မောင်လူမွှေး - အိမ်ပြန် စားစရာ လက်ဆောင်
မောင်လူမွှေး - အိမ်ပြန် စားစရာ လက်ဆောင်
မိုးမခ ၊ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆
"ကျနော် အိမ်ကိုပြန်ရင် သမီးက ဖေဖေ ဘာစားစရာ ဝယ်ခဲ့လဲ ဆိုပြီး မေးလေ့ရှိတယ်။ ကျနော်က အိမ်က ထွက်ထွက်လာတာ ပိုက်ဆံရှာဖို့မှ မဟုတ်တာ။ ဖြေရ တော်တော်ခက်တယ်။ ဝယ်လည်း ဝယ်မသွားနိုင်ဘူး" လို့ မောင်လူမွှေးနဲ့ ရင်းနှီးတဲ့ ကိုခေါင်းဖြူက ပြောပါတယ်။
ကိုခေါင်းဖြူတို့မိသားစုဟာ စစ်ဘေးရှောင်နေကြရပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ၊ ကိုယ့်ဒေသအရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်နေကြတဲ့ မိသားစုဖြစ်တယ်။ စားဝတ်နေရေးအတွက် အမျိုးသမီးဖြစ်သူက နေ့စားအငှားလိုက်ပြီး ကိုခေါင်းဖြူကတော့ တော်လှန်ရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်နေသူ ဖြစ်တယ်။
"ကျနော်က ခြေထောက်အေးရင် မရဘူး ဆရာ။ ဗိုက်တွေပါ နာတော့တာ။ ခြေစွပ်က မရှိတော့ ခဏခဏ နေမကောင်းဖြစ်တယ်" လို့ မောင်လူမွှေးနှင့်အတူ တောထဲမှာ မီးလှုံနေရင်း သူက ပြောပါတယ်။ နောက်တစ်နေ့မှာ မောင်လူမွှေး သူ့အတွက် ရွာထဲကနေ ခြေစွပ်တစ်စုံဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ညနေမိုးချုပ်ကနေ နောက်တစ်နေ့ မနက် နေသာတဲ့အထိ သူဟာ ခြေစွပ်ကို စွပ်ထားပါတယ်။ မောင်လူမွှေးလည်း သူ့လိုပဲ ခြေစွပ်ကို စွပ်ထားရသူ ဖြစ်တယ်။ ခြေအေးခဲ့ရင် ခေါင်းတွေမူးပြီး ဗိုက်လည်းအောင့်တတ်ပါတယ်။
"ဆရာ့ဖို့ အိမ်ပြန်လက်ဆောင် ပလိုင်းလေး ရက်ပေးလိုက်ရဦးမလား" တဲ့။ သူတို့ဆီကနေ ပြန်ရမဲ့ ခရီးက ဝေးသေးတယ်။ ပြီးတော့ အိမ်မှာလည်း ပလိုင်းကောင်းကောင်းတစ်လုံး လက်ဆောင်ရထားတာ ရှိတယ်။ မောင်လူမွှေး ငြင်းလိုက်တယ်။
"ကျနော် အခုလိုတွေ လုပ်ပေးနေရတာ ပျော်တယ်။ ဆရာတို့လို လူမျိုးတွေနဲ့ ရင်းနှီးရတာ ဝမ်းသာတယ်" လို့ အတူအိပ်ရာဝင်ကြရင်း အိပ်မပျော်ကြခင်မှာ ကိုခေါင်းဖြူက ပြောတယ်။ မောင်လူမွှေးသွားရောက်ပို့ ချခဲ့ရတဲ့ လူငယ်ရေးရာသင်တန်းသုံးခုလုံးမှာ သူဟာ အမာခံ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ အားလုံးအတွက် စားရေး၊ သောက်ရေး၊ နေထိုင်ရေးကအစ အပေါ့အပါးသွားစရာ အဆုံး သင်တန်းတစ်ခုလုံးအတွက် ဟာကွက်မရှိအောင် စီမံပေးနိုင်သူ ဖြစ်တယ်။
မောင်လူမွှေး ပြန်မယ့်ရက်မတိုင်ခင်မှာ ကိုခေါင်းဖြူတစ်ယောက် သူ စစ်ရှောင်နေရတဲ့ ရွာကို ပြန်သွားတယ်။ ရွာက တံတားဆောက်လုပ်ရေးမှာ နှစ်ရက်လောက် သွားကူရမှာလို့ ဆိုတယ်။ တံတားဆောက်ကူပြီးရင် သူ တောထဲကို ပြန်တက်လာမယ်လို့ ဆိုတယ်။ သူ ပြန်သွားပြီး နောက်တစ်နေ့ မောင်လူမွှေးလည်း တောထဲကနေ ပြန်လာခဲ့တယ်။ မောင်လူမွှေး လမ်းမှားမှာစိုးလို့ လိုက်ပို့တဲ့ ပုဂ္ဂိုလ်က "ဆရာ ခေါင်းဖြူတို့ဆီ ဝင်ဦးမလား" လို့ မေးတော့ လိုလိုချင်ချင်ပဲ သဘောတူခဲ့တယ်။ ပြီးတော့ ကိုခေါင်းဖြူရဲ့ သမီးကို သတိရသွားတယ်။ ဒါပေမယ့် လမ်းမှာ စားစရာ လက်ဆောင်ဝယ်ရအောင် စျေးဆိုင်တွေ မရှိဘူး။ ကိုခေါင်းဖြူတို့ဆီရောက်မှ သူ့သမီးအတွက် မုန့်ဖိုးပဲ ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုခေါင်းဖြူတို့ဆီရောက်တော့ သူတို့နေရာဟာ စစ်ရှောင်တွေ စုနေကြတဲ့ နေရာလေးဖြစ်တာကို တွေ့ရတယ်။ ကိုခေါင်းဖြူက တံတားကိစ္စအတွက် အနားက တောကို သွားတယ်ဆိုလို့ သူရောက်လာအောင် ခဏစောင့်ရသေးတယ်။ ကိုခေါင်းဖြူ ရောက်လာတော့ စစ်ရှောင်စခန်းလေးက လူတွေ စုပေးပြီး မောင်လူမွှေးကို စကားပြောစေတယ်။ သူတို့ဘဝတွေကို စာနာကြောင်း၊ အားငယ်စရာမလိုကြောင်း ပြောတော့ စစ်ရှောင်က သက်ကြီးရွယ်အိုတွေရဲ့ မျက်နှာမှာ အပြုံးလေးတွေပေါ်လာကြတယ်။ မောင်လူမွှေးကို လိုက်ပို့တဲ့ ပုဂ္ဂိုလ်က ပီတိဖြစ်စရာ အခိုက်အတန့်လို့ မောင်လူမွှေးကို မှတ်ချက်ပေးတယ်။
မောင်လူမွှေး ကိုခေါင်းဖြူတို့ နေရာလေးကို ရောက်တဲ့အချိန်မှာ ကလေးတွေ တစ်ယောက်မှမရှိဘူး။ ကျောင်းသွားနေကြတယ်တဲ့။ မောင်လူမွှေး စိတ်ထဲမှာ ကိုခေါင်းဖြူကို သူ့သမီးအတွက် မုန့်ဝယ်ပေးလိုက်ဖို့ ပိုက်ဆံလေး ပေးထားခဲ့ချင်ပေမယ့် အများကြားမှာ တစ်ယောက်ထဲကို သီးသန့်ပေးသလို ဖြစ်နေမှာကြောင့် မပေးဖြစ်ခဲ့ပါဘူး။ တောထဲကနေ သူ ပြန်တုန်းက ပေးလိုက်ရင်အကောင်းသားလို့ အောက်မေ့မိပြန်တယ်။
ကိုခေါင်းဖြူတို့ဆီကနေ ထွက်လာပြီးနောက် လမ်းခွဲအရောက်မှာ မောင်လူမွှေးတစ်ယောက်တည်း ဆိုင်ကယ်စီးပြီး ပြန်ခဲ့ပါတယ်။ ဈေးဆိုင်တန်းတွေရှိတဲ့ လမ်းမကြီးဘေးတစ်နေရာရောက်တော့ ဖုန်းကိုထုတ်ပြီး ပြန်လာခဲ့ပြီဖြစ်ကြောင်း မစ်(စ)မွှေးဆီကို ဖုန်းဆက်တယ်။ "စားစရာ လက်ဆောင်ဝယ်ခဲ့" လို့ မစ်(စ) မွှေးက ဖုန်းထဲက မှာတယ်။ ဈေးထောင်ဂဏန်းသာရှိတဲ့ မုန့်ထုပ်တစ်ထုပ် မစ်(စ)မွှေးအတွက် ဝယ်လိုက်တယ်။ မုန့်ထုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း "ဖေဖေ ဘာစားစရာဝယ်ခဲ့လဲ" ဆိုတဲ့ ကိုခေါင်းဖြူ သမီးလေးရဲ့အသံကို စိတ်ထဲမှာ ကြားယောင်နေမိခဲ့ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar