Breaking News

ဇင်လင်း - ပြည်သူလူထု၏ ရွေးချယ်မှု ရလဒ်ကို လေးစားစေချင်သည်



ဇင်လင်း - ပြည်သူလူထု၏ ရွေးချယ်မှု ရလဒ်ကို လေးစားစေချင်သည်

(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၁

မြန်မာနိုင်ငံ လွတ်လပ်ရေးခဲ့သည်မှာ ယခု ဇန်နဝါရီလတွင် ရ၃ နှစ်ပြည့်ခဲ့သည်။ ပင်လုံစာချုပ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြမည်ဟု သဘောတူခဲ့ကြသည်မှာ လာမည့် ဖေဖေါ်ဝါရီလတွင် ရ၄ နှစ်ပြည့်မည်။ သို့သော် လွတ်လပ်ရေးနှင့် အတူ ပြည်တွင်းစစ်လည်း ပေါ်ပေါက်ခဲ့သဖြင့် ရရှိလာသော လွတ်လပ်ရေးသည် မည်ကာမတ္တ ဖြစ်ခဲ့ရသည်။ ပင်လုံစာချုပ် အရ တိုင်းရင်းသား ပြည်သူလူထု ရသင့်ရထိုက်သည့် တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့် အိပ်မက်များပျက်ပြယ်ခဲ့ရသည်။ ဤသို့သော အရင်းခံ ပြဿနာတို့ကို အကြောင်းပြု၍ ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက် ၀န်ကြီးချုပ် ဦးနု၏အရပ်သားအစိုးရက ၁၀ နှစ်မျှသာ အုပ်ချုပ်ခွင့်ရခဲ့သည်။ ၁၉၆၂ မှစတင်၍ စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ပျက်သုဉ်းခဲ့ရသည်။ ဒီမိုကရေစီစနစ်နှင့်အတူ ဒီမိုကရေစီ အဆောက်အအုံများလည်း ပြိုပျက်ခဲ့ရသည်။

ဒီမိုကရေစီ အဆောက်အအုံများ (Democracy Institutions) တွင် နှောင်ကြိုးမဲ့ သတင်းစာများနှင့် သတင်းမီဒီယာပါ၀င် သည်။ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများကဲ့သို့သော လူမှုအခြေပြု အဖွဲ့အစည်း (Civil Society Organization) များလည်း ပါ၀င်သည်။ လူ့အခွင့်အရေး/အမျိုးသမီးအခွင့်အရေး/ကလေးသူငယ်အခွင့်အရေး/ မသန်စွမ်းသူများအခွင့်အရေး အစရှိသည့် စောင့်ကြည့်လေ့လာ ပြည်သူသို့ အစီရင်ခံသော အဖွဲ့များသည်လည်း ဒီမိုကရေစီ မဏ္ဍိုင် မယိမ်းယိုင်အောင် အထောက်အကူပြုသော ဒီမိုကရေစီ အဆောက်အအုံများဖြစ်သည်။ ထို့အပြင် အစိုးရပိုင်မဟုတ်သော ဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံ နှင့် စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီများ စသည်ဖြင့် လူ့အဖွဲ့အစည်းကို လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် အသင်းအပင်း အဖွဲ့အစည်း သမဂ္ဂနှင့် ကုမ္ပဏီအစုအဖွဲ့ကြီးများသည်လည်း ဒီမိုကရေစီ၏ အဆောက်အအုံများ ဖြစ်သည်။ စစ်အာဏာ ရှင်ခေတ်တွင် အဆိုပါ Democracy Institution များကို ရိုက်ချိုးဖျက်ဆီးခြင်း ခံခဲ့ရသည်။ ရလဒ်မှာ တိုင်းပြည်ဘုံးဘုံး လဲကာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ (Least Developed Country - LDC) အဆင့်အထိ ကျဆင်းခဲ့ရသည်။ ကမ္ဘာ့ သမိုင်းတွင် စစ်တပ်က အာဏာသိမ်း အုပ်ချုပ်ခြင်း ခံခဲ့ရသော နိုင်ငံမှန်သမျှ ဆင်းရဲမွဲတေ ရောဂါထူပျော ငတ်မွတ် ခေါင်းပါးမှုများဖြင့် နိဂုံးချုပ်ကြရသည်။ ထို့ပြင် စစ်စရိတ်ထောင်းသောကြောင့်လည်း နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး နိမ့်ကျခဲ့ရသည်။ နိုင်ငံတကာ၏ ခန့်မှန်းချက်အရ ၂၀၁၉ တွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ‘ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး’ (GDP) ၏ ၂ ဒဿမ ရ ရာခိုင်နှုန်းဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံခန့် သုံးစွဲခဲ့သည်ဟု ဆိုသည်။ ဤအချက်သည် တိုင်းပြည် ဆင်းရဲနိမ့်ကျရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။

ယခု နောက်ဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအရေအတွက် အပြတ်အသတ် ဖြင့် အတိုက်အခံပါတီကို နိုင်လိုက်ခြင်းမှာ ပြည်တွင်းစစ်နှင့်တကွ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားပြည်သူလူထုက ခါးခါးသီသီး အော့နှလုံးနာနေပြီ ဆိုသည်ကို ပြသခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီ အဆောက်အအုံများ (Democracy Institutions) ပြန်လည်တည်ဆောက်ရန် သန္နိဋ္ဌာန်ခိုင်မာမှုကိုလည်း ပြည်သူလူထုက ပြသလိုက်ခြင်းဖြစ်သည်။ ယင်း အကြောင်ချင်းရာကို ဆန်းစစ် ဆင်ခြင်မှု မပြုဘဲ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးလမ်ကြောင်းကို ပိတ်ဆို့ရန် အစုအဖွဲ့ အချို့က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ဟု ငြင်းဆန်နေကြသည်ကို ကြားသိနေရသည်။ မည်သည့် ဥပဒေရှုထောင့်မှ ကြည့်ကြည့်၊ ထိုသို့ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်နေခြင်းသည် ပြည်သူအများစု၏ ပြစ်တင်ရှုံ့ချခံရ ဖွယ်သာဖြစ်သည်။

ယခု ဇန်နဝါရီလ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi တို့ သီးခြားတွေ့ဆုံခဲ့ကြစဉ် တရုတ် မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းများကိစ္စ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာ၌ နှစ်နိုင်ငံ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာဏာရ NLD အစိုးရ ဒုတိယ သက်တမ်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက ရွေးကောက်ပွဲ အောင်မြင်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံ အကြီးအကဲများက ဂုဏ်ယူဝမ်းမြောက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အား ပြောဆိုခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံနှင့် အလားတူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများ၊ ဗြိတန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုးရီးယာနှင့် အာဆီယံနိုင်ငံများကလည်း နိုင်ငံတကာက ဂုဏ်ပြုခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများအပြားက NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်မှုကို အသိအမှတ်ပြုကြခြင်းကို ထောက်ရှုခြင်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည် တရား မျှတမှုမရှိပါဟု ငြင်းချက်ထုတ်နေကြခြင်းမှာ အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။ ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပါတီများအနေဖြင့် မိမိတို့ကိုယ်တိုင် မည်သည့်နေရာ၌ အားနည်းခဲ့သနည်းဟု ဆင်ခြင်သုံးသပ်ရမည့် အစား အခြားပါတီ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအပေါ် အပြစ်တင်နေခြင်းသည် အမှားသံသရာလည်နေသကဲ့သို့ ရှိပေလိမ့်မည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲသည် နိုင်ငံရေးလမ်းဆုံလမ်းခွ တစ်ခုဖြစ်သည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအသစ်ကို ဆက်လက် ထူထောင်မည်လား သို့မဟုတ် စစ်အာဏာရှင်ခေတ်သို့ နောက်ကြောင်းပြန်မည်လား ဆိုသည့် မေးခွန်းကို ယတိပြတ် အဖြေပေးလိုက်ခြင်းဖြစ်သည်။ ယခု ရောက်ရှိနေသည့် လမ်းဆုံသည် လမ်းဟောင်းနှင့် လမ်းသစ်တစ်ကျော့ ပြန်ဆုံရာ အရပ်၌ ရှိနေသည်။ အဟောင်းလား၊ အသစ်လား၊ မည်သည့်လမ်းကို ရွေးချယ်လျှောက်လှမ်းမည် နည်းဟူသော မေးခွန်းနှင့် ကြုံနေရခြင်းဖြစ်သည်။ ယင်းမေးခွန်းကို ယနေ့မဲဆန္ဒရှင် ပြည်သူလူထုက တွေဝေတုန့်ဆိုင်းမှု မရှိဘဲ အဖြေပေးခဲ့ခြင်း ဖြစ် သည်။ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုင်ငံသားများက မိမိတို့၏ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ အသုံးချကာ ၂၀၂၀ ရွေးကောက်ပွဲတွင် မပျက်မကွက် ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သူတို့ အနေဖြင့် မိမိတို့ကိုယ်ကို ပြန်လည်စိစစ်ရန်သာရှိပြီး၊ ပြည်သူလူထုကို အပြစ်မတင်သင့်ပေ။ အတိုက်အခံပါတီကိုလည်း အပြစ်မတင်သင့်ပေ။ နောက်လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ယခုကဲ့သို့မဖြစ်စေရန် ပြည်သူလူထု၏ အကျိုးကို ရွက် ဆောင်ပြသင့်ကြပေသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလတွင် လူထုကိုယ်တိုင် အုပ်ချုပ်သည့် လူထုကိုယ်စားပြု အုပ်ချုပ်ရေး စနစ်မျိုး တည် ဆောက်ရာတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုသည့် လမ်းကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်သည်။ ဆန္ဒမဲပေးခွင့်ရှိသော ပြည်သူများ၏ ကိုယ်စားပြုမှုအာဏာ (Mandate)ကို ရွေးကောက်ပွဲမှ တဆင့်တောင်းခံ ရယူရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အာဏာ (သို့မဟုတ်) ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို အသုံးချရန် လိုအပ်ပေသည်။ ပြည်သူလူထု အများစု၏ ကိုယ်စားပြုမှုအာဏာ (Mandate)ကို ရွေးကောက်ပွဲတွင် ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူကို အလုပ်အကျွေးပြုမည့် အစိုးရတစ်ရပ် ဖေါ်ဆောင်ပေးရမည် ဖြစ်သည်။ ကိုယ်တိုင် ဆန္ဒမဲပေး ရွေးချယ်လိုက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အစိုးရမျိုးကို လိုချင်လျှင် ကိုယ်တိုင်မဲပေးရပေမည်။ ထိုသို့မဲမပေးခဲ့ပါက ပြည်သူမကြိုက်သည့် ပြည်သူကို ဖိနှိပ်မည့် အစိုးရမျိုး ပေါ်ပေါက်လာလျှင် မဲပေးခဲ့သူ ကိုယ်တိုင်လည်း တာဝန်မကင်းဟု ဆိုရပေမည်။

ရွေးကောက်ပွဲ မတိုင်မီက ပြည်သူများကို မဲမပေးရေး စည်းရုံးသည့် လှုပ်ရှားမှုအချို့တွေ့ခဲ့ရသည်။ ထိုသို့နိုင်ငံသားတစ်ဦး ချင်း၏ ဆန္ဒမဲပေးပိုင်ခွင့်ကို တန်ဖိုးမဲ့အောင် လုပ်ခြင်းသည် အာဏာရှင်ကျားသေကောင်ကို ပြန်လည်အသက်သွင်းလို သည့် လူပုဂ္ဂိုလ်(သို့မဟုတ်) အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ် ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရွေးကောက်ပွဲ၌ မဲပေးခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဖြစ်၍ မဲမပေးဘဲ ဝေဖန်မှု ပြုလုပ်မည်ဆိုပါက တာဝန်မဲ့ရာရောက်သည်ဟု နှိုးဆော်ခဲ့သည်။

နောင်လာမည့် ရွေးကောက်ပွဲများတွင် အစိုးရပိုင်းမှ တာဝန်ရှိသူတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာရာ၌ မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေ ရန် မြေပြင်တွင် အမှန်တကယ် ကြုံတွေ့ရသည့် အခက်အခဲများကို သိရှိအောင် ကြိုးပမ်းလုပ်ဆောင်ကြရန် လိုပေသည်။ အစိုးရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း သက်ဆိုင်ရာဌာနများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးသည့် တာဝန်များကို ထပ်တလဲလဲ ပြုလုပ် သင့်သည်။ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မဲစာရင်းကိစ္စ အပြစ်တင်မခံရစေရန် အားထုတ်သင့်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား သြဂုတ်လ ၁၁ ရက်နေ့၌ နေပြည် တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မဲပေးပိုင်ခွင့်သည် နိုင်ငံသူ နိုင်ငံသား တစ်ယောက် အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခုဖြစ်၍ အလွန်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် အရေးကြီး သည့် တာဝန်တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တာဝန်ကို ထမ်းဆောင်နိုင်ရန်နှင့် မဲဆန္ဒပေးပိုင်ခွင့် အခွင့်အရေးကို ရရှိစေရန် ကူညီပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူ နိုင်ငံသား တစ်ဦးတစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးရမည်မှာ ပထမ တာဝန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာ၌ ကြုံတွေ့ရသော အချက်အလက် မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကြေညာရာ၌ ပိုမိုပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ အထူးအားထုတ် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် အပြီးသတ် မဲဆန္ဒရှင် စာရင်းများတွင် အမှားအယွင်းနည်းပါးလိမ့်မည်ဟု ရွေးကေက်ပွဲကော်မရှင်အဆင့်ဆင့်က ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် တပ်မတော်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၂ဝဝ ကျော်က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တင်ပြခဲ့သည်။ ပြည်ထောင်စု လွှတ်တော်ရုံး က ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပါက ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သည်သာ အတည် ဖြစ်သဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း၊ လွှတ်တော်အသစ် စတင်ရန်လည်း ရက်ပိုင်းမျှ သာ လိုတော့သည်ဖြစ်၍ အထူးအစည်းအဝေးခေါ်ရန်ကိစ္စ မဖြစ်နိုင်ပါကြောင်း ဇန်နဝါရီ ၁၂ တွင် ထုတ်ပြန်ကြေညာခဲ့သည် ဟု RFA သတင်းအရ သိရသည်။ ထိုရက်သတ္တပတ်အတွင်းမှာပင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ် နိုင်ငံခြားရေး ဝမ်ယိနှင့် ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ဆုံရာတွင် ရွေးကောက်ပွဲ မသမာမှုများကို တပ်မတော်က ပြန်လည် စိစစ်နေပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီ မယိမ်းမယိုင်စေရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ကြောင်း RFA သတင်း၌ ဖေါ်ပြသည်။

ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူမပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ မရောက် ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးအောင်ကြည်ညွန့် က ပြောသည်။ အခြေခံဥပဒေတွင် ဖေါ်ပြသည့်အတိုင်း အချုပ်အခြာအာဏာပိုင်သော ပြည်သူများက ရွေးချယ်သည့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံသင့်သည်ဟုလည်း ဦးအောင်ကြည်ညွန့်က တပ်မတော်ကို တိုက်တွန်းထားသည်။

နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် လက်တွေ့မြေပြင်အခြေအနေပေါ်မူတည်၍ ပြည်သူအများ အကျိုးကိုရှေးရှု၍ ဖြစ်နိုင်ခြေအရှိဆုံး အကျိုးအရှိဆုံးလမ်းကြောင်းကို ရွေးချယ်ရမည် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်ပါ က ဒီမိုကရေစီကျင့်စဉ်နှင့် ဆီလျော်သည့် စိတ်နေစိတ်ထား ပြုပြင်ပြောင်းလဲရေး လုပ်ကြရပေမည်။ ငါ နှင့် ငါ့ပါတီအတွက် အကျိုးအမြတ် မရရှိလျှင် ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်ဆိုသည့် စိတ်မျိုး မမွေးမြူသင့်ပေ။ တနည်းဆိုရလျှင် နိုင်ငံသား အချင်းချင်း အပြန်အလှန် လေးစားခြင်းအားဖြင့် ဒီမိုကရေစီစံတန်ဖိုးကို အသိအမှတ်ပြုရန်လိုသည်။ ထို့ပြင် အများစု ၏ သဘောထားကို အနည်းစုက လိုက်နာ၍၊ လူများစုကလည်း လူနည်းစု၏ ဆန္ဒ အယူအဆကို လေးစားရမည်။ ယခု ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်း၍ ငြင်းချက်ထုတ်နေသူများသည် မဲဆန္ဒရှင် ပြည်သူအများစုကြီး၏ ရွေးချယ်မှုကို မျက်စိစုံမှိတ်ကာ ငြင်းပယ်နေသည်ဟု ယူဆသည်။ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲများနှင့် ပါတီစုံမှ ကိုယ်စားလှယ်များ၏ စောင့်ကြည့်မှုအောက်တွင် ပေါ်ထွက်လာသော အဖြေကို ဆက်လက်ငြင်းပယ်နေပါက ပြည်သူလူထုတစ်ရပ်လုံးအား မထေမဲမြင်ပြုရာရောက်လိမ့်မည်ဟု သုံးသပ်မိပါသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၁၀၊ အမှတ် ၃၊ ၂၁ - ၁ -၂၀၂၁ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။