Breaking News

သုထက်ညွန့် - သမ္မတရူးကြီးကာပုရဲ့‌ကျဆုံးခန်း



သုထက်ညွန့် - သမ္မတရူးကြီးကာပုရဲ့‌ကျဆုံးခန်း

မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၁
 
ငယ်ငယ်က အရပ်ဇာတ်တခုအကြောင်းသတိရမိတယ်။ အရပ်ထဲမှာ ဘုရားပွဲအတွက် ဇာတ်ပွဲထည့်ဖို့ကလည်း ရွာကမွဲတော့ မြို့တက်ပြီး ဇာတ်ပွဲမငှားနိုင်ဘူး။ ဒီတော့ အရပ်ဇာတ်နဲ့ပဲ ဘုရားပွဲစည်ကားအောင်လုပ်ကြရမှာကိုး။ ဇာတ်ဆရာဦးစိန်ကလည်း ဇာတ်စာတွေရေးပြီး ဇာတ်ကမယ့်သူတွေကို အကျက်ခိုင်းကြရတော့တာပေါ့။


အဲ့ဒီမှာပြဿနာဖြစ်တော့တာပဲဗျို့။ အရပ်ထဲမှာ သောက်စားမူးယစ်ပြီး လူမိုက်လုပ်နေတဲ့ ဒေါ်ကာနဲ့မောင်ပုရဲ့ သား ‘ကာပု’က သူသာဘုရင်လုပ်မယ်ဆိုပြီး ဆရာစိန်ကိုရန်ရှာတော့တာပေါ့။ ခက်နေတာက မောင်ကာပုက ဇာတ် စာလည်းမဖတ်တတ်။ ဉာဏ်ကလည်းမရှိတော့ မိုက်ကြေးခွဲဖို့ မဲလုံးကို စည်းရုံးရတော့တာပေါ့။ မဲလုံးဆိုတာက ဒေါ်မဲတူနဲ့ မောင်လုံးတို့ကမွေးထားတဲ့ ရွာလူမိုက်ပါပဲ။

မဲလုံးကလည်း သူ့ဆရာအလိုကျ ကိုကြက်ဆူတို့အဖွဲ့နဲ့တိုင်ပင်ရတော့တာပေါ့။ ကိုကြက်ဆူတို့အဖွဲ့ဆိုတာက ရွာထဲအခုလို ဆူဆူညံညံအသံကြားရင်တအိမ်အိမ်ကကြက်တော့ပျောက်ပြီသာမှတ်။ဒါကြောင့်သူတို့အဖွဲ့ကို ကြက် သူခိုးအဖွဲ့လို့တိုက်မပြောရဲကြတော့ ‘ကြက်ဆူ’အဖွဲ့လို့ပဲခေါ်ကြတာ။ ဒါအပြင် သစ္စာဖောက်လောက်ကောင် တင် မောင်ပွေအဖွဲ့နဲ့အော့ကြောလန်သိန်ညံ့၊ မန်းငြိမ်းကြောင်တို့နဲ့တို့ပါတဲ့ ‘လူဆိုးတွေနဲ့မောင်တိုင်ပင်”ရပြီပေါ့။

ကာပုနဲ့မဲလုံးက လုမိုက်လို့သာပြောကြတာ တကယ်မိုက်ရဲတာတော့မဟုတ်ဘူးဗျ။ ပြောရအုံးမယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရွာကို ဓမြလာတိုက်တော့ ရွာကလူတွေက သူတို့ကို လူမိုက်ဆိုပြီးအားကိုးအားထားနဲ့ ဓပြကို ခံချဖို့ ပြောတော့‘အင်း ချဖို့အတွက် ‘ကြက်ဆူ’တို့နဲ့တိုင်ပင်အုံးမယ်’ဆိုပြီးရွာထဲကကြက်ခိုးပြီး ဓပြကိုလက်ထောက် ချတဲ့ ငညွန့်ကို ကြက်စွပ်ပြုတ်တိုက်ပြီး တောင်းပန်သတဲ့။

ဒီလိုတော့မဖြစ်ချေဘူးဆိုပြီး ရွာက ကာလသားတွေက သံပုန်းတီးသူကတီး လေးနဲ့ပစ်သူကပစ်တော့မှ ဓပြတွေ ထွက်ပြေးတော့တာပေါ့။ ဒါတောင် ငပုနဲ့မဲလုံးတို့ဆရာတပည့်က သူတို့ပဲဦးဆောင်တိုက်သလိုလို ရွာစဉ်လျောက် ပြီး ကြွားနေသေးတယ်။ ရွာကတော့တကယ်မမိုက်ရဲမှန်းတော့သိပေမယ့် အုပ်စုတောင့်တော့ နည်းနည်းရှိန်ကြ ဟန် ပါပဲ။ ဒါကကာပုတို့အကြောင်းတပိုင်းတစပါ။

အဲ့လိုနဲ့ပွဲတော်ရက်နီးလာတော့ ဇာတ်စာကလည်းမကျက်နိုင်။ ဘုရင်ကလည်းလုပ်ချင်။ ဆရာစိန်ကလည်း ဇာတ်စာတွေကို သက်ဆိုင်သူဆီပေးပြီးပြီတော့ ကာပုနဲ့ငမဲလုံးတို့နှစ်ယောက်က ကြက်ဆူတို့အုပ်စုနဲ့ပေါင်းပြီး ပွဲ ဖျက်ဖို့လုပ်တော့တာပေါ့။ ဇာတ်ပွဲမှာတရွာလုံး တနယ်လုံးက လာကြည့်ကြမှာ။

ဇာတ်စင်ပေါ်မှာ ကတ္တီပါအနီရောင်ပြည်ဖုံးကားကြီးကလည်း ခန့်ခန့်ညားညားကြီးချထားတယ်။ ပြည်ဖုံးကား နောက်ဖက်မှာတော့ သီဟသေနာပတိပလ္လင်အတုကြီးကလည်းရှိနေတယ်။ ရုတ်တရက်ဆိုသလို မူးရူးနေတဲ့ကာပု ဟာ ဇာတ်စင်ပေါ်တက်လာပြီးပလ္လင်ကိုလည်းမြင်ရော ဘေးပတ်လည်လှည့်ကြည့်လိုက်။လက်နဲ့ကိုင်ကြည့်လိုက် တဟားဟားရယ်လိုက်။ ‘ငါဘုရင်ဖြစ်ပြီကွ’ပြောလိုက်။ နန်းကြည့်လိုက်။ကိုက်ကြည့်လို့က်။လျှာနဲ့ရက်ကြည့်လိုက် နဲ့ ဂဏှာမငြိမ်ဖြစ်နေပုံက ‘မျောက်လန်ကျောက် ခွေးလျားသီးတို့ထားသလို’ပါပဲ။

သူ့နောက်ပါလုပ်မယ့် သစ္စာဖောက်တင်မောင်ပွေနဲ့အော့ကြောလံသိန်းညံ့၊မန်းငြိမ်းကြောင်တို့ကလည်း ‘ကာပု’ ပလ္လင်ပေါ်တက်ထိုင်လိုက်တာနဲ့ လက်အုပ်ချီဦးခိုက်နေကြတယ်။ အာဏာရူးမူးနေပုံများပြောပါတယ်။ ‘ကာပု’က လည်း ပလ္လင်ပေါ်ထိုင်မိတာနဲ့ အာလုပ်သံထည့်ပြီး…

“ငါ၏ထံပါးမြဲခစားတဲ့ ၃၇ပါးနံပိန် မတ်ကလိမ်တို့”လို့ အာလုပ်စကားနဲ့စလိုက်တယ်။ အောက်မှာ ကြမ်းပြင် ကို ဦးခိုက်ခစားနေတဲ့အမတ်တုထဲအသက်ကြီးကြီး အော့ကြောလန်ကမျက်စပစ်လိုက်တာနဲ့ အမတ်တုအားလုံးက တ ပြိုင်တည်း “ဘုရား”ထူးသံကြီးက အော်စပီကာကနေထွက်ပေါ်လာတယ်။ ပွဲကြည့်ပရိတ်သတ်ကလည်း ဇာတ်ပွဲ တောင်မစရသေးပဲ ဘာသံကြီးထွက်လာပါလိမ့်လို့ တယောက်မျက်နှာတယောက်ကြည့်ပြီးစူးစမ်းနေချိန် ‘ကာပု’က ဘုရား’ထူးသံလည်းကြားရော အားတက်ပြီးဆက်ပြောလိုက်တာက

“ပလ္လင်ပေါ်တက် ဖင်တချက်စီ ခံစေဗျာ”တဲ့။ ကြားရတဲ့ပရိတ်သတ်ကတော့ သာဝဘုရင်မလပ်တော့ပဲ လူပျက် ဝင်လုပ်နေတယ်ထင်ပြီး ‘တန်ရာတန်ရာပေါ့’ဆိုပြီး တဝါးဝါးနဲ့ပေါ့။ ကားလိပ်နောက်ကွယ်မှာတော့ အော့ကြော လန်သိန်းညံ့၊သစ္စာဖေါက်တင်မောင်ပွေနဲ့မန်းငြိမ်းကြောင် တို့ တယောက်မျက်နှာတယောက်ကြည့်ရင်းထိတ်လန့် နေကြတယ်။ ‘ကာပု’က “မလုပ်ရဲတာမရှိဘူး” လို့ပြောထား လေတော့ တကယ်လုပ်မှာကြောက်ပြီး စအိုတွေလည်း ကျုံ့သွားကြဆိုပဲ။ အဲ့ဒီအချိန်မှာ ကြက်သူခို့မဲလုံးက ကားလိပ်ရှေ့ထွက်လာပြီး

“အင်း…မထိုင်ပဲနဲ့လျှောက်။ တစ်တိုင်ခွဲလောက်ရောက်ပကိုးဗျ။ မျောက်ထီး’နှစ်ကောင် ‘ဖင်ချင်ပူး’တော့ အင် ကြင်းဖူးချိန်ရောက်ပေါ့။ တပေါင်၊စနည်း၊အတိတ်၊နိမိတ်တွေအရကောက်တော့ “မျောက်ထီးနှစ်ကောင်ဖင်ချင်းပူး” နေတာကြောင့် “ဘာမဆိုမလုပ်ရဲတာမရှိ”တဲ့ သာဝကတော့ အော့ကြောလန်သစ္စာဖေါက်တို့ကို ဖင်ချနေလေရော့ သလားမသိ။”

“အေးလေ ‘ပြောဆိုညာသံပေးနေရုံနဲ့မပြီးဘူး။လက်တွေ့လည်းလုပ်ပြရအုံးမှ တော်တော့မကိုး’။ ကဲကဲ တပွဲစား နှစ်ပွဲစားတွေ ပဲများမနေနဲ့။ ကိုင်း..ကဲလားဖွင့်”ဆိုတဲ့စကားအဆုံး ကာလိပ်လည်း ဖြေးဖြေးပွင့်အလာ ဘုရင်ရူးကြီး ‘ကာပု’အနားမှာ ဆံပင်ဖရိုဖရဲနဲ့ ကုန်းကုန်းကွကွလုပ်နေတဲ့ ‘မယ်သွက်သွက်ခါ’ကိုလည်း မြင်လိုက်တော့ …

“ဟယ်ပရိတ်သတ်ကို စော်ကားနေကြပြီ ဂဲနဲ့ထုကြ။ မောင်းထုတ်ကြဟေ့”လို့ ပြောသံနဲ့အတူ ခဲ,အုတ်၊ ကျောက်၊ ပေါင်းဖူးရိုး၊ဆေးလိပ်တိုတွေနဲ့ပစ်ပေါက်၊ဒန်အိုးတွေတီးသူကတီးနဲ့ပရိတ်သတ်ဒေါသပေါက်ကွဲလိုက်ကြတာ တခါ တည်း သာဝတို့လူစု ပလ္လင်ပေါ်ကသာမက ဇာတ်စင်ပေါ်ကပါဆင်းလို့ ထွက်ပြေးသွားလိုက်ကြပါလေရော။ ဒီနေ့အ ထိရွာမှာပေါ်မလာရဲဘူး။ ဒီတော့မှ အရပ်ဇာတ်ဇာတ်ကိုပြန်ကလို့ ရတော့တယ်။

ပရိတ်သတ်ကြီးရေ…။ အဲ့ဒါ ကျုပ်တို့အညာက အရပ်ဇာတ်အကြောင်း ဖြစ်ရပ်မှန်လေးပါပဲ။ တခုပဲ ချစ်ပရိတ် သတ်ကြီးကို တောင်းပန်ချင်တာက အရပ်ဇာတ်နဲ့ ဇာတ်စကားဖြစ်တာကြောင့် ရိုင်းစိုင်းတဲ့စကားလေးတွေပါနေ ပါတယ်။ ဇာတ်ကောင်နဲ့လိုက်ဖက်မယ့် ဝေါဟာရအသုံးတွေကြောင့် စိတ်အနှောင့်အရှက်ဖြစ်ခဲ့ရင် “ထိခြင်းငါးဖြာ နဲ့ မိနှယ်၊ဖနှယ်ရိုကျိုး ရှိခိုးကတော့လိုက်ရပါကြောင်းဗျာ။

ပြည်သူအားလုံး အမိုက်တုန်းတို့ဘေးမှ ကင်းဝေးကြပါစေ။

သုထက်ညွန့်