မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၅ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၁နယ်မြို့တွေမှာလည်း သတင်းသမားတချို့ကို အာဏာသိမ်းပြီးနောက်ပိုင်း နောက်ယောင်ခံလိုက် စောင့်ကြည့်တာတွေ ၊သိသိသာသာ ဆက်သွယ်ပြီး သူတို့စောင့်ကြည့်ကြောင်း သိအောင် အသိပေးတာမျိုးတွေ လုပ်ဆောင်တာတွေရှိနေတယ်။ စစ်အာဏာသိမ်း အစိုးရက သတင်းမီဒီယာ အပေါ်ဘယ်လောက်ထိ ကန့်သတ်မယ် ဖိနှိပ်မယ်တော့ လောလောဆယ် မခန့်မှန်းနိုင်သေးပေမယ့် လတ်တလောမှာ ခြိမ်းခြောက်တဲ့ လက္ခဏာတွေတော့ တွေ့နေရပြီလို့ ပြည်တွင်းက သတင်းသမားတွေက ဆိုကြတယ်။
စင်ကာပူက ပုလိပ်မှာစာရင်းပေါက်တဲ့ မြန်မာတက်ကြွလှုပ်ရှားသူတွေကို CID က လာရောက် မေးမြန်းမှုတွေ လုပ်နေပါတယ်။ အဓိကအကြောင်းပြချက်ကတော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ လုပ်ကြံဖန်တီးမှုတွေမှာ မပတ်သက်ဖို့ ဖြစ်ပါတယ်။ စင်ကာပူမှာက ဖေ့စ်ဘွတ်ပေါ်တင်တာနဲ့ ပတ်သက်ပြီး အထူးကြပ်မတ်တဲ့ ဥပဒေရှိပါတယ်။ ကိုယ်ရေးတဲ့ ပို့စ်ကြောင့် မကျေနပ်လို့ အရေးယူနိုင်သလို သူများပို်စ်ကို ရှယ်မိရင် အစိုးရက မကျေနပ်ပါကအရေးယူလို့ရပါတယ်။ စင်ကာပူရဲတွေက အိမ်အထိလာရောက်ပြီး ဖုန်း ကွန်ပြူတာတွေကို ပိုင်ရှင်ခွင့်ပြုချက်တောင်းပြီး ဖွင့် စစ်သွားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ရုံးတွေ ကျောင်းတွေ လုပ်ငန်းတွေကနေ ဝန်ထမ်း ကျောင်းသား ဆရာတွေဟာ ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန် သူနာပြုတွေလို အဆောက်အဦတွေကနေ ထွက်လာပြီး စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း လူစုလူဝေးနဲ့ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။ သူတို့ ပို့စ်တွေကို သတင်းမီဒီယာတွေက အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေကြပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ရန်ကုန်ပင်မတက္ကသိုလ်က ဆရာ ဆရာမတွေ စုဝေးပြီး ဆန္ဒထုတ်ဖော်ကြတာကို တွေ့ရပါတယ်။
ညစဉ် သံပုံးတီး ကန့်ကွက်ကြတာကို လုံခြုံရေးတွေ လိုက်လံဖမ်းဆီးတာ ချုပ်နှောင်ထားတာတွေ ကျုးလွန်နေတယ်လို့ ပြည်သူတွေက ပြောကြားပါတယ်။ လူညီညီနဲ့ ဝိုင်းကန့်ကွက်ကြရင် ရဲတွေက အလျော့ပေးတယ်ဆိုပေမယ့် လူတွေကို ခွဲခြားပြီး လိုက်လံ ဖမ်းဆီးတာ အနိုင်ကျင့်ချုပ်နှောင်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ သို့ပေမယ့် လူထုကတော့ နောက်ဆုတ်မယ့် ပုံ မဟုတ်ပါဘူး။
မနေ့က နေပြည်တော် စည်ပင်ရိပ်သာက ၂၀၂၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၀ ကျော်က ၂၀၂၀ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းကြောင်း ကြေညာပြီး ဖြစ်ပါတယ်။ နေအိမ်ပြန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဝေးရောက်စည်းဝေးပြီး ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။ နေအိမ်ပြန်သွားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး သူတို့လွတ်လွတ်လပ်လပ် ဆောင်ရွက် ဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုး ရှိအောင် ဒေသခံပြည်သူတွေက ဝန်းရံပေးကြလိမ့်မယ် ထင်တယ်လို့လည်း အချို့က မှတ်ချက်ပေးပါတယ်။
Civil Disobedience Movement - #CDM ဟာ အရှိန်ရနေပြီး အဲသည်သပိတ်မှောက် ဝန်ထမ်းတွေ ပြည်သူတွေအတွက် အားပေးကူညီဖို့ ရန်ပုံငွေတွေ အလှူငွေတွေကို ကိုယ်ထူကိုယ်ထ စုဆောင်း ပြင်ဆင်နေကြတာကိုလည်း ပြည်တွင်း ပြည်ပမှာ တွေ့ကြရပါတယ်။ COVID 19 ကာလကတည်းက အကြပ်အတည်း အခက်အခဲတွေနဲ့ နေသား ကျင့်သားရနေတဲ့ ပြည်သူတွေအတွက် အခု #CDM ကာလမှာလည်း ခံနိုင်ရည်ရှိရှိ ဆောင်ရွက်နိုင်ကြမယ်လို့ ယုံကြည်ကြပါတယ်။
ယနေ့မှာတော့ ၈၈ မျိုးဆက်တွေ ရွှေဝါရောင်မျိုးဆက်တွေ ကျောင်းသား လူငယ် သမဂ္ဂ တပ်ပေါင်းစုံက ချိတ်ဆက် စုဝေးပြီး အကြမ်းမဖက်သော ကန့်ကွက်ဆနပြပွဲတွေ ရန်ကုန်မြို့အနှံ့ လုပ်ဆောင်သွားကြမယ်လို့ ကြေညာချက်တွေ ထွက်လာပါတယ်။ နည်းလမ်းမျိုးစုံနဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်ကြပါ၊ သပိတ်မှောက်ကြပါ၊ အစိုးရယန္တယား ရပ်ဆိုင်းသွားအောင် ပြည်သူ ကျောင်းသား ဝန်ထမ်း အလုပ်သမား လယ်သမား ပေါင်းစုံက ထောင်စုံ နေရာစုံက ဆင်နွဲကြပါလို့လဲ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက မင်းကိုနိုင်နဲ့ ဂျင်မီတို့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ အကျီ အနီရောင်တွေ ဝတ်ဆင်ကြဖို့လည်း တိုက်တွန်းနှိုးဆော်သူတွေက နှိုးဆော်ကြပါတယ်။
စစ်အာဏာသိမ်းအစိုးရကတော့ ဆန္ဒထုတ်ဖော်မှုများကို နှိမ်နင်းဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာပါတယ်။ စစ်အစိုးရ ညွှန်ကြားချက်တွေ ဟူသမျှကလည်း သူတို့အတွင်းလူတွေက ပြည်သူတွေသိရအောင် ထုတ်ဖော်သတင်းပေးနေကြလို့ လျို့ဝှက်စာတွေ မဟုတ်တော့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းမှု အပေးအယူတွေ လုပ်နေတယ်၊ အတော်များများကတော့ အခုအချိန်ကာလအတွင်းမှာ မည်သည့်သဘောတူညီချက် အပေးအယူ မလုပ်နိုင်ဘူးလို့ တုန့်ပြန်ကြပါတယ်။ ရခိုင်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ကလည်း အခုချိန်မှာ အပစ်အခတ်ရပ်စဲထားတာမို့ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ NLDအစိုးရလက်ထက်က အတိုက်အခံ ရခိုင်နိုင်ငံရေးသမားတွေနဲ့လည်း မြန်မာစစ်တပ်က အပေးအယူတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ လက်ခံသူတွေ ရှိသလို လက်မခံသူတွေလည်း ရှိပါတယ်။ စစ်အာဏာရှင်တွေနဲ့ အပေးအယူ လုပ်ကြသူတိုင်း အဖွဲ့တိုင်းအတွက်ကတော့ သမိုင်းမှာ နာမည်ဆိုးပဲ ကျန်ရစ်တာကို သင်ခန်းစာယူနိုင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအကြိုနဲ့ အလွန်ကာလတွေတုန်းက ဖေစ်ဘွတ်ပေါ်မှာ နီပေါတွေ မျိုးချစ်တွေရဲ့ လူပြိန်းအစွန်းရောက် စကားစစ်ထိုးတာတွေ ဆဲကြဆိုကြတာတွေဟာ အခု တကယ်နိုင်ငံရေးအကြပ်အတည်းကာလမှာ လုံး၀နီးပါး ပျောက်ကွယ်သွားပါတယ်။ အခုအချိန်မှာ မြန်မာပြည်သူလူထုတရပ်လုံး၏ စစ်အာဏာရှင်ဆန့်ကျင် ချေမှုန်းရေး စိတ်ဓာတ်များ ပြင်းထန်နေတာကို တွေ့ရပါတယ်။ ဘယ်အချိန်လောက်မှာ လုပ်ကြံသတင်းတွေ အမုန်းစကားတွေ သွေးခွဲ သပ်လျိုတာတွေ ဖြိုခွဲတာတွေ အဖျက်အမှောင့်တေွ လုပ်ဆောင်လာမလဲဆိုတာကို စောင့်ကြည့် သတိထားရပါမယ်။
(မိုးမခမီဒီယာ)