Breaking News

ဆားပုလင်းသာပိန် - “မရှက်ကြူဘားမား” နှင့် အင်တာဗျူး


ဆားပုလင်းသာပိန် - “မရှက်ကြူဘားမား” နှင့် အင်တာဗျူး

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁


စာဖတ်သူများကို ဦးစွာပထမတောင်းပန်လိုသည်မှာ ရည်ရွယ်ထားသေ ာ သာဝဒိုင်ယာရီကို အချိန်မီမ တင်ဆက်နိုင်သေးကြောင်းကိုပါ။ အကြောင်းကတော့ ဒိုင်ယာရီပျောက်ဆုံးခြင်းသည် သွေးရိုးသားရိုး ပျောက်ခြင်းလား၊မလုပ်ရဲတာဘာမှမရှိသောသာဝ၏ကလိမ်ကကျစ်ဥာဏ်ဖြင့်ဓါတုပိုးမွှားများကပ် တွယ်ပြီးမှ လက်ဝယ်ရရှိသူများအား ကိုယ်ကျိုးနည်းစေရန် ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့ခြင်းများလား ဆိုသည်ကိုမည်သူကမျှမသိရှိနိုင်၍အပူ၊ ဖိအား၊ ဓါတ်ရောင်ခြည်၊ ဓါတုပိုးသတ်ဆေးရည်စသည့်နည်း လမ်းမျိုးစုံဖြင့်အန္တရယ်ကင်းစေပြီးမှအလွန်တရာ ညံ့ဖျင်းလှသောလက်ရေးလက်သားများကို မြန်မာဘာသာမှမြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုပေးရမည့်အဖွဲ့လက်သို့ လွှဲအပ်ရမှာ ဖြစ်လို့ပါ။

စာဖတ်သူများကံကောင်းခြင်းလားကံဆိုးခြင်းလားမသိ၊ ဆားပုလင်းသာပိန်၏လက်ဝယ်၌ ပျောက်ဆုံးသွားသောသာဝရဲ့ဒိုင်ယာရီ ရောက်နေသည်ကို သတင်းရသွားတဲ့ မဒမ်သာဝ ချက်ဘောက် (Chat Box) မှတဆင့်ဆက်သွယ်လာပါတယ်။ ဆားပုလင်းသာပိန်သည် သူမတူအောင်သတိရှိရှိ ဖြင့် အကဲဖြတ်စုံစမ်းစစ်ဆေးတတ်သူတစ်ဦးမို့ မဒမ်သာဝအစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် တောင်းဆိုလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲသာမန်တပ်မတော်သားတစ်ယောက်၊ သူ့ရဲ့လစာကို တစ်ပြားတစ်ချပ်မျှမသုံးဘဲ တစ်နှစ်လုံး ရေသောက်ဗိုက်မှောက်အိပ်နေရင်တောင် ဘယ်လိုမှ လက်လှမ်းမှီမှာ မဟုတ်သော၊ အခုတလေ ာလူပြောများနေတဲ့ တန်ဖိုးကြီး LV အိတ်လေးရဲ့  ၃၆၀ဒီဂရီ ဓါတ်ပုံလေး ချက်ဘောက်ထဲ ခုန်ဆွခုန်ဆွနဲ့ပေါ်လာပါတယ်။ ကဲ ဒီထက်ခိုင်လုံတာ  ရှိနိုင်ပါအုံးမလား။

မဒမ်သာဝဆက်သွယ်လာရခြင်းအကြောင်းကတော့ သာဝဒိုင်ယာရီထဲမှာ သူမတို့ရဲ့ဘာဘာညာညာ ကိစ္စများပါဝင်နေပါက မဖေါ်ပြစေလိုကြောင်း ပြောလာတာပါ။ ဆားပုလင်းသာပိန်ကလည်း မိမိသည် ထိုကဲ့သို့သောသတင်းများကို အချိန်ကုန်လက်ညောင်းခံ ရေးသားတတ်သူမဟုတ်ကြောင်း နှစ်သိမ့် လိုက်တဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ့်ခေါင်းစဥ်ကိုယ်ပေးထားတဲ့ တရားမဝင် ဖတ်(စ်)လေဒီ ( First Lady) နှင့် အင်တာဗျူးချက်ဘောက်ထဲမှာ လုပ်နိုင်ကြောင်း ပြောလာပါတယ်။ မိမိအနေနဲ့ မဒမ်သာဝကို စာပေကြိုးဝိုင်းအတွင်းသို့ မဆွဲသွင်းလိုပါ၊ သို့သော် တစ်ပြည်လုံးနှင့်သာဝ ဇာတ်လမ်းတွင် တရားမျှတမှု့ဘက်မှ ရပ်တည်ရန်နှင့် သာဝအား အမှန်တရားကို သိမြင်ဖို့နားချရန် ပျက်ကွက်ခဲ့သူဟု ယူဆထားပါသည်။ သို့အတွက် စာဖတ်သူမည်သူတစ်ဦးတစ်ယောက်မျှ အကျိုးမရှိမှာ တွက်ဆမိပါသော်လည်း စာရေးသားသူတစ်ယောက် အနေဖြင့် ဤအင်တာဗျူး အခွင့်အရေးကို ရယူမိခြင်းအပေါ် ခွင့်လွှတ်ကြပါကုန်။


မေး : ပထမဆုံး မေးလိုတာက နံမည်ကိုဘယ်လိုရေးသားဖေါ်ပြစေချင်ပါသလဲ။

ဖြေ : ကိုသာဝကတော့ တရားဝင်ဝင် မဝင်ဝင် Michelle Obama နေရာမျိုးပဲ ဆိုပြီး Michelle Qburma လို့ ကျမကိုခေါ်နေလေရဲ့။ သိတယ်မဟုတ်လား၊ Q ဆိုတာကကျမနာမည်ကြူ ကိုဆိုလိုတာ၊ မြန်မာစာသိပ်မရိုက်တတ်သူတွေနဲ့ အသံထွက်သိပ်မပီသသူတွေကတော့ “မရှက်ကြူဘားမား”လို့ ရေးကြ၊ ထွက်ကြတယ်။ အတော်လေးနီးစပ်တော့ ကျမလက်ခံပါတယ်။

မေး : အခုပြည်သူတစ်ရပ်လုံးက ဆဲဆိုဒေါသထွက်စေရအောင် ဖြစ်ပျက်ရတာနဲ့ ပတ်သက်ပြီး
ဘာ့ကြောင့်လို့ ထင်ပါသလဲ။

ဖြေ : တက္ကသိုလ်မှာ မြန်မာစာပြဆရာမလုပ်ခဲ့သူမို့ စာဆန်ဆန်ပြောရမယ်ဆိုရင် ပညတ်သွားရာ ဓါတ်သက်ပါသွား တယ် လို့ ထင်ပါတယ်။

မေး : ထပ်ပြီးရှင်းပြပေးနိုင်မလား။

ဖြေ : ဒီလိုပါ၊ သမီးရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို နံမည်ပေးမိတာက Seventh Sense (7th Sense) လေ၊ မြန်မာလိုအသံထွက်ရင် “ဆဲပါရှင့်” နဲ့တော်တော်အသံထွက် နီးစပ်သွားတယ်။ ဒါ့ကြောင့်ကျမတို့ အဆဲခံရတယ်လို့ ပြောချင်တာပါ။

မေး : တပ်မတော် ကိုဖျက်ဆီးနေတယ်လို့ပြောဆိုတာနဲ့ပတ်သက်ပြီးဘာများပြောချင်ပါသလဲ။

ဖြေ : ကိုသာဝဟာ စစ်တက္ကသိုလ်ကို သုံးကြိမ်မြောက်ဖြေဆိုပြီးမှဝင်ခွင့်ရခဲ့တာပါ။ ဝီကီပီးဒီးယားမှာ ရှာကြည့်နိုင်ပါတယ်။အဲဒီတော့သူ့အပေါ်လှိုက်လှိုက်လှဲလှဲမရှိခဲ့တဲ့တပ်မတော်အပေါ် အသိစိတ်ရော မသိစိတ်ကပါ ငဲ့ညှာထောက်ထားလိုစိတ်မရှိခဲ့ရင်လည်း ကျမအပြစ်မပြောလိုပါဘူး။

မေး : ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးခံယူချက်လေးသိပါရစေ။

ဖြေ : ကျမတို့မိသားစုလောက်ငြိမ်းချမ်းရေးလိုလားတဲ့သူ မရှိဘူးလို့ပဲပြောချင်ပါတယ်။ဘာဖြစ်လို့ လည်းဆိုတော့ရှင်းရှင်းလေးပါ။တပ်မတော်သားတိုင်းကျမတို့မိသားစုပိုင်”အောင်မြင့်မိုရ်မင်း” ကုမ္ပဏီမှာအာမခံထားရပါတယ်။တိုက်ပွဲမဖြစ်ပဲငြိမ်းငြိမ်းချမ်းချမ်းဆိုရင်သပိတ်ဝင်အိတ်ဝင်ပါပဲ။ မငြိမ်းချမ်းရင်တော့ အထွက်တွေရှိပါတယ်။ဒီအတွက်ကျမတို့ငြိမ်းချမ်းချင်တာပါ။

မေး : တိုင်းရင်းသားများနဲ့ပတ်သက်ပြီးအသိပေးချင်တာများရှိပါသလား။

ဖြေ : တိုင်းရင်းသားအားလုံးကို ပြောပြချင်တာကတော့နေပြည်တော်မှာနေထိုင်တယ်ဆိုပေမယ့် ပြည်နယ်နဲ့တိုင်းအားလုံးမှာမိသားစုပိုင်စီးပွါးရေးလုပ်ငန်းတွေဖြန့်ကျက်ထားပြီးနီးနီးကပ်ကပ်ဆက်ဆံသွားမှာပါ။မျက်နှာလိုက်တာမဟုတ်ပေမယ့်ဟိုတယ်ဖွင့်လို့ကောင်းတဲ့၊ကျောက်တွင်းတူးလို့ ကောင်းတဲ့ပြည်နယ်များမှာတော့ဒေသခံတွေအလုပ်ပိုရနိုင်ဖို့ကျမတို့ရဲ့မိသားစုပိုင်လုပ်ငန်းများပိုမြင်ရလာပါလိမ့် မယ်။

မေး : မြန်မာစာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးဆိုတော့ စာသံပေသံကဗျာဟန်နဲ့အင်တာဗျူးကိုနိဂုံး ချုပ်ပေးပါအုံး။

ဖြေ : တစ်နိုင်ငံလုံး

မှိုင်ပြီးတော့ပူ

ငိုင်ပြီးတော့ငူရလောက်အောင်

ထိုင်ပြီးယူမယ့်

(ကျမကလေ)

“ ကြိုင်”ပြီး”ကြူ”ကွဲ့ ။

(ဆားပုလင်းသာပိန်)