ယာတောကသာဗြော - ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ပြန်ပြီ
ယာတောကသာဗြော - ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ပြန်ပြီ
(ယာတောကသာဗြောရဲ့ အဝေးကပေးစာတစောင်)
ကိုဟိုဒင်းရေ-
ဗမာပြည်မှာတပ်ကအာဏာသိမ်းပြန်ပြီနော်၊ 'ဖိနပ်တဖက်ပျောက်လို့သေနတ်တချက် ဖောက်တယ်' ဆိုတာလို စစ်ဗိုလ်ချုပ်တွေဟာ သူတို့စိတ်ကလေးနည်းနည်း မကြည်တာနဲ့ အာဏာတက်သိမ်းတာဟာ ဒီနိုင်ငံမှာအစဉ်အလာတခုလိုတောင်ဖြစ်နေပြီဗျ။ ရာဇဝင်ရိုင်း သဗျာ။ ကျွန်တော်တို့ဗမာပြည်မှာ လွတ်လပ်ပြီးတဲ့အချိန်ကစလို့ ရွေးကောက်ပွဲနဲ့ တက် တဲ့အစိုးရတခုဟာ ဆယ်နှစ်နန်းစံရတယ်လို့ မရှိဖူးဘူးဗျ။ ဗိုလ်နေဝင်းလိုအာဏာရှင်ပဲ ဆယ်စုနှစ်တွေဆက်ပြီးနန်းစံရဖူးတယ်။ ကျန်တာတွေအားလုံးဟာ စစ်တပ်အာဏာသိမ်း ခံရတာနဲ့ ဇာတ်သိမ်းတာချည့်ပဲ။ စစ်ဗိုလ်ချုပ်ကြီးများက ဒါကိုပဲလက်မထောင်နေကြသလား မသိပါဘူး။
အရင်အာဏာသိမ်းသူတွေနဲ့ အခုအာဏာသိမ်းသူတွေအကြား ခြားနားတာလို့ပြောနိုင် တာလေး တခု၊ နှစ်ခုကတော့ အခုလူတွေက သူတို့ဖမ်းလိုက်တဲ့လူတွေကို ရုံးတင်မယ်လို့ ပြောတာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဘာ-ညာစတဲ့ဥပဒေစကားကြီးစကားကျယ်တွေပြောတာ စတာ တွေပါပဲ။
ဒီစစ်အာဏာရှင်တွေ အာဏာသိမ်းရာမှာလက်ယဉ်လိုက်ပုံများတော့ ကျွန်တော်တို့ ငယ်ငယ်ကအငြိမ့်မင်းသမီးများပြောလေ့ရှိတဲ့စကားလိုပဲ “သီချင်းသာထပ်ကောင်းထပ်မယ်၊ ကကြိုးတော့မထပ်စေရဘူး”ဆိုတာလို အာဏာကိုဥပဒေမဲ့ မတရားသိမ်းတာကတော့သိမ်း တာပဲ အကြောင်းပြချက်တွေကမထပ်ကြဘူးပေါ့ဗျာ။ ဒါပေမဲ့ သူတို့လုပ်ခဲ့တာဟာ “ငါ့ဝမ်း ပူဆာမနေသာလို့သိမ်းတယ်ကွာ”လို့မပြောယုံတမယ်ပါပဲ။
ဗိုလ်သန်းရွှေရဲ့မိသားစုဝင်တွေနဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့မိသားစုဝင်တွေ ဒီတိုင်းပြည်မှာ အချမ်းသာဆုံးစာရင်းဝင်နေတာကိုပဲ အားမရနိုင်လို့ အာဏာသိမ်းတယ်ဆိုတာကို ဗမာပြည် သားတွေပဲ၊ မသိနားမလည်ဘဲနေပါ့မလား။ ဒီနေ့အာဏာသိမ်း၊ ဒီနေ့ပဲတုံ့ပြန်မှုတွေပေါ် လာတယ်မဟုတ်လား။ လူအမျိုးအစားလည်းစုံပါပေ့။ ဆန့်ကျင်တဲ့နည်းမျိုးလည်းစုံပါပေ့၊ ကျွန်တော်တို့ကိုကိုးကျွန်းမှာတုန်းကဆိုကြတဲ့ “လူထုဟာသမိုင်းဖန်တီးသူပါ”ဆိုတဲ့ သီချင်း ထဲကဒီစာသားတွေကိုသတိရမိတယ်။ အဲဒါက- “ပြည်သူတွေမှာတီထွင်နိုင်စွမ်းဟာ မကုန် ခမ်းနိုင်တဲ့ အင်အားစွမ်းပေတာ”တဲ့။
စ’ကာစတုန်းက လူထုတွေကသံပုံးတီးပြီးဆန္ဒပြကြ တယ်ဆိုတာကြားတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောက်ရောဂါ၊ ပလိပ်ရောဂါ ဖြစ်တဲ့ကာလမှာ ညရောက်ရင် သံပုန်းခေါက်သံတွေကြားရတာကို ပြန်မှတ်မိနေတယ်။ ဒါနဲ့ အခုလူထုတိုက်ပွဲသံပုန်းခေါက်တယ် ဆိုတာတွေကို ဗီဒီယိုကလစ်တွေမှာမြင်ရတော့၊ အမယ်လေး-လားလား၊ မိုးပြိုမြေသိမ့် တဂျိုးဂျိုးတဂျိမ့်ဂျိမ့်နဲ့ ရပ်ကွက်လုံးကျွတ်၊ ရွာလုံးကျွတ် တီးခေါက်ဆန္ဒပြနေကြတာကိုးဗျ။ အမယ်ကြီးအိုလည်းပါ၊ ကလေးပေါက်စလည်းပါလေ။ ညီ ကြပါပေ့။ နောက်တခု အရင်ကမရှိဖူးတဲ့ ဆန္ဒပြနည်းဖြစ်တဲ့ ကားဟွန်းတီးပြီးဆန္ဒပြတယ် ဆိုတာကလည်း မိုင်ချီရှည်တဲ့ဆိုင်ကယ်-ကားတန်းကြီးနဲ့ မိနစ်ပေါင်းများစွာကြာတဲ့ ကားဟွန်းသံဗျ။ နောက်ပြီးအာဏာဖီဆန်မှုဆန္ဒပြပွဲဆိုတာကလည်း ထိရောက်လိုက်တာမှ အစိုးရယန္တရား တွေသွက်ချာပါဒလိုက်ကုန်တာပဲ။
ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက စစ်သားနဲ့ရဲတွေဟာ အရေးတော်ပုံကြီးရဲ့နောက် ပိုင်းမှာမှ ပါဝင်လာကြတာဖြစ်ပြီး ဒီတခါမှာတော့ အစောကြီးပါဝင်လာကြတာကိုမြင်ရတာ တကယ်ကိုအားတက်စရာ၊ ဝမ်းသာစရာပဲဗျ။ သူတို့ကလည်းပုံစံမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒပြကြ တာ၊ တချို့များ အလုပ်တာဝန်က နှုတ်ထွက်တာတောင်လုပ်ကြသဗျ။ အစိုးရဝန်ထမ်းတွေ ရောပဲ။ ချီးကျူးလောက်ပါသဗျာ။
ကျွန်တော်ကတော့ အထက်မှာပြောခဲ့သလိုပဲ လူထုဆန္ဒပြပွဲတွေအကြောင်းပြောကြရင် ဗမာပြည်ရဲ့အနီးခေတ်သမိုင်းမှာ အကြီးကျယ်ဆုံးလို့ပြောရမယ့် ရှစ်လေးလုံးအရေးတော်ပုံ ကြီးနဲ့နှိုင်းယှဉ်မိတာပဲဗျ။ ဒီအရေးတော်ပုံကြီးဟာ စစ်တပ်ကသတ်ဖြတ်တာ၊ အရေးတော်ပုံ ကြီးရပ်စဲသွားတာနဲ့ အဆုံးသတ်သွားတယ်လို့ဆိုနိုင်ပေမယ့် သမိုင်းသဘောနဲ့ပြန်သုံးသပ် နိဂုံးချုပ်လိုက်ရင်တော့ စစ်တပ်စုတ်ပဲ့ယုတ်မာတာနဲ့ ပြည်သူတွေသတ္တိပြောင်မြောက်တာ သမိုင်းတွင်ကျန်ရစ်တယ်မဟုတ်လား။ နောက်ပြီး ဒီနိုင်ငံကထိပ်တန်းအာဏာရူးကြီးဗိုလ် နေဝင်း ပလ္လင်ပေါ်ကဆင်းပြေးရပြီး၊ အရေးအခင်းပြီးလို့ မကြာခင်မှာ အရင်ကအိပ်မက် တောင်မမက်ဝံ့တဲ့ အရပ်သားအစိုးရဆိုတာပေါ်လာတယ်လေ။
သူတို့စစ်အုပ်စုအတွင်းမှာ လည်း ဗိုလ်စောမောင်ကိုအိုးမည်းသုတ်-ရာထူးဖြုတ်၊ ဗိုလ်ချုပ်တင်ဦးကိုသတ်ပစ်၊ အချင်း ချင်းချကုန်ကြတာပဲမဟုတ်လား။ အဲဒီအရေးအခင်းကြီးမှကျဆုံးသွားကြတဲ့ပြည်သူတွေရဲ့ အသက်သွေးချွေးတွေဟာ အလဟဿမဖြစ်ပါဘူးဗျာ။ တိုက်ရဲသူတွေအတွက် အောင်ပွဲ ဟာလက်တကမ်းမှာပါ။
အခုနောက်ဆုံးကြားတာကတော့ ပြည်သူလူထုဘက်က ၉ရက်နေ့မှာလမ်းပေါ်ထွက် ဆန္ဒပြကြမယ်လို့ လှုံ့ဆော်ရာဇသံပေးလိုက်သလို စစ်အာဏာရှင်တွေကလည်း ပစ်မိန့်ပေး လိုက်ပြီဆိုတဲ့သတင်းကို တရားမဝင်ဖြန့်ချိခြောက်လှန့်၊ တချို့နေရာမှာ ဖောင်းဒိုင်းပစ်ပြတာ တွေ စလုပ်နေပြီဗျ။
ရာဇဝင်ဆိုတာအပ်ကြောင်းမထပ်ဘူးဗျနော်။
ကျွန်တော်ကတော့ ဒီပြည်သူလူထုကြီးနဲ့ တနိုင်ငံထဲသားဖြစ်ရတာကို ဂုဏ်ယူသဗျာ။
ချစ်ခင်လေးစားလျက်
ယာတောကသာဗြော