလည်း မဟုတ်ဘူးလေ။ ဘုရားရဲ့အဆုံးအမတွေကို မျက်နှာလွွှဲထားပြီး နိဗ္ဗာန်ရောက်ဖို့ ဘုရားရှိခိုးတိုင်း ဆုတောင်းတတ်ကြတဲ့ သူတွေလေ။ ဒီတော့ လူတိုင်းကို လူလို့မြင်ပေးနိုင်ဖို့မှာ အဖေတို့အတွက် အသေအချာကို ချွင်းချက်တွေ ရှိနေတယ်သား။

           တချို့လူတွေက လူတစ်ယောက်အဖြစ်မြင်ပေးနိုင်ဖို့ အတော်လေးခဲယဉ်းတယ်ကွ။ အဖေကြားဖူးနားဝရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ ဒီပုံပြင်ဟာ ဘယ်အရပ်ဘယ်ဒေက ဆင်းသက်လာတယ်ဆိုတာ အဖေမသိဘူး။ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သားကိုပြန်ပြောမှာဆိုတော့ ပုံပြင်အတိုင်း အတိ အကျမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဆိုလိုတဲဲ့ အဓိကပစ်မှတ်ကတော့ အတူတူပါပဲ။ ပုံပြင်က ဒီလိုကွ။ လူတစ်ယောက်က သစ်ကုလားအုပ်တစ်ကောင်ကို သူရဲ့တဲအိမ်ထဲမှာ တစ်ညတာနေခွင့်ပြုလိုက်တယ်။ အစကတော့ သစ်ကုလားအုပ်ရဲ့ဦးခေါင်းပဲ တဲအိမ်ထဲမှာ။ ကျန်တဲ့အစိတ်အပိုင်းတွေက အပြင်ဘက်မှာပေါ့။ ဒါပေမဲ့ တဖြည်းဖြည့်နဲ့ သစ်ကုလားအုပ်ရဲ့ လည်ပင်း၊ ကိုယ်ခန္ဓာတွေဟာ တဲအိမ်ထဲရောက်လာတယ်။ နောက်ဆုံးတော့ သစ်ကုလားအုပ်က တဲအိမ်ထဲရောက်သွားပြီး ပိုင်ရှင်ဖြစ်သူက တဲအိမ်လေးရဲ့အပြင်ဘက်ကို ရောက်သွားရတယ်။ ပုံပြင်ကတော့ ဒီထက်ပိုပြီး သေသေသပ်သပ်နဲ့ ဇာတ်ကြောင်းရှိမှာပေါ့။ ဒါပေမဲ့ ပုံပြင်ကပေးချင်တာကတော့ ခု အဖေပြောသလိုပါပဲ။ အဲ့ဒီပုံပြင်ထဲက သစ်ကုလားအုပ်လိုလူမျိုးကိုတော့ လူအဖြစ်မြင်ပေးနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီလေ။ တချိန်ချိန်မှာ သားလည်း အဲ့သလို လူမျိုးနဲ့ဆုံမိနိုင်တာပဲ။ အဖေကတော့ မကြုံဖူးသေးဘူး။ အဖေ့အသက်အရွယ် ကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဖေ့ပတ် ဝန်းကျင်မှာတော့ ကြားဖူး မြင်ဖူးတယ် သား။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုပေါ့။ နည်းနည်းပဲသိသေးတဲ့ အဖေက အူဝဲလို့ပဲ ငိုတတ်သေးတဲ့သားကို လူတတ်ကြီးလုပ်ပြီး ပြောပြတာလေ။ အဖေသာ အဲ့သလို သစ်ကုလားအုပ်လို လူမျိုုးနဲ့ကြုံလာခဲ့ရင် လူကိုလူလို မြင်ပေးနိုင်ဖို့ မဖြစ်နိုင်လောက်ဘူးကွ။ သေချာတယ်။ အဲ့သလို ခွင့်လွှတ်နားလည်ပေးဖို့ အဖေ မလုပ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့မှလည်း လက်ခံပေးလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့သလိုအခြေအနေမှာ သားက လူကိုလူလို့ လက်ခံပေးနိုင်ခဲ့ရင်တော့ အခုကတည်းက သားကိုအဖေ ဦးညွှတ်မိမှာ။

             အဖေတို့ဆီမှာ မော်ဒန်ကဗျာရဲ့ နတ်ဘုရားတစ်ပါးလို့ တင်စားကြတဲ့ မြန်မာမော်ဒန်ကဗျာဆရာ မောင်ချောနွယ်ဆိုတာ ရှိခဲ့ဖူးတယ်။ အဖေကတော့ သက်ရှိထင်ရှား မတွေ့ဖူး မမြင်ဖူးပါဘူး။ ဆရာကြီးရဲ့ ကဗျာတွေကို အဖေဖတ်တဲ့အချိန်မှာတော့ ဆရာကြီးဟာ မရှိတော့ပေမဲ့ သူ့နာမည်နဲ့ သူ့ကဗျာတွေကတော့ ဆက်လက်ရှင်သန်နေတယ်။ အလံတစ်ခုလို အားအင်ပြည့်ဖြိုးစွာနဲ့ တလူလူလွင့်လို့ပေါ့။ အဲ့ဒီဆရာကြီးရဲ့ ကဗျာတွေကို အဖေက ကျောင်းသင်ရိုးတွေထဲမှာ ဖတ်ခဲ့ရတာတော့ မဟုတ်ဘူး သား။ ကျောင်းရဲ့အပြင်ဘက်ကပဲ အဲ့ဒီဆရာကြီးရဲ့ ကဗျာတွေကို ဖတ်ခွင့်ရခဲ့သလို ဆရာကြီးကိုလည်း သိခဲ့ရတာပါ။ ဒါပေမဲ့ သားတို့လက်ထက်ရောက်တဲ့အခါ ကျောင်းသင်ရိုးထဲ ဆရာကြီးရဲ့ ကဗျာတွေကို ဖတ်ခွင့်ရချက်ရလာမှာပေါ့။ အဖေလည်း ပြောမဲ့စကားကို အစချီလာတာ လေအတော်ရှည်သွားပြီထင်တယ်။ ဒီလိုကွ။ အဖေဘာလို့ အဲ့ဒီကဗျာဆရာကြီးရဲ့အကြောင်းကို ပြောရသလဲဆိုတော့ အဖေက ဆရာကြီးရဲ့ ကဗျာတစ်ပုဒ်ထဲက ကဗျာစာသားတချို့ကို ပြောပြချင်လို့ပဲ သား။ ဆရာကြီးက သူ့ရဲ့ 'ပင်မှည့်တေး' ဆိုတဲ့ကဗျာတစ်ပုဒ်ထဲမှာ ဒီလိုရေးထားတယ်။

                 "ဘဝမှာ
                  လေး ငါး ခြောက်ခု မလိုပါဘူး
                 နှစ်ခုပဲ
                 ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
                 ဒီနှစ်ခုပဲ  " တဲ့။
         အဖေထပ်ပြီး ရှင်းပြစရာမလိုအောင် ပြည့်စုံလုံလောက်တယ် မဟုတ်လား သား။ ဘဝမှာ လူတစ်ယောက်ကို လူတစ်ယောက်အဖြစ် မြင်ပေးနိုင်ဖို့ ကြိုးစားပေမဲ့ ချစ်သူစစ်စစ်နဲ့ရန်သူစစ်စစ်ကို ခွဲခြားရမဲ့အခိုက်အတန့်မျိုးတွေ ရှိလာတဲ့အခါ မှန်မှန်ကန်ကန်ရွေးချယ် ဆုံးဖြတ်နိုင်ပါစေကွာ။  ။

                                     သားရဲ့
                                    ချစ်စွာသော ဖေဖေ
....

၂၀၁၈၊ စက်တင်ဘာလ၊ ၁၂ရက်၊ ဗုဒ္ဓဟူးနေ့။

သားရေ. . .

တဖြေးဖြေးနဲ့ အဖေလည်း လူတတ်ကြီးလုပ်ချင်စိတ် များလာလို့ထင်ရဲ့။ သားကို ပြောပြစရာတွေ များလာတယ်ကွ။ အစတုန်းကတော့ ဒီလောက် ပြောစရာတွေ ရှိမယ်လို့ အဖေ မထင်ထားဘူး။ ဒါပေမဲ့ သားဆီ စာနှစ်စောင်ရေးပြီးတဲ့နောက်မှာတော့ အဖေဟာ သားကို ပြောချင်တာတွေ အများကြီးရှိလာတယ်ဆိုတာကို သိလိုက်ရတယ်။ သားအတွက်တော့ အဖေရေးတဲ့စာတွေဟာ စိတ်ဝင်စားစရာ ကောင်းချင်မှကောင်းမှာပေါ့လေ။ တကယ်တော့ သားဆီကို အဖေစာရေးတယ်ဆိုတာ ဒီအသိုင်းအဝိုင်း ဒီလူတွေကြားမှာ အဖေ့ရဲ့ ထင်မြင် ယူဆချက်တွေကို ငြင်းခုံကြည့်မိတာပါပဲ သား။ မှားခြင်း မှန်ခြင်းကိုတော့ အဖေမပြောဘူး။ အဲ့သလိုပြောရလောက်အောင်လည်း အဖေရဲ့ အသက်အရွယ် အတွေ့အကြုံနဲ့ အဖေရောက်နေတဲ့ အခြေအနေက ဝေးလွန်းတယ်လို့တော့ ထင်တယ် သား။ ဒါ့ကြောင့် ပြောစရာလူ မရှိလို့ သားကို ပြောနေတာကွ။ ဘာပဲဖြစ်ဖြစ်  သားအဖချင်းဆိုတော့ သားဘက်ကလည်း "မကောင်းတတ်ပါဘူးလေ"ဆိုတဲ့ အတွေးလည်း ရှိမယ်ဆိုတာ အဖေသိနေတယ်လေ။ 
            သားကို အဖေပြောခဲ့တဲ့ မြန်မာ့မော်ဒန် ကဗျာဆရာကြီး မောင်ချောနွယ်ကို မှတ်မိသေးတယ် မဟုတ်လား။ အခု ဒီစာမှာ ဆရာကြီးရဲ့ စကားတချို့ သားကို ပြောပြဦးမယ်။ ဆရာကြီးရဲ့ အဖေက နယ်ပိုင်ကြီးကွ။ ဒီတော့ ဖအေဖြစ်တဲ့ နယ်ပိုင်ကြီးက မောင်ချောနွယ်ဖြစ်လာမဲ့ သားဖြစ်သူကို သူ့လို အရာရှိအရာခံဖြစ်စေချင်မိမှာပဲ။ ဒါကလည်း မိဘတိုင်းက သားသမီးကို ကောင်းစားစေချင်တဲ့ စိတ်ပေါ့ကွာ။ ဒါပေမဲ့ မောင်ချောနွယ်ဖြစ်လာမဲ့ လူငယ်ကတော့ သူ့ရဲ့အဖေကို ဒီလိုပြောခဲ့တယ်။

             "အဖေရေ. . ကမ္ဘာကျော် မြေပိုင်ရှင်မရှိဘူး။ ကမ္ဘာကျော်တိုင်းမင်းကြီး မရှိဘူး။ ကမ္ဘာကျော် စာရေးဆရာ ကဗျာဆရာတော့ ရှိတယ်. .အဖေရေ" တဲ့။
              အဲ့သလို ကြွေးကြော်ပြီး ကဗျာဆရာဘဝကို ခံယူခဲ့တယ်။ ကဗျာလမ်းပေါ် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းခဲ့တယ်။ သူရွေးချယ်လိုက်တဲ့လမ်းကို ရောက်တဲ့အထိ လျှောက်ခဲ့တယ်။ နောင်တမရခဲ့ဘူး(အဖေ ဖတ်ဖူးသလောက်ပေါ့)။ လူတစ်ယောက်ဟာ သူရွေးချယ်လိုက်တဲ့ လမ်းအတွက် နောင်တဆိုတာ မရှိသင့်ဘူး သား။ ပြီးတော့ ကိုယ်ယုံကြည်စွာ လျှောက်လှမ်းနေတဲ့ လမ်းကို ပြီးဆုံးအောင် လျှောက်သင့်တယ် လို့တော့ အဖေထင်တယ်။ ဘယ်လမ်းမှတော့ အမြဲဖြောင့်ဖြူးနေမှာမဟုတ်ဘူးကွ။ ရင်ဆိုင်ဖြတ်ကျော်ရမဲ့ အတားအဆီးတော့ရှိစမြဲပဲ။ ပြီးတော့ အဲ့ဒီအခက်အခဲတွေဟာ အဖေတို့ရဲ့ အရည်အသွေးကိုတောက်ပအောင် လုပ်ပေးတတ်ကြတာမျိုး လို့ အဖေဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခက်အခဲတိုင်းဟာ အဖေတို့ရဲ့ အရည်အသွေးကို အမြဲတောက်ပအောင် လုပ်နိုင်တာလားဆိုတာတော့ သားပဲ ဆက်ပြီးစဉ်းစားဆုံးဖြတ်ပေါ့ကွာ။ 
           အဲ့ဒီ ဆရာကြီး မောင်ချောနွယ်တို့ခေတ်က လွတ်လပ်ရေး ရပြီးခဲ့ပြီဆိုပေမဲ့ ပြည်သူတွေဟာ တကယ့်လွတ်လပ်တဲ့ ဘဝကိုတော့ မရသေးဘူး။ လူသားတစ်ယောက်ရဲ့ လွတ်လပ်မှုတွေ၊ နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုတွေဟာ ခုနဲ့နှိုင်းယှဉ်ရင် အများကြီး ကွာတယ်သား။ ကဗျာတစ်ပုဒ် စာတစ်ပုဒ်ကိုတောင် ကိုယ်ကြိုက်နှစ်သက်တဲ့ စကားလုံးနဲ့ ဖန်တီးယူလို့ မရဘူးကွ။ လူမပြောနဲ့ စကားလုံးတွေကိုတောင် ပိတ်ပင်တားဆီး ဖြုတ်ထုတ်ပစ်တဲ့ အဖွဲ့အစည်းဆိုတာ ရှိတယ်။ ကဗျာတစ်ပုဒ် စာတစ်ပုဒ်ထဲမှာ နေခွင့်မရတဲ့ စကာလုံးတွေဟာ တောင်လိုပုံနေတဲ့ ကာလတွေဟာ တကယ်ရှိခဲ့ ဖြစ်ခဲ့တယ်။ အဖေတော့ ကိုယ်တိုင်မကြုံဖူးပေမဲ့  စာတွေဖတ်တဲ့အခါ ဒါတွေကို သားလည်း သိလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းဆိုတာကလည်း ခေတ်တိုင်းမှာ ရှိနေလို့ပဲ သား။ "သံဆူးကြိုး" ဆိုတဲ့စကားလုံးကြောင့် ကဗျာစာအုပ် ထုတ်ခွင့် မပေးခဲ့ဘူူး။ "sorry"ဆိုတဲ့ စကားလုံးကို ပြောင်းပေးမှ ကဗျာစာအုပ် ထုတ်ခွင့်ရတာတို့တွေဟာ တကယ်ကို ရှိခဲ့တယ်။ ဒါက အဖေသိသလောက် အနည်းတကာ့အနည်းဆုံးပဲ။ ဒါက အုပ်ချုပ်သူလူတန်းစားနဲ့ အနုပညာသည်တွေရဲ့ကြားက အနေအထားပေါ့။ နောက်တစ်ခုက အနုပညာသည်တွေရဲ့ကြားက အနေအထား။ မောင်ချောနွယ်တို့က ကာရန်ပါမှ ကဗျာလို့ သတ်မှတ်တဲ့ခေတ်မှာ ကဗျာရေးခဲ့ကြတာ။ (ဒီနေရာမှာ မောင်ချောနွယ်တို့လို့ သုံးလိုက်တာက မောင်ချောနွယ်တစ်ယောက်တည်း မဟုတ်လို့ပဲ။ ကျန်တဲ့ ဆရာတွေကိုလည်း အလျဉ်းသင့်သလို အဖေပြောပြဦးမှာပါ။) တစ်ဖက်က အစဉ်အလာကဗျာတွေ ကြီးစိုးနေတဲ့ ကဗျာလောက အခြားတစ်ဖက်က အရာရာကို ကျီးကန်းတောက်းမှောက် ကြည့်နေတဲ့ အုပ်ချုပ်သူ လူတန်းစား။ ဒီနှစ်ခုရဲ့ကြားမှာ မောင်ချောနွယ်ဖြစ်လာဖို့ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သား ရိပ်မိရောပေါ့။ ဒါပေမဲ့ မောင်ချောနွွယ်က အဲ့ဒီအခြေအနေတွေကို သူ့ရဲ့ကဗျာတွေနဲ့အတူ ဖြတ်ကျော်နိုင်ခဲ့တယ်။ မောင်ချောနွယ် ဖြစ်ခဲ့တယ်ပေါ့။ သူယုံကြည်တဲ့ သူရွေးချယ်တဲ့လမ်းကို အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနိုင်ခဲ့တယ်ပေါ့။ မောင်ချောနွယ်ဆိုတဲ့ အလံဟာ မြန်မာကဗျာလောကမှာ ခုထက်ထိ တလူလူလွင့်နေဆဲပေါ့ သား။ 

         အဖေကြိုက်မိတဲ့ စကားလေးတစ်ခုရှိတယ်။ 
           "လုပ်ချင်တာလုပ်ရင် ဖြစ်ချင်တာဖြစ်မယ်
            လုပ်သင့်တာလုပ်ရင် ဖြစ်သင့်တာဖြစ်မယ်" တဲ့။

        ဘယ်သူက စပြီးပြောခဲ့တယ်ဆိုတာတော့ အဖေမသိဘူး။ ဒါပေမဲ့ စဉ်းစားစရာကောင်းတဲ့ စကားလေးပဲ သား။ "လုပ်ချင်တာလုပ်ရင် ဖြစ်ချင်တာဖြစ်မယ်"ဆိုတဲ့နေရာမှာ ဖြစ်နိုင်ခြေနှစ်ခု ရှိတယ်။ အကောင်းနဲ့အဆိုးပေါ့။ အဖေ အဆိုးကို အရင်ပြောမယ်။ ဥပမာ-ငယ်ရွယ်စဉ်က ဆိုးသွမ်း မိုက်မဲပြီး အသက် အရွယ်ကြီးရင့်လာတဲ့အခါ မိုက်ခဲ့ဆိုးခဲ့တဲ့အရိပ်တွေကနေရုန်းမထွက်နိုင်တော့ဘဲ နောင်တတွေနဲ့ နေဝင်ချိန်တွေကိုငေးကြည့်နေရတာမျိုး။ ထပ်ပြီး အကောင်းဘက်က ပြောကြည့်မယ်။ ကိုယ်ဖြစ်ချင်တာကို ယုံယုံကြည်ကြည်နဲ့ ဖြစ်အောင်လုပ်ပြတတ်တဲ့ လူမျိုးပေါ့။ သားမြင်သာမဲ့ ဥပမာဆိုရင်တော့ ဆရာကြီးမောင်ချောနွယ်ကို အဖေညွှန်ရမယ်ထင်တယ်။ ပြောတဲ့အတိုင်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်ပြသွားတယ်။ လူသာသေသွားတယ်။ နာမည်နဲ့ကဗျာတွေက တော့ မသေခဲ့ဘူး မဟုတ်လား။ နောက် "လုပ်သင့်တာလုပ်ရင် ဖြစ်သင့်တာဖြစ်မယ်"ဆိုတာကတော့ လမ်းခွဲမရှိဘူး။ သူက တစ်လမ်းတည်းပဲ။ ရေလိုချင်လို့ ရေတွင်းတူးရင် ရေပဲထွက်လာမယ် မဟုတ်လား။ ဒီထက်ပိုပြီး မျှော်လင့်လို့တော့ မရနိုင်ဘူးလေ။ နောက်  ဖြစ်ချင်တာအတွက် အချိန်ရှိနိုင် မရှိနိုင်ကတော့ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ကွဲပြားသွားနိုင်လိမ့်မယ်။ ရှင်သန်ခြင်းမှာ ချွင်းချက်ဆိုတာတော့ အမြဲရှိမယ် ဆိုတာ မှတ်ထားပါ သား။ 
           ဖြစ်ချင်တာကိုနောက်ထားပြီး ဖြစ်သင့်တာကို ရွေးချယ်ပြီး ဘဝကို ခရီးဆက်နေတဲ့သူတွေဟာ ဒီကမ္ဘာမှာ ဒုနဲ့ဒေးရှိတယ်။ အဖေကလည်း အဲ့သလိုလူစားမျိုးပဲ သား။ ဘာဖြစ်လို့လည်းဆိုတော့ အဖေ့မှာစွန့်စားရဲတဲ့ သတ္တိမရှိဘူး။ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုလည်း မရှိဘူး။ ပြီးတော့ တစ်စုံတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ ခံယူချက်မျိုးလည်း အင်းနဲ့အားနဲ့ ပါမလာခဲ့ဘူး။ 
               သားဆိုရင်ရော ဘာကိုရွေးချယ်မလဲ။ အဖေတစ်ယောက်အနေနဲ့တော့ သိချင်ရဲ့ကွာ။  ။

                                                  သားရဲ့
                                             ချစ်စွာသော ဖေဖေ
....

၂၀၁၈၊ စက်တင်ဘာလ၊ ၁၆ရက်၊ တနင်္ဂနွေနေ့။

သားရေ. . .

ဒီတစ်ခါတော့ အဖေ့အကြောင်းလေး ပြောပြချင်တယ်။ ဒီလို သားရေ။ အဖေငယ်ငယ်က ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ်။ ငယ်ငယ်ကဆိုပေမဲ့ အဖေဆယ်တန်းတက်နေတဲ့ အချိန်။ ၁၅နှစ်ကျော် ချာတိတ်တစ်ယောက်ရဲ့ ဖြစ်ချင်မှုပေါ့ သား။ အဲ့ဒီအရွယ်မှှာ အဖေ ဘာဖြစ်ချင်တာလဲဆိုတော့ လောင်းကုတ်ဖြူဖြူဝတ်ပြီး နားကျပ်ကို ကုတ်မှာတွဲလောင်းချထားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တာ။ အထူးသဖြင့် လောင်းကုတ်ဖြူဖြူဟာ အဖေ့ကို အတော်လေးစွဲဆောင်နိုင်ခဲ့တယ်ကွ။ ဒါပေမဲ့ အဖေ စားကြိုးစားခဲ့သလားဆိုတော့ ဟင့်အင်း လို့ပဲဖြေရမယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်း အထူးသဖြင့် ဆေးလိုင်းမီမဲ့အမှတ်မျိုးရမှ ဆရာဝန်ဖြစ်နိုင်မှာကို သိပေမဲ့ အဖေဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်ဖို့ ကြိုးစားမှုကတော့ သုညလို့ပဲပြောရမယ်။ ဆယ်တန်းအောင်ပြီး အမှတ်စာရင်းရတော့ အဖေ့ရဲ့ရမှတ်က ဆေးလိုင်းမီဖို့ လှမ်းခေါ်ရင်တောင် မကြားနိုင်တာမျိုးကွ။ ဒီအတွက် အဖေ ဝမ်းနည်းခဲ့ နာကျင်ခဲ့ရမှာပဲလို့ သားတွေးမိရင်တော့ အဖေရယ်မိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဖေဟ ဘာမှမခံစားခဲ့ရလို့ပဲ သား။ အဖေ့စိတ်ထဲမှာ လောင်းကုတ်ဖြူဖြူပဲ ဝတ်ချင်ရုံပဲ ရှိခဲ့တာကိုး။ ဆေးလိုင်းမမီတော့လည်း မီတဲ့အမှတ်နဲ့ သုံးနှစ်ကြာ ကောလိပ်ကျောင်းသားဘဝကို ဖြတ်သန်းပြီး ဘွဲ့တစ်ခုရခဲ့တယ်။ အဖေဖြစ်ချင်တဲ့ ဆရာဝန် ဘာလို့မဖြစ်သလဲဆိုတာကို အားမနာတမ်းပြောရရင်တော့ အဖေဟာ လောင်းကုတ်ဖြူဖြူဝတ်ဖို့လောက်ပဲသိပြီး အဲ့ဒီလောင်းကုတ်ကို ဝတ်နိုင်ဖို့လိုအပ်တဲ့ လုံ့လစိုက်ထုတ်မှုမှ မရှိပဲကိုကွ။ အဖေပြောခဲ့ဖူးပါတယ်။ တစ်ခုခုကို ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့ လုံလောက်တဲ့ကြိုးစားမှုမျိုး အဖေ့မှာ မရှိဘူူးဆိုတာလေ။ အဖေက အပေါ်ယံလောက်ပဲ ပေါ့ပေါ့လေးတွေးပြီး စိတ်ကူးယဉ်ခဲ့တာ။ အားသွန်ခွန်စိုက် ကြိုးစားတက်ရမဲ့ လှေခါးတွေကို အဖေက စိတ်ကူးနဲ့ကျော်ပစ်ပြီး လှေကားထိပ်ပေါ် ရပ်နေမိတာ။ 

           ဒီလိုနဲ့ ဆရာဝန် မဖြစ်နိုင်တော့တာကို သိလိုက်ရတော့ အဖေ့မှာ နောက်ထပ်ဖြစ်ချင်တာ တစ်ခုပေါ်လာပြန်ရော။ ဗန်ဂိုး၊ ပီကာဆို ဆိုတဲ့နာမည်လောက်သိပြီး ပန်းချီဆရာ ဖြစ်ချင်လာပြန်တယ်။ ဒီတော့ ငယ်ငယ်တုန်းက သိမ်းထားမိတဲ့ ဂျင်းဇီးပြားအိတ်က ဓါတ်ရှင်မင်းသမီးတွေရဲ့ ပုံတွေကို ကူးဆွဲတော့တာပေါ့။ နောက်ပြီး ဗလာစာအုပ် မျက်နှာဖုံးက ပုံတွေကိုလည်း ဆွဲတာပေါ့။ တစ်နေ့ တစ်နေ့ ငါးပုံနဲ့ဆယ်ပုံကြား ဆွဲခဲ့တာ။ ဒါပေမဲ့ အဖေဟာ ပန်းချီဆရာလည်း မဖြစ်ခဲ့ပြန်ဘူး။ အဲ့လိုပန်းချီဆရာ မဖြစ်တော့ နောက်ထပ် ဖြစ်ချင်တဲ့ရောဂါတစ်ခု ပေါ်လာပြန်တယ်။ အဲ့ဒါကတော့ အဆိုတော်ဖြစ်ချင်တာ။ သူငယ်ချင်းတစ်ယောက်ဆီမှာ ဂစ်တာတီးသင်၊ ဂစ်တာအဟောင်းလေးဝယ်ပြီး ရစ်သမ်တောင် ကြေညက်အောင် မခတ်တတ်တဲ့အဖေက တတ်သလောက်မှတ်သလောက်နဲ့ လေးဖြူရဲ့ ရော့ခ်သီချင်းတွေကို ညတိုင်း ဟစ်တော့တာပေါ့။ ရေချိုးရင်းနဲ့ လေးဖြူသီချင်းတွေကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအော်ဆိုတာပဲ။ ဒီတော့ အဖေဟာ အဆိုတော်ဖြစ်ခဲ့လားလို့ မေးရင်လည်း ဟင့် အင်း လို့ပဲဖြေရမှာပဲ သား။ အဆိုတော် ဖြစ်ဖို့မပြောနဲ့ သီတင်းကျွတ် တန်ဆောင်တိုင်တွေမှာ တီးဝိုင်းလုပ်လေ့ရှိကြတဲ့ ရပ်ကွက်ထဲက စင်ပေါ်မှာတောင် အဖေဟာ သီချင်းမဆိုဖူးခဲ့ဘူး။ မဆိုဖူးဘူးဆိုတာထက် မဆိုရဲတာဆို ပိုပြီးမှန်မယ်ကွ။  

           အဲ့သလိုနဲ့ ဘွဲ့တွေရတယ်။ အချိန်တွေကို ပေါပေါလောလော ဖြုန်းတီးရင်းနဲ့ အဖေ့မှာ ဆန္ဒတစ်ခု ပေါ်လာပြန်ရော။ အဖေဟာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်ချင်လာတယ်။ ဘာစာတွေရေးမှာလဲ အဖေ့ကို မမေးနဲ့။ ကဗျာလား ဝတ္ထုတိုလား ဝတ္ထုရှည်လား အက်ဆေးလား မသိဘူး။ ဒါပေမဲ့ အဖေရေးတဲ့စာတိုင်းက အောင်မြင်နေတာပဲ သိတာ။ အဲ့သလို နိုင်ငံကျော် စာရေးဆရာဘဝကို စိတ်ကူးထဲမှာပဲ တည်ဆောက်ခဲ့တယ်။ အဖေရေးတဲ့ ကဗျာတွေဟာ နိုင်ငံကျော်တာပဲ။ အဖေရေးတဲ့ ဝတ္ထုတွေဟာ ကျော်ကြားတာပဲ။ စိတ်ကူးဟာ လွယ်သလောက် လက်တွေ့ဟာ သိပ်ကို ခက်ခဲတယ်။ တစ်စုံတစ်ခုကိုလိုချင်ရင် တူညီတဲ့ကြိုးစားမှု ဒါမှမဟုတ် ပေးဆပ်မှုတော့ ရှိရမယ်မဟုတ်လား။ အဖေကတော့ လိုချင်တာ ဖြစ်ချင်တာပဲ သိတယ်။ ဖြတ်ကျော်ရမဲ့ ခရီးကြမ်းဆို စိတ်ကူးနဲ့ကျော်ပစ်လိုက်တယ်။ ဘာလို့များ ဒီလို အဖေ့ရဲ့ရွက်ကြမ်းရေကျို အကြောင်းတွေ သားကို ပြောပြနေမိတာလဲဆိုတော့ စိတ်ကူးနဲ့လက်တွေ့ကြားက အကွာအဝေးကို ချိန်ဆစေချင်လို့ပဲ သား။ တစ်စုံတစ်ခုဖြစ်လာဖို့ စိတ်ကူးဟာ အရင်ဖြစ်ရတယ်ဆိုပေမဲ့ စိတ်ကူးထဲမှာပဲ တည်ဆောက်နေလို့လဲ မဖြစ်ဘူး မဟုတ်လား။ စိတ်ကူးပြီးတာနဲ့ အဲ့ဒီစိတ်ကူးရှိရာဆီသွားရမဲ့ တံတားကိုဖြတ် ခရီးကြမ်းကို နှင်ရမယ်။ အဲ့သလို လက်တွေ့ဘဝမှာနေမှ လိုရာကို ရောက်မှာ။ လွယ်တော့ ဘယ်လွယ်မလဲ။ ဒီတော့ အဖေ့လို စိတ်ကူးတွေ လွတ်လွတ်လပ်လပ် ယဉ်ပါ။ ဒါပေမဲ့ အဖေ့လို စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ အိပ်မပျော်စေနဲ့ သား။ လက်တွေ့ဘဝဆီ အဲ့ဒီစိတ်ကူးကို သယ်ဆောင်နိုင်ပါစေကွာ။  ။

                                       သားရဲ့
                              ချစ်စွာသော ဖေဖေ
.....

၂၀၂၀၊ ဒီဇင်ဘာလ၊ ၅ရက်၊ စနေနေ့။

 သားရေ. . .

အဖေ့ရဲ့ ငါးစောင်မြောက်စာကိုတော့ သား နှစ်နှစ်နဲ့လေးလကျော်မှပဲ ပြန်ရေးဖြစ်တော့တယ်။ အဖေ မြင်ရ တွေ့ရ ကြားရတာတွေအပေါ် အဖေ့ရဲ့ထင်မြင်ချက်တွေကို ရေးပြနေတာဆိုတော့ အဖေ့စာဟာ မှန်ကောင်းမှန်နိုင်သလို မှားကောင်းလည်းမှားနိုင်ပါတယ်။ ဒီအပေါ်မှာ သားက ထပ်ပြီးဆင်ခြင်သုံးသပ် မှန်ကန်စွာ တွေးတောနိုင်ရင် အမြတ်တစ်ခုပေါ့ဆိုတဲ့ စိတ်နဲ့ ဒီစာကို ထပ်ရေးဖြစ်တာ သား။ ပြီးတော့ သားအပေါ် အဖေပြောချင်တာလေးတွေကိုလည်း ခုလိုပဲ စာတွေရေးပြီး ပြောဖြစ်ဦးမယ် ထင်တယ်ကွာ။ အဖေပြောတာပဲ ဆိုပြီး ဒါဟာ မှန်ကန်တယ်လို့တော့ တထစ်ချ မယုံကြည့်ပါနဲ့သား။ အဖေတို့ရဲ့ မြတ်ဗုဒ္ဓဟာ ခုလို မြွက်ကြားခဲ့ဖူးတယ်။ "ငါဘုရားပြောတယ်ဆိုပြီး အကြွင့်မဲ့ မယုံပါနဲ့။ ကိုယ်တိုင်ဆန်းစစ်ပြီး လက်ခံကျင့်သုံးပြီး အကျိုးရှိတယ်ဆိုမှ ယုံကြည်လက်ခံကြပါ"တဲ့။ ဒါ့ကြောင့် အဖေ့ပြောတာဟာ ပိုပြီးတောင် အကြွင်းမဲ့ ယုံကြည်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာနေပြီ မဟုတ်လား။ အဖေ့ရဲ့အမှားတွေဟာ သားအတွက် သတိထားစရာ ရှောင်ရှားစရာ ဖြစ်သွားရင်ကိုပဲ သားကို အဖေက ကျေးဇူးတင်နေပါပြီကွာ။ 

          သားကို အဖေငယ်ဘဝရဲ့ အမေ့နိုင်တဲ့ဖြစ်ရပ်လေးတစ်ခု ပြောပြမယ်။ ထုံးစံအတိုင်းပေါ့။ သိပ်ပြီးကြီးကျယ်ခမ်းနားတာမျိုး ဟုတ်ပါဘူးပါဘူး။ အများသူငါ ကြုံတွေ့ဖူးကြမဲ့ ဖြစ်ရပ်လေးပါ။ ဒါပေမဲ့ အဖေ့ဘဝမှာတော့ အဲ့ဒီဖြစ်ရပ်လေးဟာ အမှတ်တရတစ်ခုလို ရှိနေလို့ သားကို ပြောပြမိတယ်ဆိုပါတော့ကွာ။ ဒီလို သားရဲ့။

          အဖေ ငါးတန်း ခြောက်တန်းကျောင်သားလောက်ကပေါ့။ ဘာဖြစ်လို့ ငါးတန်း ခြောက်တန်းလို့ရေးရတာလဲဆိုတော့ ငါးတန်းကျောင်းသားဘဝကလား ခြောက်တန်းကျောင်းသားဘဝကလား ဆိုတာ မသေချာတော့လို့ကွ။ အဲ့ဒီတုန်းက သားရဲ့အဖွား(အဖေ့ရဲ့အမေ)က ဆေးလိပ်လိပ်တယ်။ သားအဖွားဆေးလိပ်လိပ်တဲ့ ဆေးလိပ်ရုံက အဖေတို့ကျောင်းသွားတဲ့ လမ်းမှာရှိတယ်။ ဒီတော့ အဖေက မနက်ကျောင်းသွားရင်း လိပ်ပြီးသား ဆေးလိပ်ငါးရာကို ဆေးလိပ်ရုံ ယူသွားရတယ်။ (ဆေးလိပ်က တစ်ခါယူရင် အနည်းဆုံးငါးရာယူလိပ်ရတယ်။) ညနေကျောင်းဆင်းရင် ဆေးလိပ်လိပ်မဲ့ဖက်ရယ် ဆေးစပ်ရယ် ဖင်ဆီခံရယ်ကို ဝင်ယူပြီး အိပ်ပြန်တယ်။ ဒီအလုပ်က အဖေ့ရဲအစ်မရော အဖေ့ရဲ့ညီရော လက်ဆင့်ကမ်း လုပ်ခဲ့ကြတယ် သား။ တစ်နေ့ပေါ့။ အဲ့ဒီနေ့က ကျောင်းပိတ် ရက်။ အဖေ ဆေးလိပ်သွားပို့ရင်း ပြန်အလာ ဆေးလိပ်ဖိုးရှင်းပေးလိုက်တဲ့ ပိုက်ဆံဟာ လမ်းမှာကျပျောက်သွားတယ်။ အိမ်မရောက်ခင်မှာ သိလိုက်တော့ အဖေလည်း လမ်းမှာ လိုက်ရှာတာပေါ့။ ဒါပေမဲ့ ဘယ်လိုရှာရှာ ပိုက်ဆံကို ရှာမတွေ့ဘူး။ အဖေအတော်လေး တုန်လှုပ်မိတယ်။ ပိုက်ဆံကျပျောက်တာကို မိဘတွေသိရင် အရိုက်ခံရတော့မယ်ဆိုတဲ့ စိတ်က ဝင်လာတယ်။ ၁၂ နှစ် ၁၃ နှစ်အရွယ် ချာတိတ်တစ်ယောက်ရဲ့အတွေးမှာ ကြောက်စိတ်တွေက လွှမ်းမိုးလာတာပေါ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ နောက်တော့ အဖေအကြံတစ်ခုရသွားတယ်။ အဲ့ဒါကတော့ ဆေးလိပ်ရုံပိုင်ရှင်ဆီမှာ အဖေ ပိုက်ဆံချေးလိုက်တာပါပဲ။ ဆေးလိပ်ရုံ ပိုင်ရှင်အဒေါ်ကြီးကလည်း အလွယ်တကူပဲ ပိုက်ဆံချေးလိုက်တယ်။  အဖေ့အတွက်တော့ အခက်အခဲဆုံး ကိစ္စကြီးကို လုပ်ဆောင်နိုင်ခဲ့တယ်ပေါ့။ အဖေ အရိုက်မခံရတော့ဘူူးပေါ့။ ဒါပေမဲ့ ပိုက်ဆံမချေးခင် ဆေးလိပ်ရုံပိုင်ရှင် အဒေါ်ကြီးက အဖေ့ကို မေးသေးတယ်ကွ။ ခု ချေးလိုက်တဲ့ ပိုက်ဆံကို ဘယ်လိုပြန်ဆပ်မှာလဲ တဲ့။ အဖေကလည်း ပြောလိုက်တယ်။ ကျနော် အရုပ်ပစ်ပြီး ပြန်ဆပ်မယ်လို့။ 

         အရုပ်ပစ်တယ်ဆိုတာ စစ်သားရုပ်၊ ချိကုန်းရုပ်၊ လိပ်နင်ဂျာရုပ် စတဲ့ကော်အရုပ်ကလေးတွေကို မြေပြင်ပေါ်မှာ တန်းဆီထောင်ပြီး ကျောက်ဒိုးနဲ့ အဝေးဆုံးလူက အရင်ပစ်ရတာ။ လဲသွားတဲ့အရုပ် ယူရတယ်။ ကစားပွဲမှာ အရုပ်တွေအများကြီးနိုင်ရင် ပြန်ရောင်းလို့ရတယ်။ ဒါဆို ပိုက်ဆံရမယ်။ အဲ့ဒီအတွေးနဲ့ အဖေက အရုပ်ပစ်ပြီး ပြန်ဆပ်မယ်လို့ ပြောတာ။ အဲ့ဒီ အရုပ်ပစ်တမ်း ကစားနည်းက သားလက်ထက်ရောက်ရင် ရှိမယ်တောင် မထင်တော့ဘူး။ အခုတောင် အရုပ်ပစ်တမ်းကစားတဲ့ ကလေးတွေ အဖေမတွေ့ဖူးတော့ဘူးကွ။ ဒါကလည်း ခေတ်ရဲ့တောင်းဆိုမှုလည်း ဖြစ်ချက်ဖြစ်မှာပေါ့ကွာ။ အဖေတို့တုန်းက ဆော့ကစားဖို့ မြေကြီးတွေရှိတယ်။ ခုတော့ အဲ့ဒီမြေကြီးတွေပေါ် ကွန်ကရစ်တွေလောင်းလိုက်ကြပြီ။ လမ်းသွားလမ်းလာကောင်းဖို့ ဂဝံတွေခင်းလိုက်ကြပြီ။ လမ်းတွေမှာ အရင်လို လွတ်လွတ်လပ်လပ် ကစားလို့ မရတော့ဘူး။ လမ်းပေါ်မှာ ကစားရင် အဖေတို့တုန်းကတော့ စက်ဘီးတိုက်တာလောက်ပဲ ရှိတယ်လေ။ တိုက်မိရင်တောင် ပွန်းပဲ့ရုံလောက်ပဲကိုးကွ။ ခုတော့ စက်ဘီးအစား ဆိုင်ကယ်တွေ ကားတွေ ဖြစ်ကုန်ပြီလေ။ တိုက်မိရင် အသက်တောင် ပါသွားနိုင်တာဆိုတော့ အရင်လို ကလေးတွေရဲ့ဆော့ကစားသံတွေဟာ တစ်ဖြည်းဖြည်း ပျောက်ဆုံးကုန်တာပေါ့။ အဲ့ဒီအစား တီဗွီဂိမ်းတွေ ဖုန်းတွေ စတဲ့နည်းပညာတွေနဲ့တော့ ကလေးငယ်တွေဟာ ရင်းနှီးကျွမ်းဝင်လာတယ်။ အကောင်းနဲ့အဆိုး ဆိုတာတော့ ခေတ်ရဲ့တောင်းဆိုမှုတိုင်းမှာ ရှိနေမှာပဲသား။

         ကဲ အဖေလည်း စကားက လိုရင်းမရောက်ဖြစ်နေပြီ။ အဖေ့အကြောင်းလေး ဆက်ပြောမယ်ကွာ။ အဖေဟာ ပိုက်ဆံချေးပြီး ဆယ်ရက်လောက်နဲ့ ပြန်ဆပ်နိုင်မယ်ထင်ခဲ့တာ။ ကလေးအတွေးပေါ့လေ။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဒီကိစ္စကို မိဘတွေသိသွားတယ်။ ဒါကလည်း ဆေးလိပ်ရုံပိုင်ရှင် အဒေါ်ကြီးက အခြားလူတစ်ယောက်နဲ့ အမေ့ကို အသိပေးလိုက်လို့။ ဒါပေမဲ့ ကံကောင်းတာက အဖေ အရိုက်မခံရသလို အဆူလည်း မခံရဘူး။ နောက်ဆို ဘာပဲဖြစ်ဖြစ် အမေတို့ကိုပြော ဆိုတဲ့စကားပဲ ကြားခဲ့ရတယ်။ အဖေ ဘာလို့ အရိုက်မခံရ အဆူမခံရတာလဲဆိုတော့ ဆေးလိပ်ရုံပိုင်ရှင် အဒေါ်ကြီးကို အဖေပြောခဲ့တဲ့ စကားကြောင့်ပဲ သား။ "အရုပ်ပစ်ပြီး ပြန်ဆပ်မယ်"ဆိုတဲ့ အဖေ့စကားကြောင့် အဲ့ဒီအဒေါ်ကြီးက အဖေ့ကို ပိုက်ဆံချေးလိုက်တာတဲ့။ အဖေ့ရဲ့အဖြေက အဒေါ်ကြီး မထင်ထားတဲ့ စကား ဖြစ်သွားတယ် ထင်ပါရဲ့ကွာ။ ပြီးတော့ပြောသေးတယ်။ အဖေ့ကို ရိုးသားလို့တဲ့။ အဓိကကတော့ အဲ့ဒီရိုးသားတယ်ဆိုတဲ့ စကားဟာ အဖေ့ရဲဲ့ ခက်ခက်ခဲခဲကိစ္စကြီးကို ပြေလည်စေခဲ့တာပဲ သား။ (အတန်းပညာ ကောင်းကောင်း မသင်ယူခဲ့ကြရပဲ ဆင်းဆင်းရဲရဲနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အဖေ့ရဲ့မိဘတွေအတွက်ကလည်း ဂုဏ်ယူစရာဆိုလို့ ရိုးသားတယ် ဆိုတဲ့ စကားပဲ ရှိတာ မဟုတ်လား။) ဒါကလည်း  ခုချိန်မှ အဖေလည်း တွေးမိတာပါကွာ။ တကယ်တော့ အဖေတို့ဆီမှာ လူပြောများတဲ့ စကားတစ်ခွန်း ရှိတယ်။ "ရိုးရိုးကျင့် မြင့်မြင့်ကြံ"တဲ့။ အဲ့ဒီစကား မှန် မမှန် အဖေမပြောဘူး။ တစ်ခုတော့ ရှိတယ် သား။ အဖေတို့ ဘုရားရှိခိုးတိုင်း မုသားစကားကို ရှောင်ဖို့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမုသားစကားကိုပဲ အဖေတို့ဟာ ခဏ ခဏပြောနေမိကြတာပါပဲ။ ဒါ့ကြောင့် အဖေဟာ တစ်ခါတလေ အရုပ်ပစ်ပြီးပြန်ဆပ်မယ် ဆိုတဲ့ အချိန်ကို ပြန်ရောက်ချင်မိတယ် သား။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီအမှတ်တရဟာ အဖေ့ဘဝမှာ ဘာအရောင်မှ မဆိုးရသေးတဲ့ အချိန်ကာလ ဖြစ်လို့ပဲ သား။ 

            ရိုးသားတယ်ဆိုတာ အပြောလွယ်သလောက် လိုက်နာဖို့တော့ ခက်ခဲတယ် သား။ အခက်အခဲ အကျပ်အတည်း ဒါမှမဟုတ် ကိုယ်မနှစ်သက်စရာ တစ်ခုခုနဲ့ကြုံတွေ့လာရင် မုသားစကားဟာ အလိုလို ထွက်ပေါ်လာတာပဲ။ အဲ့ဒီ မုသားကပဲ ထွက်ပေါက်တစ်ခုလို ဖြစ်သွားရော။ ဒီလိုဖြစ်ရပ်မျိုးက အဖေလည်း ကျူးလွန်မိနေတာပါပဲ။ လူဟာ မုသားစကားထွက်လာပြီဆို ရိုးသားဖို့ ဖြစ်နိုင်ချေဟာ ရာခိုင်နှုန်း မရှိသလောက် ဖြစ်သွားပြီလို့ အဖေထင်တယ်။  လူတိုင်းမှာ ရိုးသားတဲ့ အချိန်ကာလဟာ ရှိစမြဲပဲ သား။ ဒါပေမဲ့ အဲ့ဒီအဖြူထည်အတိုင်းရှိနေတဲ့ အချိန်ကာလကို ကြာရှည်အောင်တော့ ဆွဲမဆန့်နိုင်ကြဘူး။ ဒီတော့ သားရဲ့ဘဝကို ရိုးသားခြင်းနဲ့ တည်ဆောက်ပါလို့ မပြောချင်ပေမဲ့ ရိုးသားတဲ့အခိုက်အတန့်တွေတော့ ရှည်ရှည်ကြာကြာ ထိန်သိမ်းနိုင်စေချင်တယ်။ ဒါဟာ သားရဲ့ရှင်သန်နေထိုင်မှုကို အဖေတစ်ယောက်အနေနဲ့ ဝင်စွက်ဖက်တာ မဟုတ်ဘူးဆိုတာတော့ သားကို သိစေချင်ပါတယ်ကွာ။  ။

                                             သားရဲ့
                                      ချစ်စွာသော ဖေဖေ
.....
          
၂၀၂၀၊ ဒီဇင်ဘာလ၊ ၉ရက်၊ ဗုဒ္ဓဟူးနေ့။

သားရေ. . 

ဒီတစ်ခါတော့ အဖေ့အမြင်လေးတစ်ခုကို ပြောပြချင်တယ်ကွာ။ မှန်ခြင်း မှားခြင်းကိုတော့ သားရဲ့ကြုံတွေ့မှုနဲ့ စဉ်းစားဆုံးဖြတ်ပါ။ များသောအားဖြင့်တော့ ခုပြောမဲ့ အဖေ့ရဲ့အမြင်ဆိုတာကလည်း တက်ကျမ်းတွေမှာပါလေ့ရှိတာမျိုးပါပဲ။ ဒီလိုကွ။ အဖေ့တို့ လူ့အသိုင်းအဝိုင်းမှာ အထူးသဖြင့် အဖေတို့နေထိုင်ရာ အရပ်မှာပေါ့လေ။ လူတွေဟာ တစ်စုံတစ်ခုဖြစ်လာပြီဆို ဝေဖန်ပြောဆိုတာ မဆုံးနိုင်အောင်ပဲကွ။ သိပ်ပြီး ခြေခြေမြစ်မြစ်မစဉ်းစားတော့ဘဲ အလျင်စလို အပြစ်ပြောကြတယ်။ ကဲ့ရဲ့ရှုံ့ချတယ်။ ကိုယ်ရော အဲ့သလို မမှားဖူးဘူးလား ဆိုတဲ့ မေးခွန်းမျိုးတော့ မေးမိတတ်ကြမယ် မထင်ဘူး။ ဒီလိုပြောလို့ အဖေ့ကို သိပ်ပြီးအထင်ကြီးမသွားနဲ့ကွ။ အဖေလည်း သားကိုပဲ ပြောတတ်တာ။ အဲ့သလို မေးခွန်းမျိုးတော့ ကိုယ့်ကိုယ်ကိုယ် မမေးမိဖူးဘူး။ ဒါပေမဲ့ သားကိုတော့ အဖေ့လို မဖြစ်စေချင်လို့ ပြောမိတာ။  ထပ်ပြီးပြောရရင် လူတတ်ကြီး လုပ်တယ်ပေါ့ကွာ။ 

          လူတစ်ယောက် ဒါမှမဟုတ် အကြောင်းတစ်ခုခုကို ဝေဖန်ရတာလွယ်တယ် လို့မထင်နဲ့ သား။ ဘာဖြစ်လို့လဲဆိုတော့ ဝေဖန်တယ်ဆိုတာက ဆင်ခြင်မှုပါတယ်။ ရှုထောင့်တွေပြောင်းရတယ်။ တွေးတောရတယ်။ အသိကြွယ်ရတယ်။ ကိုယ်ဝေဖန်ရမဲ့ အကြောင်းကို အနည်းနဲ့အများတော့ နှံ့စပ်ရမယ်။ ဒါမှ ဝေဖန်မှုဟာ မှန်ကန်တဲ့ ကောက်ချက်ကို ချနိုင်မှာ။ ဒီလိုမှ မဟုတ်ရင်တော့ ဝေဖန်တယ်လို့ မဆိုနိုင်ဘူး။ ဒါကတော့ အဖေ့အမြင်ပေါ့။ အဖေမြင်တွေ့ရတဲ့ ဝေဖန်မှုဆိုပြီး ခေါင်းစဉ်တပ်နေတာတွေက များသောအားဖြင့်တော့ လက်ညှိုးထိုးမှုထက် မပိုဘူး။ လူတစ်ယောက်ကို လက်ညိုးထိုးရတာ တော်တော်လေး လွယ်ကူတယ် သား။  သူများကို ကိုယ်က လက်ညိုှးတစ်ချောင်းထိုးလိုက်တယ်ဆိုပေမဲ့ ကျန်တဲ့ ကိုယ့်လက်ချောင်းတွေက ကိုယ့်ပြန်ထိုးတာကိုတော့ မမြင်ကြဘူးကွ။  ကိုယ့်မျက်ချေး ကိုယ်မမြင်ဆိုသလိုပေါ့ကွာ။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်နေမိတာပေါ့။ ဒီတော့ တတ်နိုင်ရင်တော့ လူတစ်ယောက်ရဲ့အဆိုးတွေကိုပဲ လက်ညိုှးမထိုးမိစေနဲ့သား။ လူတိုင်းဟာ အမြဲ မှန်မနေနိုင်သလို အမြဲလည်း မှားမနေနိုင်ဘူး။ ဒီတော့ သူမှားတဲ့အခါ ကဲ့ရဲ့ပြစ်တင်ပြောဆိုပြီး ကိုယ်မှားတဲ့အခါ ဆောရီးပါလို့ ပြောရင်တော့ ဒါဟာ သိပ်ကို မှားယွင်းနေပြီ မဟုတ်လား။  ကဗျာဆရာကြီး မောင်ချောနွယ်က သူ့ရဲ့ 'ပင်မှည့်တေး'ဆိုတဲ့ ကဗျာထဲမှာ ဒီလိုရေးထားတယ် သားရဲ့။

                 "လူတစ်ယောက်ယောက်ကို
                  လက်သီးနဲ့ထိုးဖို့ ဆိုတာက
                  ကိုယ့်မှာလည်း မေးရိုးရှိရတယ် တဲ့။

             လူဆိုတာ ကိုယ်က အခြားသူကို လက်ညိုှးထိုး ကဲ့ရဲ့ပြစ်တင်ရင် ကိုယ့်ဆီပြန်လာမဲ့ လက်ညိုှးတွေကိုလည်း ခံနိုင်ရည် ရှိရမယ် သား။ ပြောတာက လွယ်တယ်။ ဒါပေမဲ့ ခံရတော့ ခက်တာမျိုးကွ။ ကိုယ့်ကိုချီးမွမ်းပြောဆိုတာ အခါတစ်ရာမက နားထောင်နိုင်ပေမဲ့ ကိုယ်အမှား တစ်ခါပြောတာကိုတော့ နားမထောင်ချင်တတ်ဘူးကွ။
          တစ်ခုတော့ ရှိတာပေါ့။ လူတိုင်းဟာ အမှားနဲ့မကင်းဘူူးဆိုပေမဲ့ မှားလိုက်မိတဲ့အမှားဟာ အတိမ်အနက် ဘယ်လောက်ရှိတယ်ဆိုတာလည်း လိုအပ်တယ်။ တချို့အမှားတွေက ခွင့်လွှတ်လို့ရပေမဲ့ တချို့အမှားတွေက ခွင့်လွှတ်ဖို့ မဖြစ်နိုင်တာမျိုးလည်း ရှိတတ်တယ် ဆိုတာတော့ မေ့မထားနဲ့ သား။ အဲ့သလိုပဲ တချို့လူတွေက ခွင့်လွှတ်ပေးလို့ရပေမဲ့ တချို့လူတွေကျတော့ ခွင့်လွှတ်မပေးသင့်တာမျိုးတွေ ရှိတယ်ကွ။ အမှားကို သိပြီးအမှန်ပြင်တဲ့ လူရှိတယ်။ တချို့ကျပြန်တော့လည်း အမှားကို မှားမှန်းမသိအောင် ဘယ်လိုပြောပြော ဆက်မှားနေတတ်တာမျိုးကွ။ တချို့ကျပြန်တော့ မှားမှန်းသိပြီး ဆက်မှားနေတတ်ကြတယ်။ ခွေးမြီးကို ဘယ်လိုဖြောင့်ဖြောင့် ကောက်မြဲကောက်တဲ့ လူစားမျိုးတွေပေါ့ကွာ။ အဲ့သလို လူသုံးမျိုးနဲ့ ကြုံရတဲ့အခါ ခွင့်လွှတ်မှုကို သားလည်း မှန်မှန်ကန်ကန်ရွေးချယ်တတ်အောင် ကြိုးစားပါ။ သားရဲ့ရွေးချယ်မှုဟာ အမြဲမှန်ကန်နိုင်မှာ မဟုတ်ဘူး။ တကယ့်လို့ မှားသွားခဲ့ရင်လည်း အဲ့ဒီအမှားကနေ သင်ခန်းစာယူပါ။ ဘဝဆိုတာ သင်ခန်းစာတွေနဲ့ တည် ဆောက်ထားတဲ့ အဆောက်အဦပဲ သား။ သားတည်ဆောက်မဲ့ ဘဝ ဘယ်လောက်ခိုင်ခံ့မှုရှိသလဲဆိုတာ သားယူခဲ့တဲ့ သင်ခန်းစာကပဲ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်။  
         စကားဆိုတာ ပြောတိုင်းမကောင်းဘူး သား။ ပြောတာများရင် အမှာပါလာရော။ ' ဆိတ်ဆိတ်နေ ထောင်တန်' ဆိုတဲ့စကား ရှိတယ်။ လုံးဝခြွင်းချက်မရှိတာတော့ မဟုတ်ဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အဖေတို့ကြားဖူးခဲ့တဲ့ ရှေးလူကြီးတွေရဲ့ စကားတွေကလည်း သူတို့ကြုံတွေ့မိတဲ့ အဖြစ်အပျက်ပေါ် အခြေခံပြီး ပြောဆိုခဲ့ကြတာ။ ဒါ့ကြောင့် ဖြစ်လာတဲ့ အခြေအနေကို ဝေဖန်ပိုင်းခြားပြီး ပြောသင့် မပြောသင့်ဆိုတာကို သတိလေးတော့ ထားတတ်အောင် ကြိုးစားကွာ။ 

           ဆရာကြီးမောင်ချောနွယ်ရဲ့ "မစ္စတာဒဗလျူကလက်ရဲ့ မှတ်တမ်းအရ"ဆိုတဲ့ ကဗျာထဲမှ ခုလိုရေးဖွဲ့ထားတယ်။
           'လမ်းမတွေဟာ 
           သင်ခန်းစာတွေ ဖြစ်တယ်
          သင်ခန်းစာတွေဟာ
           လမ်းမတွေဖြစ်တယ်"  
     ကဲ အဖေ့ရဲ့ စာလည်း ရှည်သွားပြီဆိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ဦးမယ်။ သားကြုံတွေ့ရမဲ့ အရာတွေကနေ အကောင်းဆုံး သင်ယူနိုင်ပါစေလို့ အဖေတစ်ယောက်အနေနဲ့ ဆုတောင်းပေးလိုက်ပါတယ် ကွာ။    ။
                                               သားရဲ့
                                         ချစ်စွာသော ဖေဖေ

ဒီလူည