Breaking News

ကျော်မောင်(တိုင်းတာရေး) - အဖွားပေးတဲ့ ဆုတောင်း



ကျော်မောင်(တိုင်းတာရေး) - အဖွားပေးတဲ့ ဆုတောင်း 

(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၀

ဒီမှာက အိမ်အပြင်ထွက်တာနဲ့ ပါးစပ်စည်း နှာခေါင်းစည်းကို မဝတ်မနေရ ဝတ်ကြရတယ်။ အားကစားလုပ်နေတဲ့ သူတွေကလွဲရင်ပေါ့။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေကြတဲ့သူတွေဆိုတာကလည်း အများအားဖြင့် အမှန်တကယ်အပြေးလေ့ကျင့်တဲ့သူတွေပဲများပါတယ်။ သူတို့လည်း ပြေးနေတယ်ဆိုပေမယ့် မပြေးဘဲ ခဏနားတဲ့အခါ ဝတ်လို့ရအောင် ပါးစပ်စည်း နှာခေါင်းစည်းကို လက်မှာချိတ်ထား ဆောင်ထားတာ တွေ့ရပါတယ်။

“mask” ကို “ပါးစပ်စည်း နှာခေါင်းစည်း”လို့ မြန်မာဘာသာပြန်ထားတာကို သဘောကျမိပါတယ်။ “mask ဝတ်ဦး”လို့ ပြောလိုက်ရင် အဆင်ပြေပေမယ့် စာရေးတဲ့အခါ “mask” ဆိုတဲ့ စကားလုံးကို မသုံးချင်ပါ။ နောက်တခုက ပါးစပ်စည်း နှာခေါင်းစည်းလို့ ခဏခဏ သုံးရ ရေးရမှာကိုလည်း အပျင်းကြီးလာပါတယ်။ အဲဒီအတွက် မျက်နှာဖုံးလို့ပဲ ရှေ့လျှောက်သုံးနှုန်းခွင့်ပြုပါ။

ကိုဗစ်ကာလမှာ မျက်နှာဖုံးဝတ်ကြပါလို့ဆိုတဲ့အခါ ဘာကြောင့် မျက်နှာဖုံးဝတ်ဖို့လိုသလဲဆိုတာကို သဘောပေါက်မိရင် မျက်နှာဖုံးဝတ်ရကျိုးနပ်ပါလိမ့်မယ်။ ဒါကို မသိသေးရင် သိဖို့က မေးမြန်းဖို့နဲ့ ပညာရှင်တွေရှင်းပြထားတာ‌လေးတွေကို ဖတ်မိဖို့ပဲလိုပါတယ်။

အပေါက်သုံးပေါက်ဖြစ်တဲ့ ပါးစပ်ပေါက်ရယ် နှာခေါင်းပေါက် နှစ်ပေါက်ရယ်ကို စည်းကာထားပေးတဲ့ အသုံးအဆောင်ပစ္စည်း ဒီမျက်နှာဖုံးဟာ သာမန်လူတွေရဲ့ အသုံးအဆောင်တွေကြားထဲမှာ နေရာတခု ကြာကြာယူလာလိမ့်မယ်လို့ ဘယ်သူကမှကြိုတင်ဟောကိန်းထုတ်ထားတာ မတွေ့ခဲ့ရပါ။

အမေက ဘုရားရှိခိုးတဲ့အခါ အဝေးရောက်နေတဲ့ သားတွေ သမီးတွေ ဆိုရင် နာမည်လေးတွေထည့်ပြီး ဘယ်မှာအလုပ်လုပ်နေတဲ့ သားကြီးဘယ်သူ သားငယ်ဘယ်သူဟာြဖင့် သူရောက်နေရာ သူအလုပ်လုပ်ရာ နေရာမှာ လုပ်ငန်းကိုင်ငန်းအဆင်ပြေပါစေ မျက်နှာြမင်ချစ်ခင်ပါစေ အသံကြားသနားပါစေ သွားလမ်းသာလို့ ပြန်လမ်းဖြောင့်ပါစေလို့ ဆုတောင်းပေးလေ့ရှိပါတယ်။

ဖုန်းပြောဖြစ်ရင်း အမေ့ဆုတောင်းထဲမှာပါတဲ့ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့အကြောင်းလေးမေးကြည့်တဲ့အခါ “သားရေ အဲဒါ မင်းတို့အဖွား ဆိုနေကြ ပေးနေကြ ဆုတောင်းလေ၊ မင်းအဖွားတို့ခေတ်က အဲဒီလိုပဲဆုတောင်းပေးလေ့ရှိတယ်” လို့ပြောပါတယ်။ ပြန်တွေးကြည့်တဲ့အခါ အဖွားဟာ သူ့ကို ကန်တော့ကြတဲ့အခါတိုင်း ဒီလိုရွတ်ဆိုဆုတောင်းပေးလေ့ရှိတာကို ပြန်ကြား‌ယောင်မိပါတယ်။ “ငါ့မြေးလေးတွေကို အဖွားက ဆုတောင်းပေးမယ်။ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ၊ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့”လို့ဆုတောင်းပေးပါတယ်။

ကိုဗစ်ကာလမှာ မျက်နှာဖုံးဝတ်ကြပြီး အပြင်ထွက်ရတဲ့အခါ အဖွားဆုတောင်းကို ပိုပြီး သတိရမိပါတယ်။ သတိရတိုင်းလည်း ပြုံးဖြစ်ပါတယ်။ မျက်နှာမြင် ချစ်ခင်ပါစေတဲ့။ မျက်နှာဖုံးကြီး ကာထားတဲ့အတွက် မျက်နှာမှာ မြင်ရတဲ့အပိုင်းဆိုလို့ နဖူးရယ်၊ မျက်ခုံး မျက်လုံးရယ်၊ မျက်ကွင်းရယ်ပဲကျန်ပါတော့တယ်။ မျက်နှာပြင်တခုလုံးရဲ့ သုံးပုံနှစ်ပုံလောက်က အုပ်ထားတဲ့အပိုင်းဖြစ်လို့ မျက်နှာြမင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းဟာ အခုနေအခါမှာ သုံးလို့ရသေးရဲ့လားလို့ ဆန်းစစ်မိပြီး ပြုံးဖြစ်တာပါ။

မျက်နှာမြင်အောင်က မျက်နှာဖုံးချွတ်မှ မြင်ရမှာဖြစ်လို့ အဖွားတို့ခေတ်က ဆုတောင်းဟာ အခုခေတ်လိုမျိုး မဖြစ်အောင် ကြိုတင်များဆုတောင်းပေးခဲ့ကြတာလားလို့လည်း တဖက်ကနေ တွေးမိပါတယ်။ ကိုဗစ်ကာလလို မျက်နှာဖုံးဝတ်ပြီး သွားရလာရတဲ့လူမှုနေထိုင်မှုပုံစံသစ်မျိုး မဖြစ်စေချင်လို့များ ဆုတောင်းပေးခဲ့ကြတာလားဆိုတာ မသိပါ။

ကိုဗစ်ကာလဖြစ်တဲ့အတွက် လစဥ်အသုံးစရိတ်ထဲမှာ မျက်နှာဖုံးဖိုးဆိုတာ အပိုပါလာပါတယ်။ မျက်နှာဖုံးတဘူးကို မျက်နှာဖုံး အခု ငါးဆယ်ပါပါတယ်။ ဆယ်ခု သပ်သပ်ဝယ်ချင်ရင်လည်း ဆယ်ခုထုပ်ထားတဲ့စျေးနှုန်းနဲ့ ရောင်းပေးနေကြတာကို တွေ့ရတယ်။ မျက်နှာဖုံးထည့်ထားတဲ့ ဘူးခွံကို ယူကြည့်မိတဲ့အခါ ထုတ်လုပ်သည့်အချိန်မှ နှစ်နှစ်အတွင်းသာ သုံးလို့ရကြောင်း ရေးထားပါတယ်။ ထုတ်လုပ်တဲ့နှစ်က ဘယ်နှစ်လည်း စူးစမ်းတဲ့အခါ ၃၀-မေ-၂၀၂၀ လို့ တွေ့ရပါတယ်။ ဒီဘူးက ဝယ်သူလက်ထဲရောက်ဖို့ ခြောက်လကျော်တောင် သည်းခံစောင့်ခဲ့ရတဲ့ပုံပါ။

အဝတ်မျက်နှာဖုံးကိုလည်း ဝတ်ဆင်ကြပေမယ့် လူထူထူထဲသွားမှာတို့ အချိန်အတော်ကြာကြာသုံးမှာတို့ ဆိုရင် အဝတ်မျက်နှာဖုံးထက် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးက ပိုစိတ်ချရပါတယ်။ အဝတ်မျက်နှာဖုံးကတော့ သုံးပြီးတာနဲ့ အဝတ်လျှော်ဆပ်ပြာရည်နဲ့ စိမ်လျှော်ကာ နေလှန်းလို့ ခြောက်သွားရင် ထပ်သုံးနိုင်ပါတယ်။ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးကတော့ တခါသုံးပါ။ အလုပ်သွားတဲ့အခါ ဝတ်သွား၊ အလုပ်ကပြန်ရောက်လာတာနဲ့ လက်မဆေးခင် ခေါက်ချိုးခေါက် သူ့ကြိုးနဲ့သူ ချည်တုပ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ရတာပါပဲ။

တချို့လူတွေဆို အပြင်မှာ စားသောက်ကြတဲ့အခါ သုံးထားတဲ့ မျက်နှာဖုံးကို မစားမသောက်မီမှာ စွန့်ပစ်ပါတယ်။ စားပြီးတဲ့အခါ မျက်နှာဖုံးအသစ်တခု ထပ်သုံးကြပါတယ်။ တတ်နိုင်တဲ့သူများ ဖြစ်ပုံရပါတယ်။ အများကတော့ ညာဖက်လက်ဖျံဖြစ်ဖြစ် ဘယ်ဖက်လက်ဖျံဖြစ်ဖြစ်မှာ စွပ်ထားပြီး စားကြသောက်ကြပြီးတဲ့အခါ လက်ဖျံမှာစွပ်ထားတဲ့ မျက်နှာဖုံး ပြန်ချွတ်ပြီး နားရွက်နှစ်ဖက်မှာ ချိတ်လို့ ပါးစပ်နဲ့နှာခေါင်းကို ပြန်ကာကြပါတယ်။

စားသောက်ဆိုင်တွေမှာ စားသောက်ကြတဲ့အခါ မျက်နှာဖုံးတွေ ဘေးချထားရင်ပဲဖြစ်ဖြစ်၊ အိတ်ကပ်တွေထဲထည့်ထားရင်ပဲဖြစ်ဖြစ်၊ လက်ဖျံမှာ လက်မောင်းမှာ စွပ်ထားရင်ပဲဖြစ်ဖြစ် ပြုလုပ်ကြပေမယ့် စားပြီးသောက်ပြီးသွားတဲ့အခါမှာ ချက်ချင်းပြန်ဝတ်ဖို့ နှောင့်နှေးကြပါတယ်။ မျက်နှာဖုံးတွေ ဝတ်ထားရတဲ့အခါ နှာခေါင်းပေါက်တွေကနေ ရှူသွင်း ရှူထုတ်ရတဲ့ လေတွေဟာ လွတ်လွတ်လပ်လပ် မရှိတော့ဘူးလို့ ခံစားကြရလို့ နေပါလိမ့်မယ်။ စားပြီးသောက်ပြီးသွားတဲ့အခါ ထိုင်ခုံမှာ ဆက်ထိုင်၊ မျက်နှာဖုံးပြန်မဝတ်သေးဘဲ စကားစမြည်ပြောကြ၊ အလကားရတဲ့လေကို အခုမှတန်ဖိုးထားပြီး ရှူရှိုက်ကြနဲ့ မျက်နှာဖုံးမကာထားတဲ့အရသာကို ခံစားကြပါတယ်။ ဒီအချိန်မှာတော့ မျက်နှာတွေ မြင်ကြရပါတယ်။ စကားပြောလို့ လေရှူလို့ ဝတော့မှ မျက်နှာဖုံးကို မဝတ်ချင်ဝတ်ချင်နဲ့ ကောက်ဝတ်ပြီး ထိုင်ရာက ထကြပါတယ်။

တမနက်မှာ မနက်စာသွားဝယ်တဲ့အခါ မနက်စာ‌ရောင်းတဲ့စျေးဆိုင်ရဲ့ နံရံတခုမှာ ကပ်ထားတာလေးကို မြင်ပြီး မှတ်သားထားမိပါတယ်။ ကတ်ထူပြား‌ပေါ်မှာ မလှမပလက်ရေးနဲ့ရေးထားတာက “No Mask, No Sell” တဲ့။ မြန်မာလိုပြန်ရင် “မျက်နှာဖုံး မဝတ်၊ မရောင်းနိုင်ဘူးရှင့်” လို့ ရမယ်ထင်ပါတယ်။ စျေးရောင်းနေကြတာက အန်တီကြီးတွေဆိုတော့ “ရှင့်” ဆိုတာ သုံးလိုက်တာပါ။ အဲဒါနဲ့ ဝယ်သူဖက်ကလည်း “No Mask, No Buy” “မျက်နှာဖုံးဝတ်မထား၊ မဝယ်နိုင်ဘူးဗျား” လုပ်နိုင်သလားဆိုပြီး စျေးရောင်းနေတဲ့ အန်တီကြီးတွေကိုကြည့်လိုက်တော့ သူတို့က မျက်နှာဖုံးတွေကို ပြောစရာမလိုအောင် စနစ်တကျဝတ်ထားကြတာတွေ့ရတယ်။ စနစ်တကျဝတ်ထားတယ်ဆိုတာ အခုတလော တွေ့နေရတဲ့ ဓာတ်ပုံတွေထဲကလို မျက်နှာဖုံးတွေ ဝတ်တော့ ဝတ်ကြပါရဲ့၊ ကာထားကြတာက နဖူးကို ကာတဲ့သူနဲ့ မေးစေ့ကို ကာတဲ့သူနဲ့ နားရွက်တဖက်မှာ တွဲလောင်းချိတ်ထားတဲ့သူနဲ့ဆိုတာလိုမဟုတ်ဘဲ ပါးစပ်နဲ့ နှာခေါင်းကို သေသေချာချာဖုံးထားတာကို ဆိုတာပါ။

ဘတ်စ်ကားစီးတဲ့အခါ မျက်နှာဖုံးမဝတ်ထားတဲ့သူဆိုရင် ကားကပ္ပတိန်က သူ့ကား‌ပေါ် ပေးမတက်ပါ။ “No Mask, No Ride” “မျက်နှာဖုံးမပါ၊ မစီးပါနဲ့ဗျာ”လို့ သူလည်း ဆိုပါလိမ့်မယ်။ အိမ်က မထွက်ခင် မျက်နှာဖုံးဝတ်ထားလား မဝတ်ထားလားဆိုတာ ကျန်ခဲ့တဲ့အိမ်သားတယောက်ယောက်က သတိပေးရ ကြည့်ပေးရပါတယ်။ မေ့ပြီး မဝတ်သွားမိလို့ ကားစီးခါနီးမှ အိမ်ပေါ်ပြန်တက်ပြီး မျက်နှာဖုံးပြန်ဝတ်ကြရသူများလည်း ရှိပါတယ်။ နောက်တော့လည်း အိတ်တွေထဲ အဝတ်မျက်နှာဖုံး အပို တစ်ခုနှစ်ခုလောက် ဆောင်ထားရပါတယ်။

“မျက်နှာမြင် ချစ်ခင်ပါစေ”ဆိုတဲ့ ဆုတောင်းကို “မျက်နှာဖုံးမြင် ချစ်ခင်ပါစေ” ဆိုတဲ့ စာသားနဲ့ “ဖုံး”တလုံး ထပ်ထည့်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်သဘောကျမိပါတယ်။ ဘယ်သူ့ကြည့်ကြည့် မျက်နှာဖုံးလေးတွေ ကိုယ်စီ ကိုယ်စီ ဝတ်ထားကြတာကို မြင်တဲ့အခါ ကိုဗစ်ရောဂါကာကွယ်ရေးမှာ အရေးပါတဲ့ မျက်နှာဖုံးသုံးကြသူများကို မျက်နှာတခုလုံး ပြည့်ပြည့်ဝဝ မမြင်ပေမယ့် ချစ်ခင်မိကြပါလိမ့်မယ်။

တခါမှာ ဒီက circuit breaker လို့ခေါ်တဲ့ “အိမ်ထဲမှာနေ အပြင်မထွက်ကြရ၊ လိုအပ်သူများသာ ထွက်ကြရတဲ့ ကာလ”ဆိုတာကိုကျော်ပြီး ဟိုနားဒီနား သွားလို့ရတဲ့အချိန်မှာ ဇနီးမောင်နှံနှစ်ယောက်ဟာ အပြင်ထွက်ပြီး ခြေဆန့်လက်ဆန့်ကြဖို့ ပြင်ကြပါတယ်။ အမျိုးသမီးဖြစ်သူက မိန်းမတို့သဘာဝအတိုင်း မျက်နှာကို အနည်းငယ်ခြယ်သပြီး မှန်ရှေ့မှာ နှုတ်ခမ်းနီကို ကျကျနနဆိုးနေပါတယ်။ ဒါကို အမျိုးသားက တွေ့မြင်လိုက်တဲ့အခါ စကားတခွန်းဆိုပါတယ်။

“ဟေ့ တို့တတွေ အပြင်ထွက်ရင် မျက်နှာဖုံးဝတ်သွားရမှာကွနော်”

နှုတ်ခမ်းနီဆိုးနေတဲ့ အမျိုးသမီးဟာ ပြန်ဖျက်ရအခက် ဆက်ဆိုးရအခက်နဲ့ မျက်နှာညှိုးသွားပါတယ်။ သူက အပြင်ထွက်ရင် မျက်နှာဖုံးဝတ်ရမယ်ဆိုတာကို မေ့သွားပုံပေါ်ပါတယ်။

“ကဲ ဆက်သာ ဆိုးပါကွာ။ မဖျက်တော့နဲ့၊ မျက်နှာဖုံးကို အပေါ်ကနေ အသာလေးအုပ်ပြီး လုံအောင်သာ ဝတ်ခဲ့ပေတော့” လို့ ဉာဏ်ကြီးရှင်က အကြံပေးမှ ပြုံးပြနိုင်ပါတော့တယ်။ မျက်နှာဖုံးဝတ်ထားတဲ့အတွက် ကားပေါ် ရထားပေါ် လမ်းပေါ်မှာ ရှိကြတဲ့လူတွေကလည်း သူ နှုတ်ခမ်းနီဆိုးထားမှန်း မသိကြပါ။ အမျိုးသားကတော့ သူ့ကြင်ဖော်ကို မျက်နှာဖုံးဝတ်ထားတဲ့နှုတ်ခမ်းရှေ့ နှုတ်ခမ်းနီဆိုးသလို လုပ်ပြရင်း စ နေပါတယ်။ အမျိုးသမီးက‌တော့ မျက်နှာဖုံးအောက်မှာ နှုတ်ခမ်းနီလေး စူတူတူနဲ့ပေါ့။

ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးတွေက ပေါ်နေပါပြီ။ ထိုးတဲ့နိုင်ငံတွေလည်း ထိုးနေကြပါပြီ။ ဒါပေမယ့် မျက်နှာဖုံးတွေ ဆွဲချွတ်ခွင့်ကိုတော့ ဘယ်နိုင်ငံကမှ ခွင့်ပြုပေးဖို့ မရဲကြသေးပါဘူး။ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းပြည့်ဖို့က ကာကွယ်ဆေးလည်းရှိ၊ ကုသဆေးလည်းရှိမှ ပြည့်နိုင်မယ့်ပုံပါ။ အဲဒီကာလ မ‌ရောက်မီမှာ “အပြင်ထွက်တိုင်း မျက်နှာဖုံးဝတ်ကြ”ဆိုတာကို မကြိုက်လည်း ဝတ်၊ ကြိုက်လည်း ဝတ် ဆိုပြီး လိုက်နာကျင့်သုံးကြဖို့လိုပါတယ်။ ဒါမှလည်း မျက်နှာြမင် ချစ်ခင်ပါစေဆိုတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

“အဖွားဆုတောင်း ပြည့်ဝဖို့၊ မျက်နှာဖုံးတွေဝတ်ကြစို့”လို့ ဆောင်ပုဒ်တခု ထုတ်မိပါတယ်။ “အားလုံးကို ကြင်နာတယ်ဆိုရင် အပြင်ထွက်တဲ့အခါ အပေါက်သုံးပေါက်ကို ပိတ်သွားပါ” လို့လည်း စာစီဖြစ်ပါတယ်။ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ကိုဗစ်ကင်းတဲ့ကမ္ဘာကို အလျင်အမြန် ပြန်ရောက်ချင်လှပါပြီ။ ဆုတောင်းပေးနေရတဲ့ အဖွားလည်း မောလှရောပေါ့။