Breaking News

ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့အရေး ဦးချိူးမပစ်ဖို့ လိုကြောင်း



ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့အရေး ဦးချိူးမပစ်ဖို့ လိုကြောင်း

(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၁

ဇန်နဝါရီ ၁၈ နယူးယောက်တိုင်းသတင်းစာ မနက်ခင်း အီးမေးအာဘော်ကို ဖတ်မိလို့ ဆီလျော်အောက် ပြန်ရေးလိုက်ပါတယ်။ ကိုယ့်အာဘော်တွေလည်း တပါတည်း ထည့်ထားပါတယ်။ ရေးသူက ဒေးဗစ် လီယွန်ဟတ်ဒ်ပါ။

ကိုဗစ်ကပ်ဆိုက်ချိန် အစောဦးဆုံးကာလတုန်းက အမေရိကားမှာကော WHO ဦးဆောင်တဲ့ နိုင်ငံတကာကကော လူတွေကို အမှန်အတိုင်း မပြောဘဲ ထိန်ချန်ပြီး သတင်းပေးခဲ့ကြတယ်။ မျက်နှာဖုံးတွေ မတတ်လည်း ရပါတယ် ဆိုပြီး ပြောခဲ့ကြတာလေ။ မှတ်မိကြတယ် မဟုတ်လား။ အမှန်သတင်းမဟုတ်ဘဲ ထိန်ချန်သတင်းစကားကြောင့် လူတွေမှာ မျက်နှာဖုံးတတ်ကြဖို့အရေး နှောင့်နှေးခဲ့ကြတယ်။

စေတနာကတော့ အကောင်းနေမှာပါ။ လူတွေ ဆေးရုံသုံးမျက်နှာဖုံးတွေ လက်ဝါးကြီးအုပ် ဝယ်ကုန်ကြရင် ကျန်းမာရေးဝန်ထမ်း နယ်ပယ်အတွက် မလောက်မငှဖြစ်ကုန်မှာ စိုးလို့ သာမန်လူတွေ မျက်နှာဖုံးတပ်ဖို့ အတင်း မတိုက်တွန်းခဲ့ကြပါ။ ပညာရှင်တွေကလည်း မျက်နှာဖုံးတပ်ခြင်း၏ အကျိုးသက်ရောက်မှုကို သံသယတွေ ထားခဲ့ကြပါတယ်။

သို့သော်လည်း အခုကျတော့ ထိန်ချန်သတင်းကြောင့် အားလုံး ကိုယ်ကျိုးနဲခဲ့ကြပြီ မဟုတ်ပါလား။

လူတွေကို သံသယတွေ ဖြစ်စေခဲ့တယ်။ မျက်နှာဖုံးက အလုပ်မဖြစ်ဘူးဆိုရင် ဆရာဝန်တွေ သူနာပြုတွေကတော့ ဘာလို့ တပ်နေကြတာတုံးလို့ မေးခွန်းက ဖြစ်လာတယ်။ မျက်နှာဖုံး အားလုံးတပ်ဆင်ကြဖို့အရေး နောက်ကျခဲ့တာကြောင့် (တကယ်တန်း မျက်နှာဖုံးတပ်လို့ အကျိုးရှိတယ်ဆိုတာ သိလာပြီးတဲ့နောက်) လူတွေက လူထုကျန်းမာရေးစနစ်ကို မယုံကြည်ကြတော့ဘူး။

အာဏာပိုင်တွေဆီက အမှန်တရားကို အပြည့်အ၀မရနိုင်ဘူး လို့ ခံစားမိလာတဲ့နောက်ပိုင်းမှာ လူတွေဟာ လူလိမ်တွေ အမှားသတင်းတွေနောက် လိုက်နာဖို့ ပိုပြီး လွယ်ကူလာကြတယ်။ တလွဲပိုလုပ်ကုန်ကြတယ်။

အခုအချိန်မှာလည်း အဲသည်ဖြစ်ရပ်မျိုးက တပတ်ပြန်လည်လာပြီ။ ကိုဗစ်ကာကွယ်ဆေးကို လူထုယုံကြည်မှု ရှိဖို့ အမှန်အတိုင်းပြောပြဖို့ ပညာရှင်တွေက အစွမ်းကုန် အားမထုတ်ကြပြန်ဘူး။

ဆေးဆိုတာဟာ မယုံနိုင်လောက်အောင် အစွမ်းရှိတယ် လို့ မပြောကြပြန်ဘူး။

လူထုက အခု ဆွေးနွေးနေကြတာက ကိုဗစ်ကာကွယ်ဆေး၏ သတိပေးချက်တွေအပေါ် ဖြစ်ပါတယ်။ ၁၀၀% အစွမ်းမထက်ဘူး။ ဆေးထိုးပြီးတဲ့လူတွေကလည်း ပိုးကို ဖြန့်နိုင်တယ်။ ဆေးထိုးပြီးတာတောင် ပေါ့ဆလို့ မရဘူး။ စသည်ဖြင့် ….

အထက်ပါ သတိပေးချက်တွေဟာ အမှန်ကို အခြေပြုတယ်။ အမှန်ဆိုတာက ဘယ်အရာမှ မပြည့်စုံနိုင်ဘူးဆိုတဲ့အချက်သာ ဖြစ်တယ်။ ဘယ်ဆေးမှ ဘိုးဘိုးအောင်ဆေးလို ပျောက်စေဆေး မဟုတ်နိင်ဘူးဆိုတာ အမှန်လေ။ ဒီသတိ်ပေးချက်မျိုးတွေဟာ လူတွေကို အထင်မှားစေပြန်တယ်။ ဒီလိုမျိုး ဆရာဝန်တွေက သူ့လူနာတွေကို ပြောနေကြပြန်တယ်။

နာမည်ကြီး ဘရောင်းတက္ကသိုလ်က ဆေးပညာရှင် ဒေါက်တာ အာရှစ်ဂျာက ဒါကို ဝေဖန်တယ်။ "ဒီလိုမျိုး ပြောတာကြားရင် ငါတော့ ရူးချင်တယ် “ တဲ့။

"ကျနော်တို့တွေက ကိုဗစ်ကာကွယ်ဆေးကို ဦးချိုးပစ်နေကြတယ်။ တန်ဖိုးကျအောင် လုပ်နေကြတယ်။ “ ပန်ဆီဗေးနီးယားတက္ကသိုလ်က ဒေါက်တာ အာရွန် ရစ်ချာမန်းက ထောက်ပြပါတယ်။

ဘေးလာဆေးတက္ကသိုလ်က ဒေါက်တာ ပီတာ ဟိုတက်ဇ်က ပြောတာကတော့ - “ဒီဆေးက အသက်ကယ်မှာ။ ဒီလိုမျိုး အားစိုက်ပြီး ပြောကြရမှာ” ဖြစ်တယ် တဲ့။

"အခု ဖိုက်ဇာနဲ့ မိုဒါနာ ကာကွယ်ဆေးတွေဟာ တကယ်တန်း ၁၀၀% ဆိုးဝါးတဲ့ရောဂါတွေကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒါဟာ မယုံနိုင်လောက်အောင် အစွမ်းထက်ပါတယ်" သည်လိုမျိူး ဒေါက်တာပေါလ် အိုဖစ် (ကလေးဆေးရုံ၊ ဖီလာဒေးဖီးယား) ကနေ မှတ်ချက်ပေးပါတယ်။

အသေးစိတ်ကို ဆက်ပြောပါမယ်။ ဒါက ကျနော် မှတ်စုထုတ်ပြတာပေါ့။

မိုဒါနာနဲ့ ဖိုက်ဇာဆေးဟာ အမေရိကားမှာ အတည်ပြုလိုက်တဲ့ ဆေး ဖြစ်တယ်။ အခြားအကောင်းဆုံးဆိုတဲ့ ကာကွယ်ဆေးတွေကဲ့သို့ အစွမ်းထက်တဲ့ ဆေး ဖြစ်ပါတယ်။ သူတို့ဟာ ၂ခါထိုးပြီးရင် ၉၅% ကာကွယ်ပေးနိုင်တယ်။ ကိုဗစ်ကာကွယ်ဆေးဟာ အရင်က ဝက်သက်ဆေးနဲ့ ကျောက်ဆေးတို့ထက် ပိုပြီး အစွမ်းထက်ပါတယ်။ ကာကွယ်ဆေးဆိုတာနဲ့ ကပ်ကြီးကို ဥုံဖွ ဆိုပြီး တခါတည်း ပျောက်စေ ကင်းစေနိုင်တဲ့ တန်ခိုးအစွမ်းတော့ ရှိမှာ မဟုတ်ပါဘူး။

၉၅% ပဲ ထိရောက်တယ် ဆိုတာဟာ သူ့အစွမ်းသတ္တိကို နှိမ်ပြောလိုက်သလို ဖြစ်နေတယ်။ ဆိုလိုချင်တာက ဆေးထိုးထားရဲ့သားနဲ့ ကိုဗစ်ရောဂါလက္ခဏာလေး နဲနဲပြတယ်ဆိုတာကိုပဲ ဆေးမစွမ်းဘူးလို့ ပြောချင်တဲ့သဘော ဖြစ်နေလို့ပါ။ ဒါပေမယ့် အဲသည် ၅% ဆိုတာမှာ ကိုဗစ်ကို တုတ်ကွေးဖြစ်သလောက်လေး လျော့ချပစ်နိုင်တယ် ဆိုရင်ပဲ အောင်မြင်လှပြီလို့ ဆိုနိုင်ပါတယ်။

လူပေါင်း ၃သောင်း၂ထောင်နဲ့ မိုဒါနာနဲ့ ဖိုက်ဇာဆေးထိုးပြီး စမ်းခဲ့ကြတာ လူ ၁ ဦးပဲ ကိုဗစ်ပြင်းထန်ဝေဒနာကို ခံစားခဲ့ရပါတယ်။

သို့သော်လည်း ကိုဗစ်ဆေးထိုးပြီးသားလူတွေဆီကနေ ကိုဗစ်ကူးစက်မှု မဖြစ်နိုင် ဖြစ်နိုင်ဆိုတာကိုတော့ ဆက်ပြီး စူးစမ်းကြရဦးမှာပါ။ ဒေါက်တာပေါလ်ဆပ် (ဟားဗတ်တက္ကသိုလ်) ပြောတာကတော့ - "လက်ရှိ ထိုးပေးနေတဲ့ ကာကွယ်ဆေးပေါင်းစုံ ကမ္ဘာမှာ ရှိနေတယ်။ ကာကွယ်ဆေးထိုးတာပြီးသူကနေ ဗိုင်းရပ်စ်တွေ သူများကို ကူးစက်တယ်ဆိုတာကတော့ အံ့ဖွယ်သုတပဲ" တဲ့။ ယူစီဆန်ဖရန်တက္ကသိုလ်က ဒေါက်တာ မိုနီကာဂန္ဒီကလည်း ဝင်ပြောပါတယ်။ "ကာကွယ်ဆေးထိုးပြီးပြီဆိုရင် ရောဂါနဲ့ ကူးစက်မှု ၂ ခုစလုံးကနေ သင် စိတ်ချရပြီလို့ စိတ်ချထားလိုက်ပါတော့ … “ တဲ့။

ကာကွယ်ဆေးထိုးပြီး ခံစားရမယ့် အခြားဘေးတွေက သုညတော့ မဟုတ်ပါဘူး။ ဘေးဆိုတာ ဘယ်နေရာမှာမှ ကင်းတယ်လို့ လောကမှာ မရှိပါဘူး။ ရာခိုင်နှုန်း သေးသေးလေးမှာ ဆေးမတည့်တဲ့ဘေး ခံရနိုင်ပါတယ်။ ဆေးထိုးပြီးမှ သူများတွေဆီ ကူးစက်တယ်လို့ စစ်ဆေးမှုတွေ စောင့်ကြည့်မှုတွေ လေ့လာစေချင်ပါတယ်။ ဒါပေမယ့် သက်သေပြနေတာကတော့ ကာကွယ်ဆေးဆိုတာ ကုသခြင်းထက် ပိုကောင်းတယ်၊ ကာကွယ်ဆေးဖော်ပြီးရင်တော့ ကုနိုင်တဲ့ဆေး လာတော့မှာပါ။

ပိုလီယိုကာကွယ်ဆေးထိုးခဲ့ကြတုန်းကလိုမျိုး လူတွေဟာ စိတ်အားတက်ကြွ ပျော်ရွှင်စွာနဲ့ ဝမ်းသာကြွေးကြော်ကြသလိုမျိုး သည်ကိုဗစ်ကာကွယ်ဆေးအတွက်လည်း အလားတူ ဖြစ်သင့်တယ်လို့ ဆိုချင်ပါတယ်။

အဆိုးမြင်ခြင်း၏ နိဂုံးကို ခုထိ မသိသေးဘူးလား။

ပညာရှိတော်တော်များများက ခုချိန်ထိ အဆိုးမြင်စကားတွေ ပြောနေကြတာလဲ။ သူတို့ စေတနာကတော့ အကောင်းစေတနာ ဖြစ်ပါလိမ့်မယ်။ သူတို့က ပညာရပ်ပိုင်းဆိုင်ရာ လေ့လာသုတေသနပြုနေရတော့ သတိကြီးစွာထားပြီး မသေချာမှုတွေကိုပါ ထည့်တွက်ရတာ သဘာ၀ဖြစ်ပါတယ်။ တချို့ကတော့ ကာကွယ်ဆေးထိုးပြီးသားလူတွေက မျက်နှာဖုံးဆက်မတပ်ဘဲ သွားလာနေကြရင် ဆေးမထိုးရသေးတဲ့လူတွေကလည်း ပေါ့ပေါ့ဆဆ ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ အဲသည်ကျရင် လူတွေ ပိုသေကျေ ပျက်စီးမှာ သေချာပါတယ်။

တကယ်တန်းကတော့ လူတွေကို သတိထားစေချင်ရင် ဘေးမဖြစ်စေချင်ရင် အကောင်းဆုံးကတော့ အမှန်အတိုင်း ပြောပြလိုက်ဖို့ ဖြစ်ပါတယ်။ လူတွေကို အခြားရည်ရွယ်ချက်တခုခု ဖြစ်မြောက်စေချင်တာနဲ့ အမှန်အတိုင်းမပြောတာ၊ ထိန်ချန် ကွေ့ဝိုက်ပြောဆိုတာဟာ ပိုပြီး ဆိုးတဲ့ ရွေးချယ်မှုတွေ သဘောထားတွေဆီကို တွန်းပို့သလို ဖြစ်စေပါတယ်။ ကိုဗစ်အစတုန်းကလို မျက်နှာဖုံးကိစ္စ ထိန်ချန်ခဲ့ကြလို့ အခုဆိုရင် မျက်နှာဖုံးမယုံကြည်သူတွေ ၊ အစိုးရလုပ်ကြံမှုအဖြစ် သံသယပွားနေသူတွေ ဖြစ်ကုန်ကြတယ် မဟုတ်ပါလား။

သည်တော့ အထက်ကပညာရှင်အချို့ကို လူထုကျန်းမာရေးအသိပေးစကား ဘယ်လိုများ အကျိုးရှိအောင် အစွမ်းထက်အောင် ပေးရင်ကောင်းမလဲလို့ မေးကြည့်တယ်။ မိမိကိုယ်တိုင်လည်း စဉ်းစားမိတယ်။ သည်တော့ -

ကျနော်တို့တတွေ အခု မျက်နှာဖုံးတပ်ကြဖို့၊ လက်ဆေး၊ လူတွေနဲ့ ခပ်ဝေးဝေးနေကြဖိ်ု့ ပိုပြီး အရေးကြီးလာတယ်။ ဘာကြောင့်ဆိုတော့ ကိုဗစ်ဗိုင်းရပ်ပိုး မျိုးကွဲတွေ ပြန့်နေလို့ပါ။ လူတွေကိုလည်း အမြန်ဆုံး အများဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးပေးကြဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအသစ်တွေ အစစ်အမှန်ကောင်းမွန်ပါက ပိုပြီး ခွင့်ပြုကြဖို့ လိုပါတယ်။

ဆေး၂လုံးစလုံး အပြည့်ထိုးပြီးသူတွေကလည်း မိမိတို့ဆေးအာနိသင် အကုန်ပြသည်အထိ စောင့်ကြရပါတယ်။ သည်တော့ ဆေးမထိုးရသေးသူတွေလိုပဲ မိမိတို့ ဆင်ဆင်ခြင်ခြင် နေကြရပါမယ်။ ကိုဗစ်ပိုးကို လုံး၀ အနိုင်မတိုက်နိုင်သေးခင်ကာလအတွင်း မိမိတို့အားလုံး လူတွေကြားမှာ မျက်နှာဖုံးတပ်ကြပါ။ ဆေးမထိုးရသေးသူတွေကို စာနာကြပါ။ ဘေးကင်းအောင် နေပေးကြပါ။ လူတိုင်း၏ အသက်ကို စောင့်ရှောက်နိုင်ဖို့ အမျိုးသားရေးတာဝန် အဖြစ် ခံယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။