Breaking News

ကျော်ကျော် (မြရည်စမ်း) - ငူတွေနဲ့ သေနတ်



ကျော်ကျော် (မြရည်စမ်း) - ငူတွေနဲ့ သေနတ်

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁

အဲ့သည်နေ့က သေနတ်သံကို သေသေချာချာ မှတ်မိလိုက်တယ်။နှစ်ချက်တွဲ နှစ်ချက်တွဲ မြည်သွားတာ။
ဘယ်သူအော်လိုက်မှန်းမသိတဲ့ "ဓါးပြတိုက်နေတယ်...။ရွှေဆိုင်ကို ဓါးပြတိုက်နေတယ်"ဆိုတဲ့ အသံကိုလည်း ကြားလိုက်ရတယ်။ကျွန်တော်က လက်ဖက်ရည်ကဆိုင်လေးရဲ့ မျက်နှာစာက စားပွဲတစ်လုံးမှာ ဓာတ်ဗူးတွေကို အဝတ်စနဲ့ ပွတ်ပြီး သန့်ရှင်းရေးလုပ်နေတယ်။ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ အဖေ့ဆီက "ဟာ...ဝဲလ် ထရိန်းပဲ"တဲ့။အဖေ ဘာပြောလိုက်မှန်း ကျွန်တော်ဆက်စပ်မစဉ်းစား တတ်ခဲ့ဘူး။

စူပါကပ်ဆိုင်ကယ်ကို မျက်နှာဖုံးစွပ်တစ်ယောက်က စီးလို့ နောက်က ကားယားခွထိုင်ထားတဲ့ သူက သေနတ်ကို ကိုင်မြှောက်လို့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ကလေးနဲ့ မလှမ်းမကမ်းကနေ ဖြတ်မောင်းသွားကြတယ်။

(တစ်)
သေနတ်ပစ်ရတာ ဝါသနာပါခဲ့ဖူးတယ်။ဒါပေမဲ့ သေနတ်မပစ်တတ်ခဲ့ပါဘူး။ခလုပ်တော့ ဆွဲတတ်တာပေါ့။ပစ်မှတ်ကို ထိဖို့ အတော်ခဲယဉ်းမှန်း သိခဲ့ဖူးပါတယ်။ငြိမ်နေတဲ့ ပစ်မှတ်ထက် လှုပ်ရှားနေတဲ့ ပစ်မှတ်မျိုးဆိုရင် ထိမှန်ဖို့ အတော်ခက်ခဲသတဲ့။

လေသေနတ်တွေကို မြင်ဖူးကာစမှာပဲ ကိုင်ဇာရဲ့ "ကာဖီဆိုင်မှာ လူတချို့ဟာ လေသေနတ်နဲ့ စစ်တိုက်နေတာ"ဆိုတဲ့ သီချင်းကို စပြီးကြားဖူးခဲ့ရတယ်။ ရပ်ကွက်ထဲက လူကြီးတွေ လေသေနတ်ထမ်းပြီး ငှက်လိုက်ပစ်ကြရင် သူတို့ပစ်နေတာကို ဘေးက ငေးနေမိတယ်။ တချို့ငှက်တွေ အင်မတန် ပါးနပ်ပြီး တချို့ငှက်တွေက ထူပိန်းကြမှန်း အဲသည်အချိန်ထဲက သိလာခဲ့ရတယ်။

သေနတ်ပြောင်းဝ သူတို့ဖက်လှည့်လာတာနဲ့ တချို့ငှက်တွေက လစ်ခနဲထပျံတတ်ကြပေမဲ့ တချို့ငှက်တွေကျ သူတို့ဘေးက ကျည်ဆံအကြိမ်ကြိမ်ဖြတ်တောင် ငူငူကြီး နားနေတတ်ကြတယ်။"ငူတွေက စိတ်ကြိုက်ပစ်လို့ရတယ်"လို့ သေနတ်ကိုင်ထားတဲ့ လူကြီးက ပြောဖူးတယ်။ သူ့ပါးစောင်ထဲ ငုံထားတဲ့ ခဲဖူးကလေးတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြီးတော့ စိတ်ကြိုက်ပစ်တော့တာပဲ။ အမြင့်မှာ နားနေတဲ့ ငူလည်း ပစ်ချက်တွေ များလွန်းတော့ မထိခံနိုင်ရိုးလား။ စိမ်ပြေနပြေပစ်ထားတဲ့ ကျည်ထိပြီး ပြုတ်ကျလာတဲ့ ငူလေးကို ကျွန်တော်သနားခဲ့ ဖူးပါတယ်။

မြေကြီးပေါ်ကျလာတဲ့ ငူလေးဟာ တချက်ကလေးတောင် မရှုိက်နိုင်တော့ပါဘူး။ သေနတ်ကို ပြန်သိမ်း၊လွယ်အိတ်စိမ်းစိမ်းကြီးထဲ ငှက်သေလေးကို ဖိသိပ်ထဲ့ပြီး အဲသည်လူကြီးတွေ ပြန်သွားကြတယ်။ကျွန်တော် ငှက်မပစ်ချင်တော့ပါဘူး။

ငှက်လည်းပစ်ချင်စိတ်မရှိ။ပြောရမယ်ဆို သေနတ်တွေထက် သေနတ်ကိုင်သူတွေကို စိတ်ဝင်စားနေမိတဲ့အချိန်မှာ ဓားပြတွေကို ဖျတ်ကနဲ မြင်လိုက်ရတာပါပဲ။

(နှစ်)

အဲသည်တုန်းကဓါးပြတွေဟာ နလပိန်းတုန်းတွေတော့ မဟုတ်ခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။ သူတို့က.... ခြေကျင်လာခဲ့ပြီး ဓါးပြတိုက်ကြရင် ပြန်အထွက်ကျ ခက်လိမ့်မယ်လို့ တွေးဆထားကြပုံပါပဲ။

မြို့လေးရဲ့အဝင် လမ်းနံဘေးလူပြတ်တဲ့ နေရာမှာ ဆိုင်ကယ်တစ်စီးကို ရက်ရက်စက်စက် လုယက်လိုက်ကြတယ်။ သူတို့ ပြန်အထွက်လမ်းမှာ ဘေးမသီရန်မခစေဖို့ ဆိုင်ကယ်ပိုင်ရှင်ရဲ့ အသက်ကို အရင်ဆုံးလုယက်လိုက်ကြတာပါ။ စီးတော်ယာဉ် လက်ထဲရောက်လာတော့ လူစည်ကားရာ မြင်ကွင်းကြီးထဲ သူတို့ရဲကြပြီလေ။ စီးတော်ယာဉ်နဲ့သေနတ်နဲ့။ တော်တန်ရုံ ဘယ်သူကပ်ရဲပါ့မလဲ။သူတို့ဟာ ဝင်ပေါက်တင်မက ထွက်ပေါက်ကိုပါ စဉ်းစားထားကြပုံပါပဲ။သတ်ဖြတ်မယ်။လုယက်မယ်။ပြီးတဲ့အခါ နောက်ကြောင်းအေးအေး ရှိနိုင်ဖို့ ဆိုင်ကယ်ကို အရင်ဆုံး ဖန်တီးထားကြတယ်။ဘယ်လိုနမူနာမျိုးကို ယူခဲ့ကြသလဲဆိုတာကိုတော့ သူတို့ပဲ သိမှာပေါ့။နမူနာမျိုးလို့...ဆိုမိတာက ကိုယ်တိုင်လည်း နမူနာယူမိတာမျိုးလေးတွေ ရှိခဲ့လို့ပါလေ။

(သုံး)
ငှက်ကလေးတွေကို ပစ်ချင်ခတ်ချင်စိတ် ပျောက်သွားပေမဲ့ သက်မဲ့အရာတွေတော့ ပစ်ချင်ခတ်ချင်နေတုန်းပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ လေသေနတ်တလက် ပိုင်ဆိုင်ရဖို့အရေးဟာ အတွေးထဲမှာပါပဲ။ နံပါတ်ဝမ်းက ပြင်းအားနည်းတယ်။နံပါတ်တူးက ပြင်းအားကောင်းတယ်တဲ့။ တရုပ်ပြည်နဲ့နီးတော့ အဲ့ဘက်က လေသေနတ်လေးတွေ ဝင်လာတတ်တယ်။တချို့လေသေနတ်လေးတွေဆို ဒင်ကို ခေါက်ချိုးလို့ရတယ်။လေသေနတ်ကို လီဗိုင်းဂျင်းပင်န် ရူးတုန်းကလိုပဲ အိပ်မက်ထဲတောင် ထည့်မက်ခဲ့ရတယ်။

ကိုယ်ပိုင်မရှိပေမဲ့ ခဏတော့ ငှားပစ်ခဲ့ဖူးတယ်။ဘေးဆွဲလေသေနတ်ဆိုရင် ကျည်ထိုးရမှာ မဝံ့မရဲကြီး။လက်ညှပ်သွားတဲ့လူတယောက်ကို ကျွန်တော်မြင်ဖူးထားတော့ အောက်ချိုးကိုပဲ စိတ်ချလက်ချ ကျည်ထိုးမိတယ်။ပြီးတော့ အုန်းသီးစိမ်းတလုံးကို ချိန်ပြီး ပစ်ထဲ့လိုက်တယ်။ မှန်တယ်လို့ ထင်ရပါတယ် အုန်းရည်တွေ ကျလာခဲ့တယ်။အခိုင်လိုက်ရှိနေတဲ့ အုန်းသီးတွေအထဲက ပေါက်သွားတဲ့ အုန်းသီးဟာ ကျွန်တော် ချိန်ပစ်လိုက်တဲ့ အုန်းသီးလို့ ကိုယ့်စိတ်ကိုယ်လှည့်စားရတာလည်း အရသာတမျိုးရှိပါတယ်။

လေသေနတ်တလက်ကို အရူးအမူးတပ်မက်နေချိန်မှာ မြို့ပြကို ကျွန်တော်ရောက်သွားခဲ့တယ်။မြို့ပြရောက်တော့ ငှက်ပစ်နေသူတွ ကျွန်တော်မတွေ့ရတော့ပါဘူး။ အိမ်နားက အားကစားကွင်းကြီးထဲမှာ လေသေနတ်ပစ်တဲ့ရုံ ရှိနေပေမဲ့ အဲဒီဘက်လည်း မလှည့်နိုင်တော့ပါဘူး။မနက်စောစောထ ၊ ကျောင်းကိုသွား၊ကျောင်းဆင်းတော့အိမ်ကိုပြန်၊ထမင်းစား၊ကျူရှင်သွား။ ကျူရှင်ကအပြန် ဟိုင်းလတ်ကားကျပ်ကျပ်ကို တွယ်စီး၊အိမ်ပြန်ရောက်တော့ ရေချိုးထမင်းစား ၊စာတွေကျက်။ စိုစိုစွတ်စွတ် မိုးနေ့ရက်တွေထဲမှာ နေသားကျမလို ရှိလာခဲ့ပြီ။ တိုရှီဘာတီဗီအဟောင်းကြီးရယ် ဟီတာချီရေခဲသေတ္တာကြီးရယ် စီ၆၀ထဲက ထူးအိမ်သင်ရဲ့ နာရီပေါ်က မျက်ရည်စက်များ၊ မောင်ပန်းမွှေးရဲ့ ကဗျာတချို့နဲ့ ဥက္ကလာပနှစ်ပါတ်လည်မဂ္ဂဇင်းဟာ နေ့စဉ် ပတ်သက်နေရတာတွေထဲ ပါဝင်ပါတယ်။ ညအိပ်ကာနီးပြီဆို နေရှယ်နယ်ပန်နာဆိုးနစ် ဖိုက်ဖိုးဝမ်းဇီးရိုး ရေဒီယိုကက်ဆက်လေးနဲ့ သူပန်ထားတဲ့ပန်းနီနီ ကို တိုးတိုးလေး။အဲသလို နေ့ရက်တွေများလာတော့ လေသေနတ်ဟာ ခေါင်းထဲက ပျောက်သွားခဲ့တယ်။

တောင်ဥက္ကလာပရဲ့ လကမ္ဘာလိုချိုင့်ဝှမ်းရှိတဲ့ သံသုမာလမ်းနံဘေးမှာ တွေ့နေကြနဲ့ မြင်နေကြ (ဆုံနေကြလည်းဖြစ်နိုင်) လက်ဖက်ရည်ဆိုင်ကလေး နှစ်ဆိုင် ရှိခဲ့ဖူးတယ်။ အဲဒီဆိုင်ကလေးတွေမှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို ငေးရတာ အရသာရှိတဲ့ နှစ်တွေ ရှိခဲ့ဖူးတယ်။ ကျေးတမာ၊ ရွှေပြည်စိုး၊ ဇီဝစိုး လမ်းသွယ်လေးတွေထဲက ညနေလေညှင်းခံထွက်လာသူတွေထဲ ဘယ်သူများပါမလဲ ငေးရီဖူးခဲ့တယ်။

မိုးရွာလိုက်၊တိတ်သွားလိုက် နေ့တချို့မှာ ဂျီသရီး၊ ဂျီဖိုး သေနတ်သံဟာ တိတ်သွားလိုက် ထွက်လာလိုက် ။အဲသည်နောက်တော့ တွေ့နေကြလူတချို့ကို ပြန်မတွေ့ဖြစ်တော့ဘူး။ မြင်နေကြ(ဆုံနေကြ) လူတချို့ကိုလည်း မမြင်ရတော့ပါဘူး။ သေနတ်သံတွေ ဝေဝေစည်စည်ကြားထဲမှာ သေနတ်ပစ်ချင်စိတ် ပြန်ပေါ်လာသေးတယ်။
လေသေနတ်ကို စိတ်ကူးယဉ်ဖူးသူအဖို့ အဆန်းတော့ မဟုတ်ခဲ့ပါဘူး။

(လေး)

နှစ်တွေတောင် အတော်ကြာခဲ့ပြီပဲ။ ကိုင်ဇာရဲ့ "ကော်ဖီဆိုင်မှာ လူတချို့ဟာ.... "သီချင်းကို ထီသည်ဆီကနေကြားတိုင်း ငူငှက် ကလေးတွေကို စိတ်နဲ့တောင် မပြစ်မှားမိတော့ပါဘူး။

ဇာတ်လမ်းအစမှာပါတဲ့ ဓားပြကြီးတွေက တကယ့်အစစ်ကြီးတွေပါပဲ။

အဖေ့စကား ပြန်ကြားမိတယ်။"ဝဲလ် ထရိန်း"တဲ့။

ကျွန်တော်က လူတွေကို ငူတွေလို မနေစေချင်ဘူး။ ။

ကျော်ကျော် (မြရည်စမ်း)