ဇင်လင်း - ခေတ်တခေတ် အယူဝါဒနှစ်ရပ် နှင့် လူငယ်ဘဝ နှစ်ကာလများ
ဇင်လင်း - ခေတ်တခေတ် အယူဝါဒနှစ်ရပ် နှင့် လူငယ်ဘဝ နှစ်ကာလများ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၁
မိမိတို့ ဖြတ်သန်းခဲ့ရသော လူငယ်ဘဝ နှစ်ကာလများမှာ အဓိကအားဖြင့် ၁၉၆၀-၇၀ ဆယ်စုနှစ်များ ဖြစ်သည်။ အသက် အရွယ်အားဖြင့် ၁၅နှစ်မှ ၂၅ နှစ်တာကာလဖြစ်သည်။ နိုင်ငံရေးနောက်ခံကို ပြန်ကြည့်လျှင် ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်း ကွဲမှု ဂယက်ကြောင့် လူထုလူတန်းစား အလွှာအသီးသီးအတွင်း နိုင်ငံရေးအရ သဘောထားအကွဲအပြဲများ အကြီးအကျယ် ဖြစ်ပွားနေချိန်ဖြစ်သည်။ အစိုးရစစ် သတ္တမတန်း မြန်မာစာတွင် ‘၀န်ကြီးချုပ် ဦးနု’ ရေးသားသည့် ‘လူထုအောင်သံပြဇာတ်’ ကို ကျောင်းသုံးပြဋ္ဌာန်း၍ သင်ကြားနေသည်မှာပင် နိုင်ငံရေးသြဇာ မကင်းဟု ဆိုနိုင်သည်။ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ‘လူထုအောင်သံပြဇာတ်’ သည် ‘ကွန်မြူနစ်ပုန်ကန်မှု’ ကို ဝေဖန်ရှုတ်ချ ရေးသားထားပြီး၊ ကျောင်းသုံးပြဋ္ဌာန်းရုံမျှသာမက အမေရိကန် ဟောလီးဝုဒ်ကုမ္ပဏီတစ်ခုနှင့် ရုပ်ရှင်ရိုက်ကူး၍ မြန်မာပြည်အနှံ လှည့်လည် ပြသခဲ့သည်အထိ ကြီးကျယ်ခဲ့ သည်။ ထို့ပြင် ‘How to win friends and influence people by Dale Carnegie’ ကို ဦးနု ဘာသာပြန်သည့် “မိတ္တဗလ ဋီကာ” ကိုလည်း ကျောင်းသုံးပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် စာရေးဆရာ ‘သာဓု’ ၏ ‘တပ်ထဲကမြတ်ကိုကို’ ဝတ္ထုကို အစိုးရက ၁၉၅၄ ခုနှစ်တွင် ‘စာပေဗိမာန် စာပေဆု’ ပေးရုံမက ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ကျောင်းသုံးပြဋ္ဌာန်း ခဲ့သေးသည်။
လွတ်လပ်စ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရသည်ဆိုသော်လည်း ဖဆပလအစိုးရ ဝန်ကြီးချုပ် ဦးနုနှင့် အင်္ဂလိပ်အစိုးရတို့ သဘောတူချုပ်ဆိုခဲ့သော ‘နု-အက်တလီစာချုပ်’ ကို မကြေနပ်ရာမှ ပထမဆုံး ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ နှင့် စတင် ပဋိပက္ခ ဖြစ်သည်။ ထို့နောက် ‘ရဲဘော်ဖြူတပ်ဖွဲ့များ’ လက်နက်ကိုင်၍ တောခိုခဲ့သည်။ ဆက်လက်၍ ‘KNDO’ လက်နက်ကိုင် တပ်ဖွဲ့ များ၊ ‘အလံနီကွန်မြူနစ်ပါတီ’ တပ်ဖွဲ့များ စသည်ဖြင့် တောခိုခဲ့ကြပြီး၊ အစိုးရတပ်များနှင့် အပြင်အထန် တိုက်ခိုက်ခဲ့ ကြသည်။ ‘ရောင်စုံသူပုန်ခေတ်’ ဟု ခေါ်ခဲ့သော ထိုကာလတွင် ‘ရန်ကုန်အစိုးရ’ ဟု ခေါ်ဆိုခံရသည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အရင်းခံ နိုင်ငံရေးသဘောကွဲလွဲမှုသည် ‘လက်ဝဲယိမ်း အယူဝါဒ’ (Communism/Socialism) နှင့် ‘လက်ယာယိမ်း နိုင်ငံရေး အယူဝါဒ’ ဖြစ်သည့် အနောက်အုပ်စု၏ ‘အရင်းရှင် စီးပွားရေးစနစ်’ (Capitalism)တို့ အကြားမှ ၀ါဒရေးရာ ပဋိပက္ခ၌ အခြေခံပေသည်။ တစ်နည်းအားဖြင့် ‘ကမ္ဘာ့စစ်အေးတိုက်ပွဲ’ နှင့် ဆက်စပ်နေသည့် ပဋိပက္ခလည်း ဖြစ်သည်။
သို့ဖြစ်၍ မိမိတို့ခေတ်ကာလ ဖြတ်သန်းမှုသည် ကွန်မြူနစ်ဝါဒနှင့် အရင်းရှင်စနစ်တို့ အပြင်းအထန် ပဋိပက္ခဖြစ်ပွားနေချိန် ဖြစ်သည်။ နိုင်ငံတကာ အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် အမေရိကန်ဦးဆောင်သည့် ‘အနောက်အုပ်စု’ (အရင်းရှင်ကမ္ဘာ) နှင့် ‘ဆိုဗီယက်ရုရှား’ နှင့် ‘တရုတ်ပြည်သူ့သမ္မတနိုင်ငံ’ တို့ဦးဆောင်သည့်(ကွန်မြူနစ်အုပ်စု)တို့အကြား အရှိန်မြင့်နေသည့် ‘စစ်အေးတိုက်ပွဲ’ (Cold War) ကာလ ဖြစ်သည်။ အခြားတစ်ဖက်၌ ဒုတိယ ကမ္ဘာစစ်ပြီးစ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ပထမဆယ်စုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများနှင့် စာပေလှုပ်ရှားမှုများကလည်း မိမိတို့ လူငယ်များ အပေါ် သြဇာသက်ရောက်မှု ရှိခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ သည်ဆိုသော်လည်း လက်ဝဲအယူဝါဒဆိုင်ရာ စာအုပ်စာပေများသည် ၁၉၂၀ ဂျီစီဘီအေ လှုပ်ရှားမှုနှင့်အတူ မြန်မာလူငယ် များအကြား စတင်ရောက်ရှိနေပြီဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရခေတ်တွင် မြန်မာလူငယ်များအား နိုင်ငံရေးနိုးကြားစေရန် အထောက်အကူပြုရေးအတွက် ထူထောင် ခဲ့သည့် ‘နဂါးနီစာအုပ်အသင်း’ ပေါ်လာခြင်းသည်လည်း အထူး အရေးပါသည်။ နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ်တွင် ခေတ်ပညာတတ်လူငယ်များက ဦးစီးတည်ထောင်ခဲ့သည်။ ‘နဂါးနီစာအုပ်အသင်း’ ကို ၁၉၃၇ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ကိုနု (သခင်နု) နှင့် ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)တို့က ငွေ ၅ဝဝ ကျပ်စီ မတည်မှုဖြင့် စတင်ခဲ့သည်။ စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်ခဲ့ကြသူများတွင် ကိုနု၊ ကိုသန်းထွန်း (သခင် သန်းထွန်း)၊ ကိုစိုး (သခင်စိုး)၊ သခင်ချစ်၊ သခင် ထိန်ဝင်း၊ ကိုသိန်းဖေ (သိန်းဖေမြင့်)၊ မြို့မ ဆရာဟိန် စသူတို့ပါ၀င်ကူညီခဲ့ကြောင်း မှတ်တမ်း မှတ်ရာများ ရှိသည်။ နဂါးနီအသင်း၏ မူလတည်ရာမှာ အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) ဖြစ်သည်။ အင်္ဂလန် လက်ဝဲစာအုပ်အသင်း (Left Book Club) ကို စံနမူနာယူ၍ နဂါးနီစာအုပ်အသင်းကို ဖေါ်ဆောင်ခဲ့သည်ဟု သိရ သည်။ ဈေးသက်သက်သာသာဖြင့် လူငယ်များ စာဖတ်နိုင်ရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။ “တစ်လလျှင် ၁ဝ ပဲတန် သော့နှင့် ကမ္ဘာ့ဘဏ် တိုက်ကြီးကို ဖွင့်လော့။” ဟု ကြွေးကြော်၍ အသင်းသားများဖိတ်ခေါ်စည်းရုံးခဲ့သည်ဟု သိရသည်။ ယခုခေတ် စာအုပ်တိုက်များအတွက် နဂါးနီစာအုပ်အသင်းသည် စံနမူနာကောင်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ စာအုပ်စာပေဖွံ့ဖြိုး တိုးတက်မှုအကြောင်းနှင့် နိုင်ငံရေးသမိုင်းဖြစ်စဉ်ကို လေ့လာမည်ဆိုလျှင် နဂါးနီစာအုပ်အသင်း အကြောင်း မပါ၍ မရပေ။
၁၉၃၉ ခုနှစ်တွင် နဂါးနီတိုက်က နဂါးနီဂျာနယ်ကို နှစ်ပတ်တစ်ကြိမ် စနေနေ့တိုင်း ထုတ်ဝေသည်။ တာဝန်ခံ အယ်ဒီတာ ဦးထွန်းရွှေ (နဂါးနီ ကိုထွန်းရွှေ) ဖြစ်သည်။ အတိုင်ပင်ခံ အယ်ဒီတာမှာ သခင်နု၊ သခင်သန်းထွန်းတို့ဖြစ်သည်။ နဂါးနီ စာအုပ်တိုက်သည် ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်မီး မြန်မာပြည် ကူးစက်လာချိန်ထိ လုံးချင်း စာအုပ် ရ၁ အုပ် ထုတ်ဝေခဲ့သည်။ နဂါးနီစာအုပ်များသည် မြန်မာလူငယ်များ နိုင်ငံရေးအသိ နိုးကြားရေးနှင့် အမျိုးသား လွတ်မြောက်ရေး အတွက် တော်လှန်ရေး စိတ်ဓာတ် ပေါ်ပေါက်စေမည့် စာအုပ်များကို အများဆုံး ထုတ်ဝေခဲ့သည်။ နဂါးနီဂျာနယ်၊ ကား(လ်)မတ်ဝါဒ၊ ကျောင်းသား အရေးတော်ပုံ၊ ကျွနု်ပ်၏ စွန့်စားခြင်း၊ ကျွနု်ပ်နှင့် မိုက်ကယ်ကောလင်း၊ ဆိုရှယ်လစ်ဝါဒ၊ ဆိုရှစ်လစ်ဝါဒနှင့် နိသျှည်း၊ ဆိုဗီယက် ဒီမိုကရေစီ ကိုယ်တွေ့များ၊ ဓနရှင်ဝါဒ၊ ဒီဗလာရား၊ ဒေါက်တာ ဂျိုးဇေရီဇော်၊ ပြည်သူ့အာဏာ ပထမတွဲနှင့် ပြင်သစ်အရေးတော်ပုံ၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ လွတ်လပ်ရေးတိုက်ပွဲ၊ လက်ငင်း တို့ တာဝန်၊ အလုပ်သမားလောက၊ အိုင်းရစ် အရေးတော်ပုံ၊ အိုင်းရစ် အာဇာနည် စသည့်စာအုပ်များမှာ ထင်ရှားသော နဂါးနီ တိုက်ထုတ် စာအုပ်များ ဖြစ်သည်။ ထို့ကြောင့် နဂါးနီတိုက်သည် မြန်မာနိုင်ငံသားများကို နိုင်ငံရေး အသိတရား နိုးကြားစေ လိုသော ရည်ရွယ်ချက်ဖြင့် တော်လှန်ရေး သဘောတရားများ ပြည်သူလူထုအတွင်း ပျံ့နှံ့စေရန် အများဆုံး ဖြန်ဝေပေး သည့် စာအုပ်အသင်းအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်များစွာ မြန်မာလူငယ်တို့အပေါ် နဂါးနီစာအုပ်များနှင့် နဂါးနီသီချင်းတို့၏ သြဇာ သက်ရောက်မှု ကြီးမားခဲ့သည်။ မိမိတို့လူငယ်ဘဝ ဖြတ်သန်းမှုကာလ၌လည်း နဂါးနီစာအုပ်များကို လက်ဆင့်ကမ်းဖတ်ရှုခဲ့ ကြရသည်။ ဤသို့ဖြင့် မိမိတို့လူငယ်ဘဝ ပထမဆယ်စုနှစ်(၁၉၆၀-၇၀)နှင့် ဒုတိယဆယ်စုနှစ်(၁၉၇၀-၈၀) ကာလများတွင် လက်ဝဲအယူအဆများ လွှမ်းမိုးခြင်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ ဤနေရာတွင် တစ်ခုပြောစရာရှိသည်။ လက်ဝဲအယူအဆ တစ်ခု သို့မဟုတ် လက်ဝဲခေါင်းဆောင်တစ်ဦးကို သဘောကျနှစ်သက်ရုံဖြင့် ထိုသူကို ကွန်မြူနစ်ဟု တံဆိပ် မကပ်သင့်ပေ။ မိမိတို့ဖြတ်သန်းခဲ့သည့် ခေတ်တွင် စာဖတ်ဝါသနာထုံသူများ၊ စာပေအနုပညာတို့၌ စိတ်နှစ်ထားသူများစွာအနက် လက်ဝဲ စာအုပ်စာတန်းများနှင့် ကင်းသူ အလွန်နည်းသည်။ သို့သော် ယင်းလူငယ်များသည် ကွန်မြူနစ်ဝါဒီများ မဟုတ်ကြသလို၊ ကွန်မြူနစ်ပါတီဝင်များလည်း မဟုတ်ကြပေ။
စစ်ထောက်လှမ်းရေးများကမူ လက်ဝဲစာအုပ် တစ်အုပ်တစ်လေ ဖတ်ရုံနှင့် ထိုသူကို ကွန်မြူနစ်ဟု စွပ်စွဲလေ့ရှိသည်။ ဗန်းမော်တင်အောင်၏ ၀တ္ထုကို ဖတ်ရုံဖြင့် ကွန်မြူနစ်စာရင်း သွင်းလေ့ရှိသည်။ သခင်မြသန်း၏ ၀တ္ထုများနှင့် ဒဂုန်တာရာ၏ ကဗျာများ၊ စာများကို နှစ်သက်ရုံဖြင့် ကွန်မြူနစ်ဟု စစ်ထောက်လှမ်းရေးတို့က သတ်မှတ်ကြသည်။
၁၉၅၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော “ဒဂုန်တာရာ၏ ရုပ်ပုံလွှာ” စာအုပ်သည် မိမိတို့ခေတ်တွင် လူငယ်များအကြား လက်ဆင့်ကမ်း ဖတ်ခဲ့ကြရသော ရသမြောက် နိုင်ငံရေးအခြေပြ စာအုပ်ဖြစ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ တာရာ မဂ္ဂဇင်း၌ ဖေါ်ပြခဲ့သော “အောင်ဆန်း သို့မဟုတ် အရိုင်း” သည် ဒဂုန်တာရာ၏ ပထမဦးဆုံးသော ရုပ်ပုံလွှာဖြစ်သည်။ ယင်းရုပ်ပုံလွှာစာအုပ်တွင် သခင်ကိုယ်တော်မှိုင်း၊ သခင် ဘဟိန်း၊ သခင် နု၊ သခင် သန်းထွန်း၊ ကိုဗဆွေ၊ သိန်းဖေမြင့်၊ ဒေါက်တာ လှရွှေ၊ ညိုမြ၊ သခင်တင်မောင်၊ မဟာဆွေ နှင့် ဗန်းမော်တင်အောင် အစရှိသူတို့၏ ရုပ်ပုံလွှာများကို ရသဟန် ဖြင့် ချယ်မှုန်းတင်ပြထားသည်။ ရေးသားတင်ပြပုံပေါ့ပေါ့ပါးပါးဖြင့် လေးပင်သော နိုင်ငံရေးပုံရိပ်တို့ကို ယေဘုယျမြင်နိုင် အောင် သရုပ်ဖေါ်ထားသောကြောင့် လူငယ်များအကြား ရေပန်းစားခဲ့သော စာအုပ်ဖြစ်သည်။
‘သခင်နု ၏ ရုပ်ပုံလွှာ’ တွင် ခေတ်ပြိုင်နိုင်ငံရေးသမိုင်း ကောက်ကြောင်းကို ယခုကဲ့သို့ရေးချယ်ထင်ပြထားပေသည်။
“၁၉၃၆-ခု ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသော ကျောင်းသားများသမဂ္ဂ သည် ၁၉၃၈-ခု ရေနံမြေ အလုပ်သမား အရေးတော်ပုံကြီးဝယ် နယ်ချဲ့စနစ်တိုက်ခိုက်ရေးတပ်ဦးသို့ ဘွားကနဲရောက်လာလေပြီ။ သမဂ္ဂသည် အလုပ်သမား လယ်သမားတို့နှင့်အတူ လက်တွဲကာ၊ အရင်းရှင်စနစ် ဆန့်ကျင်ရေး အလံတော်ကို လွှင့်ထူခဲ့ကြပေပြီ။
အရင်းရှင်စနစ် ပျက်စီးပါစေ။
မီးတုတ် မီးတုတ် ရှို့ ရှို့။
သူပုန် သူပုန် ထ ထ။
အရေးတော်ပုံ အောင်ပါစေ။
ကျောင်းသားများ သမဂ္ဂသည် နယ်ချဲ့တိုက်ခိုက်ရေး အင်အားစုကို ရှေ့ဆောင်လာကြလေပြီ။ ဤ ၁၉၃၈-အထွေထွေ သပိတ် အရေးတော်ပုံ၏ သားသမီးများဖြစ်ကုန်သော သခင်များ၊ ကျောင်းသားများသည် ဟိုင်နံကျွန်းသို့ လျှို့ဝှက်စွာ စစ်ပညာသင် သွားပြီး၊ ၁၉၄၁-က အင်္ဂလိပ်မောင်းထုတ်ရေးကို ရှေ့ဆောင်ပြုကြလေပြီ။
၁၉၄၁- ၁၉၄၅ ဖက်ဆစ်မုန်တိုင်းကြီး။
ဤဖက်ဆစ်တော်လှန်ရေး မုန်တိုင်းကြီးကို ဤ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၁-ခု အရေးတော်ပုံများ၏တိုးတက်သော အစိတ်အပိုင်း ကပင် ပြုခဲ့ပေပြီ။ ဤဖက်ဆစ်တော်လှန်ရေးကပင် အမျိုးသားတပ်ပေါင်းချုပ်ဖြစ်သော ဖဆပလကို မွေးဖွားလိုက်လေပြီ။ ယခုကား လွတ်လပ်ရေးအောင်ပွဲကို ဆင်နွှဲကာ ပြည်ထောင်စု မြန်မာ သမ္မတနိုင်ငံတော်ဟု ကြေငြာခဲ့ပေပြီ။
၁၉၃၆ ကျောင်းသားသပိတ်၏ အမှတ်အသား သခင်နု။
၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသား သခင် ဘဟိန်း၊ ဒေါာက်တာ လှရွှေ။
၁၉၄၁ အင်္ဂလိပ်မောင်းထုတ်ရေး၏ အမှတ်အသား သခင် အောင်ဆန်း။
၁၉၄၅ ဖက်ဆစ်တော်လှန်ရေး အမှတ်အသား သခင်စိုး၊ သခင် သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း။
၁၉၄၆-၁၉၄၇ ဖဆပလ၏ အမှတ်အသား ဗိုလ်ချုပ်အောင်ဆန်း။
ယခု ဖဆပလ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု။”
အစရှိသည်ဖြင့် ခေတ်ပြိုင်နိုင်ငံရေးသမိုင်း ကောက်ကြောင်းကို သခင်နု ရုပ်ပုံလွှာနှင့်အတူ ချယ်မှုန်းပြခဲ့သည်။
အဆိုပါ ရုပ်ပုံလွှာစာအုပ် နည်းတူ အခြားခေတ်ပြိုင် စာအုပ်စာပေများတွင်လည်း လက်ဝဲအယူဝါဒ၏ အားကောင်းချက်များ လွှမ်းမိုးနေသည်ကို လေ့လာသိရှိနိုင်သည်။ ထိုသို့လက်ဝဲဝါဒ သြဇာသက်ရောက်မှုသည် နိုင်ငံရေးနယ်ပယ်နှင့် ဒွန်တွဲနေ သော စာပေအနုပညာလောကအပေါ် သက်ရောက်မှုရှိခဲ့သည်။ ဒဂုန်တာရာ၏ တာရာမဂ္ဂဇင်းသည် စံနမူနာကောင်း ဖြစ် သည်။ ဒဂုန်တာရာ ဦးစီး ထုတ်ဝေခဲ့သည့် တာရာမဂ္ဂဇင်းကို ၁၉၄၆ ဒီဇင်ဘာလတွင် စတင်ထုတ်ဝေခဲ့ပြီး၊ ၁၉၅၀ ခုနှစ် မေလ ၌ ရပ်တန့်သွားခဲ့သည်။ စုစုပေါင်း ၂၈ အုပ် ထုတ်ဝေခဲ့သည်။
တာရာမဂ္ဂဇင်းသည် မြန်မာနိုင်ငံတွင် “စာပေသစ်” အယူဝါဒကို ဦးဆောင်ခဲ့သည်။ ဒဂုန်တာရာနှင့်အတူ ဗန်းမော်တင်အောင် သည်လည်း စာပေသစ်အမြင်ကို ဦးဆောင်ရာ၌ ပါ၀င်ခဲ့သည်။ တစ်နည်းအားဖြင့် လက်ဝဲဟုခေါ်သည့် ကွန်မြူနစ်/ ဆိုရှယ် လစ် အယူဝါဒအခြေခံသော စာပေအနုပညာ သဘောတရားများကို တာရာမဂ္ဂဇင်းက စတင်ဖေါ်ပြခဲ့သည်။ တာရာမဂ္ဂဇင်း စတင်ထုတ်ဝေသည့် နှစ်တွင် မိမိဖွားမြင်ခဲ့သည်။ မိမိ အထက်တန်းအောင်သည့် အချိန်တွင် တာရာ မဂ္ဂဇင်းသက်တမ်းက နှစ်ပေါင်း၂၀ ကျော်ခဲ့ပြီ။ သို့သော် တာရာမဂ္ဂဇင်း၌ ဖေါ်ပြထားသော စာပေအနုပညာလက်ရာများက မိမိတို့ခေတ် လူငယ် များကို ဆွဲဆောင်မှုအားကောင်းနေဆဲ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်သည်။ မိမိတို့ခေတ်လူငယ်များအနေဖြင့် လက်ဝဲနိုင်ငံရေး သမားများကို နှစ်သက်ရခြင်း၏ ယေဘုယျအကြောင်းခံမှာ ရိုးသားမှုရှိခြင်း၊ အနစ်နာခံခြင်း၊ အလုပ်သမား လယ်သမား ဆင်းရဲသားပြည်သူများ ဘက်မှ ရပ်တည်လေ့ရှိခြင်း၊ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်း၊ စစ်ဆန့်ကျင်ခြင်း၊ ငြိမ်းချမ်းရေး လိုလားခြင်း စသည့် အချက်များကြောင့် ဖြစ်သည်။
ထိုခေတ်၏ နိုင်ငံရေး နောက်ခံ ပုံကြမ်းကို ပြန်ကြည့်လျှင် ဖဆပလပါတီ နှစ်ခြမ်းကွဲခြင်း၊ တော်လှန်ရေးကောင်စီ အာဏာ သိမ်းခြင်း၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်သန်းထွန်းက အာဏာသိမ်းမှုကို ရှုတ်ချသော်လည်း ဗိုလ်ချုပ်နေဝင်းထံ စာတစ်စောင်ပေးပို့၍ တိုင်းပြည်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်တွင် ဆွေးနွေးပွဲပျက်သည်။ ၁၉၆၈ ခုနှစ် ဧပြီလတွင် ကွန်မြူနစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ဇေယျ (ရဲဘော်သုံးကျိတ်ဝင်) ကျဆုံးသည်။ ထိုနှစ် စက်တင်ဘာတွင် ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်သန်းထွန်း လုပ်ကြံခံရသည်။ ထို့နောက် ဗိုလ်နေဝင်းက ဆက်တိုက်ဆိုသလို မြေပေါ်မြေအောက် ကွန်မြူနစ်ဝါဒ သုတ်သင်ချေမှုန်းရေး လုပ်၍၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထူထောင်ကာ တစ်ပါတီ အာဏာရှင်စနစ် တည်ဆောက်ခဲ့သည်။ ထိုခေတ်တွင် တိုင်းပြည် ၏ ပညာတတ် လူချွန်လူတော်အမြောက်အမြား ထောင်တွင်းရောက်သူရောက်၊ တောခိုသူခို၊ နိုင်ငံခြားထွက်သူထွက်ဖြင့် အနှစ်မရှိသည့် တောတွင် ကြက်ဆူပင် မင်းမူသကဲ့သို့ဖြစ်ရသည်။ ယင်းသမိုင်းဖြစ်စဉ်များကြောင့် မိမိတို့ခေတ် လူငယ်များ လွတ်လပ်ခွင့် များ ဆုံးရှုံးကြရသည်။ လွတ်လပ်ခွင့်များ ပြန်ရယူလိုသဖြင့် စစ်အာဏာရှင်စနစ်ကို ခုခံ ဆန့်ကျင်ခဲ့ကြသည်။
မိမိတို့ခေတ် လူငယ်အများစု နိုင်ငံရေးအရ ချစ်ခင်လေးစားမိသူများလည်း ရှိခဲ့သည်။ ဗိုလ်မှူးချုပ် ကျော်ဇောသည် မိမိတို့ ခေတ် လူငယ်များ၏ စံပြသူရဲကောင်း ဖြစ်သည်။ အထူးသဖြင့် ၁၉၅၄-၁၉၅၆ ကာလများတွင် တရုတ်ဖြူ ကူမင်တန်တပ်များ ကျူးကျော်လာမှုကို ဗိုလ်မှူးချုပ် ကျော်ဇော၏ စစ်ရေးဦးဆောင်မှုဖြင့် ချေမှုန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဦးနု၏ သန့်ရှင်းဖဆပလပါတီ အနိုင်ရသဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့သည်။ ဆရာကြီးက ဥက္ကဋ္ဌဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဒုတိယ ဥက္ကဋ္ဌဖြစ်သည်။ တရားရုံးချုပ်ရှေ့နေကြီး ဦးထွန်းတင်က အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။ အလုပ်အမှုဆောင် အဖွဲ့တွင် ဗန်းမော်တင်အောင်၊ မုံရွာ ဦးတင်ရွှေ၊ တော်ဘုရားလေး ဦးအောင်ဇေ စသူတို့ပါ၀င်ခဲ့သည်။
မိမိတို့လူငယ်ခေတ်တွင် ယင်းပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၌ တာဝန်ယူခဲ့ကြသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇော၊ ဗန်းမော်တင်အောင်၊ တော်ဘုရားလေး ဦးအောင်ဇေ နှင့် မုံရွာ ဦးတင်ရွှေ အစရှိသူတို့သည် လူငယ်များ၏ ချစ်ခင်လေးစားမှု ခံကြရသူများဖြစ်သည်။ ထို ပုဂ္ဂိုလ်များသည် လက်ဝဲအယူအဆ အမြင်ရှိသူများဖြစ်ပြီး နာယကဂုဏ်ဖြင့်ပြည့်စုံခြင်း၊ ရိုးသားမှုရှိခြင်း၊ အနစ်နာခံခြင်း၊ အလုပ်သမား လယ်သမား ဆင်းရဲသားပြည်သူများ ဘက်မှ ရပ်တည်လေ့ရှိခြင်း၊ စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်ခြင်း၊ ငြိမ်းချမ်းရေး လိုလားခြင်း စသည့် အချက်များ ကြောင့် မိမိတို့ခေတ်၌ လူငယ်များက လေးစားချစ်ခင်ခဲ့ကြသည်။ ထို ပုဂ္ဂိုလ်များသည် နိုင်ငံရေးသီလ လုံခဲ့ကြသူများဖြစ် သည့်အပြင်၊ ပြည်သူအများ မျက်ရေပေါက် ကြီးငယ်ကျအောင် မလုပ်ခဲ့ကြသဖြင့် ယနေ့ခေတ်တိုင် နာမည်ဂုဏ်သတင်း ထင်ရှားနေကြဆဲ ဖြစ်လေသည်။