Breaking News

မောင်စွမ်းရည် - ဘဂျမ်းနှင့် ဘာဂျာ



မောင်စွမ်းရည် - ဘဂျမ်းနှင့် ဘာဂျာ

(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၁

ဂီတ တီးမှုတ် သီဆိုတယ်ဆိုတာ အနုပညာတရပ်ပဲ မဟုတ်လား။ အနုပညာ ဆိုတာ လူတိုင်း နှစ်သက်တာပဲ မဟုတ်လား။ အနည်း အများ၊ အနု အရင့်တော့ ကွာမှာပေါ့။ ကျွန်တော်လည်း ဂီတကို နှစသက်တာပေါ့။ တီးချင်၊ မှုတ်ချင်၊ သီဆိုချင်တာပေါ့။ ဒါပေမဲ့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ခဲ့ပါ။ ဘယ်လုပ်တတ်မှာလဲ၊ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဂီတဆိုတာ အလွန်ခေါင်းပါးခဲ့တာကိုး။

ကျွန်တော်တို့ မောင်နှမတတွေဟာ ငယ်ရွယ်နုနယ်စဉ်အခါက ဝင်းခြံအကျယ်ကြီးထဲမှာ တိုက်ကြီးတလုံး အတွင်း သော့ခတ်ပြီး နေခဲ့ရတာပါ။ ကျွန်တော်တို့အဖေက သားသမီးတွေကို ဘယ်မှ မထွက်ရဘူး။ ခေါင်းရွက် ဈေးသည်လည်း အိမ်ခြံဝင်းထဲကို မဝင်ရပါဘူး။ ဘာဖြစ်လို့လဲ။ ကျန်းမာရေးအတွက် စိုးရိမ်လို့ပါ။ အဖေက ကျွန်တော်တို့ရွာရဲ့ နောက်ဆုံး ရွာသူကြီးပါ။ မြို့တက်ပြီး ကျောင်းနေဖူးတဲ့အတွက် ခေတ်ပညာတတ် ဆိုရမှာပေါ့။ မြို့နဲ့ လေး ငါး ခြောက်မိုင် ဝေးတဲ့ တောရွာမှာနေပြီး မြို့က သတင်းစာ၊ မဂ္ဂဇင်းတို့ကို လူကြုံမှာပြီး မပြတ် ဖတ်တဲ့ သူကြီးပါ။ ရွာမှာ ကျောင်းဆရာ(ညီဖြစ်သူ) တောခိုသွားတော့ ကလေးတွေ စာသင်မပျက်အောင် ဝင်သင်ပေးရင်းက အစိုးရအသိအမှတ်ပြုတဲ့ ကျောင်းဆရာ ဖြစ်လာခဲ့တာပါ။

ကျွန်တော်တို့ရွာက ရေရှားတယ်။ မြစ်နဲ့ ဝေးတယ်။ မိုးအခါမှာ ရေစီးတဲ့ သဲချောင်းနဲ့လည်း တမိုင်ကျော်လောက် ဝေးတယ်။ ဒါကြောင့်နဲ့ တူပါရဲ့။ ရွာမှာ မျက်ခမ်းစပ်နဲ့ ကိုယ်ရေပြားရောဂါသည်တွေ များတယ်။ ဒါ့ကြောင့် အပြင်မထွက်ရအောင် ခြံကို သော့ခတ်ထားတယ်။ တစ်ပတ် တစ်ခါ၊ နှစ်ခါလောက် ယာတော၊ ထန်းတောထဲကို လှည်းနဲ့ တင်ခေါ်သွားပြီး ထန်းသမား သားသမီးတွေနဲ့ ကစားခိုင်းပါတယ်။

ကျွန်တော်တို့ကို ကျောင်းထားပေးတော့ ထန်းသမား သားတွေကိုလည်း ကျောင်းထားပေးပါတယ်။ ဘာဂီတမှ မရှိဘူး။ အိမ်ခြံဝင်းကျယ်ကြီးရဲ့ ထောင့်တနေရာက အိမ်တလုံးမှာ သူ့အစ်ကိုဝမ်းကွဲ ရှိတယ်။ အဲဒီအိမ်က ဓာတ်စက်ဖွင့်ရင် တခါတရံ သွားပြီး နားထောင်ရတယ်။ ဖိုးစိန်၊ အောင်မောင်းတို့ ဓာတ်ပြားသွင်းထားတဲ့ ဇာတ်ထုပ်တွေကို နားထောင်ရတာပါ။ ဖွင့်လေ့ရှိတဲ့ သီချင်းတွေကတော့ မိဖုရားဖွားစော၊ ရှင်မွန်လှ၊ ပုပ္ပားတောင် သီချင်းတို့ ဖြစ်ပါတယ်။

အိမ်ခေါင်းရင်းဘက်မှာ မလွှဲသာမရှောင်သာ ဆွေမျိုးမကင်းသူ မိသားစုတစု ရှိတယ်။ မိခင်ဖြစ်သူနဲ့ သားသမီး ၄ ယောက်လုံးမှာ ကိုယ်ရေပြားရောဂါ စွဲနေတယ်။ အဖေက လုံးဝ ဆက်သွယ်ခြင်းမရှိပေမဲ့ တခါတရံ သူတို့ဘက်က ဟွန်းတယောသံကို ကြားရတတ်ပါတယ်။

ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ တခြားရွာကို ကျောင်းသွားနေရတယ်။ ဂျပန်ခေတ်အတွင်း ကျောင်းပျက်သွားလို့ပါ။ အဲဒီရွာမှာ အိမ်နီးချင်း နှဲဆရာရဲ့အသံကို နားထောင်ရဖူးပါတယ်။ သူကလည်း ကိုယ်ရေပြားရောဂါသည်ပါ။ ကျောင်းပိတ်လို့ ရွာပြန်ရင် ရွာအပြင်က သရက်ပင် သုံး လေးပင်ရှိတဲ့ နေရာကို ဆူးခက်ကာပြီး သွားစောင့်ရပါတယ်။ သဲချောင်းဘက်ကိုသွားတဲ့ လမ်းခုလတ်မှာ ရှိတာပါ။ အိမ်နီးချင်း ကိုယ်ရေပြားရောဂါသည်တချို့က သဲချောင်းရေတွင်းကို ရေချိုးသွားရင်း သရက်ပင်အောက်မှာ နားပြီး တယောထိုး သီချင်းဆိုလေ့ရှိကြပါတယ်။ အဲဒီတေးဂီတဝိုင်းကို ကျွန်တော်က သရက်ပင်ပေါ်မှာ ဝတ္ထုဖတ်ရင်း နားထောင်လေ့ရှိပါတယ်။ ဒီထက်ပိုပြီး ဂီတနဲ့ မနီးစပ်ခဲ့ပါ။ ဘာတူရိယာပစ္စည်းကိုမှ လက်နဲ့ မထိဖူးခဲ့ပါ။

ကျွန်တော် သတ္တမတန်း အောင်တော့ မန္တလေး အမှတ် (၁) အ.ထ.က ကို ကျောင်းပြောင်းနေရတယ်။ (အကြိုဆေးသင်တန်း ဆိုတာ တက်ခွင့်ရလို့ပါ)။ ဘော်ဒါဆောင်မှာနေတော့ တီးကြ၊ မှုတ်ကြတာတွေ တွေ့ရပါတယ်။ ဘော်ဒါဆောင်မှာပဲ ပါးစပ်က မှုတ်ရတဲ့ သံစုံ ခေါ် ဟာမိုနီကာလေးကို မှုတ်ကြည့်ဖူးရာက သဘောကျပြီး ကိုယ်ပိုင် ဝယ်ကိုင်ဖူးတယ်။ မြင်းခြံသား ကျောင်းနေဖက် ကိုတင်မောင် ဆိုသူက ပါးစပ်မှုတ် ဘာဂျာ (ဟာမိုနီကာ) ကို လျှာနဲ့တို့ပြီး ဘေ့စ်လိုက်တဲ့နည်း သင်ပေးတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အကော်ဒီယံအသံပေါက်အောင် မှုတ်တတ်လာခဲ့ပါတယ်။

စနေ ညနေတိုင်း ကျုံးထောင့်မှာ မြို့မဂီတဝိုင်းနဲ့အတူ ကိုအံ့ကြီးရဲ့ အကော်ဒီယံနဲ့ သီဆို တီးမှုတ်တာကို မပျက်မကွက် သွားပြီး နားထောင်ပါတယ်။ ဘော်ဒါဆောင်နဲ့ ကျုံးထောင့်နဲ့က တပြလောက်ပဲ ဝေးပါတယ်။ အကော်ဒီယံ နားထောင်ပြီး ကျုံးဘေး လူရှင်းရာ နေရာမှာ ဟာမိုနီကာ မှုတ်တာကို လေ့ကျင့်ခဲ့ပါတယ်။ မြို့မငြိမ်း သီချင်း ထင်ပါရဲ့၊ ‘သုံးရာသီ’ သီချင်းကစပြီး မှုတ်တတ်ခဲ့ပါတယ်။ ကိုယ်ပိုင်သံစုံလေး အသေး အကြီး နှစ်ခု ဝယ်ထားပါတယ်။

သူငယ်ချင်း တင်မိုးက ဂီတဝါသနာအိုးပါ။ သူ့ရွာကို ကျောင်းပိတ်ရက် လိုက်သွားတော့ သူ့အိမ်မှာ နေ့တိုင်းလိုလို ဂီတဝိုင်းဖွဲ့ပါတယ်။ သူကတော့ ဘင်ဂျိုပဲ တီးလေ့ရှိပါတယ်။ သူ ကြိုက်တာက တယောတဲ့။ တယောထိုး သင်ဆဲပါ။ သူ ဘင်ဂျိုတီးတာပဲ မြင်ဖူးလို့ သူ့နာမည်၊ သူ့ရုပ်နဲ့လည်း လိုက်ဖက်တာကြောင့် ‘ဘဂျမ်းက ဘင်ဂျိုခေါက်’ ဆိုတဲ့ စာသာလေး ထည့်ပြီး ကဗျာစပ်ဖူးပါတယ်။

ရန်ကုန်မှာတော့ တခါတရံ ကိုသာနိုး၊ ကိုဘဂျမ်း(တင်မိုး)၊ နုနုရည်(အင်းဝ) ဇနီးမောင်နှံတို့ စုဝေးမိရင် အဆို အတီးဝိုင်းလေးတွေ ဖြစ်သွားတတ်ပါတယ်။ ကျွန်တော်ကတော့ နားထောင်သူပါပဲ။ ဒါပေမဲ့ အိတ်ကပ်ထဲမှာ ဟာမိုနီကာ အငယ်လေး အမြဲပါလေ့ရှိပါတယ်။ ခုအထိ ကျွန်တော့်စာရေးစားပွဲ အံဆွဲထဲမှာ ဟာမိုနီကာလေး အသေး နှစ်ခုနဲ့ အကြီး တခု ရှိပါသေးတယ်။ အကြီးက ကဗျာဆရာ ကိုသက်၊ တောင်ကိုရီးယားက ဝယ်လာခဲ့တာပါ။ အမေရိကမှာ ရှာလို့ မရပါ။ (ကိုသက်က LA ကပါ။)

အမေရိကမှာ ကျွန်တော်က နယူးယောက်မြို့မှာ နေပါတယ်။ တင်မိုးက လော့စ်အိန်ဂျလိစ်မြို့၊ သူသမီးငယ် မိုးချိုသင်းနဲ့ အတူနေပါတယ်။ စာပေဟောပြောပွဲ လုပ်ရင် ဆုံတတ်ပါတယ်။ ဆုံမိရင် ကျွန်တော့်ကို တလ ကိုးသီတင်း ကြာအောင် ဆွဲထားတတ်ပါတယ်။

တခါတော့ ကဗျာဆရာ ကိုသက်က ကားမောင်းပြီး ပန်းခြံကျယ်ကြီးတခုကို လိုက်ပို့တယ်။ အပြန်လမ်း၊ ကားပေါ်မှာ ကျွန်တော်က ကားနောက်ပိုင်းက ထိုင်တယ်။ ရှေ့မှာ ကားမောင်းသူ ကိုသက်၊ ဘေးမှာ တင်မိုး ထိုင်ပါတယ်။ ကျွန်တော်က အိတ်ထဲက မြေပဲလှော်နှိုက်ရင်း လက်နဲ့ စမ်းမိတဲ့ ဟာမိုနီကာ အသေးလေးကို ထုတ်ပြီး မှုတ်လိုက်မိပါတယ်။ လက်နှစ်ဖက်နဲ့ အုပ်ပြီး မှုတ်တာဆိုတော့ တင်မိုး အလန့်တကြား လှည့်ကြည့်တဲ့အခါ မမြင်ရပါဘူး။

‘ဟာ ဘယ်ကအသံလဲ’ တဲ့။ ဒါနဲ့ ထုတ်ပြတော့ သူက ဒါမျိုးလေးကို မမြင်ဖူးဘူးတဲ့။ အကြီးကိုတော့ မြင်ဖူးသတဲ့။ ဒီအသေးလေးက သီချင်းတေးသွား ပေါ်အောင် မှုတ်လို့မရဘူးလို့ သူက ထင်တာကိုး။ ဒါနဲ့ ဆက်မှုတ်ပြတော့ သူက နောက်ပြန်ကြည့်ရင်း အံ့ဩနေရှာပါတယ်။

အိမ်ရောက်တော့လည်း မနားတမ်း မှုတ်ပြရပါတယ်။ ဘယ်တုန်းက မှုတ်တတ်သလဲလို့ မေးတော့ တသက်လုံး မှုတ်လာတာလို့။ ကျွန်တော် နယူးယောက် မပြန်မချင်း နေ့တိုင်း မှုတ်ပြရပါတယ်။ ကျွန်တော် ရှစ်တန်းကစ မှုတ်တာလို့ ပြောတော့ သူ့လည်း သင်ပေးပါတဲ့။ သင်ပေးမယ်၊ အသစ်ဝယ်ပါ ဆိုတော့ ကိုသက်ရဲ့ ကားနဲ့ တမြို့လုံး ပတ်ပြီး နှစ်ရက်၊ သုံးရက် ရှာတာ မတွေ့ပါ။

တနေ့တော့ ကိုသက်က သူ့ကို တောင်ကိုရီးယားက ဖိတ်လို့ သွားမယ်၊ ဘာမှာဦးမလဲတဲ့။ တင်မိုးက ပါးစပ်နဲ့ မှုတ်ရတဲ့ ဟာမိုနီကာ ‘သံစုံ’လေးတခု ဝယ်ခဲ့ပါတဲ့။ ကိုသက်က ဝယ်လာခဲ့ပါတယ်။ ဒါပေမဲ့ တင်မိုးက သေဆုံးခဲ့ရှာပါပြီ။ တင်မိုး ဆုံးတော့ ကျွန်တော် နယူးယောက်ကို ပြန်ရောက်စမှာပဲ သူ့ဆီကို ပြန်သွားရပါတယ်။ ကိုသက်က လုံးဝ မပြုံးမရွှင်တဲ့ မျက်နှာနဲ့ ဟာမိုနီကာလေးတခု ထုတ်ပေးရှာပါတယ်။ ခင်ဗျားရဲ့သူငယ်ချင်း မှာလို့ ကိုရီးယားက ဝယ်ခဲ့တာ။ ခင်ဗျားကိုပဲ အမှတ်တရ ပေးလိုက်မယ်တဲ့။ အခု အဲဒီသုံစုံလေး ကျွန်တော့်အံဆွဲ ဖွင့်လိုက်တိုင်း မြင်တွေ့နေတာ၊ ကိုသက်ကိုရော ကိုတင်မိုးကိုပါ သတိရ လွမ်းဆွတ်လျက်ပါ။ ကိုတင်မိုး ကြိုက်တဲ့ ‘သုံးရာသီ’သီချင်းကို မကြာခဏ မှုတ်မိပါတယ်။ ဒါမျိုးကို စနစ်တကျ သိမ်းတဲ့ ပြတိုက်ရှိရင်တော့ လှူချင်ပါရဲ့။

လွမ်းတယ် ဘဂျမ်းရယ်…
မောင်စွမ်းရည်
၂၇ နိုဝင်ဘာ ၂၀၂၀
နယူးယောက်