Breaking News

လှကျော်ဇော - မအလရဲ့ အတွက်အချက်အမှားများ



လှကျော်ဇော - မအလရဲ့ အတွက်အချက်အမှားများ

(မိုးမခ) ဧပြီ ၈၊ ၂၀၂၁

ဗမာ့အာဏာသိမ်းကောင်စီရဲ့ လက်ကိုင်တုတ်စစ်တပ်က စစ်ဗိုလ်ချုပ်ကြီးများမှာ စစ်အာဏာရှင်ခေတ်အဆက်ဆက်ရဲ့ ဦးနှောက်ဆေး ပညာပေးမှုများ (ဖျက်စီးမှုများ)အောက်မှာ အားနည်းချက်ကြီး (၂) ရပ် ရှိတာ တွေ့ရပါတယ်။

၁။ စိတ်ကြီးဝင် မောက်မာလွန်းတာ
၂။ ပညာဗဟုသုတ အားနည်းတာ (စိတ်ဖြာခွဲခြားနိုင်မှု အားနည်းတာ)

ဒီလိုဖြစ်အောင်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်ကြီးများက မွေးမြူထားပြီး မိမိတို့ရဲ့ အခြေခံအရည်အချင်းနဲ့ မလိုက်တဲ့ ရာထူး အခွင့် အရေး၊ စည်းစိမ် ရမ္မက်ပေါင်းစုံနဲ့ တဘက်ကချော့မြူထားပြီး တဘက်ကတော့ အထက်ကိုဘာမှပြန်မပြောရဲ မလှန်ရဲအောင် ထောက်လှမ်းရေး ကွန်ရက်နဲ့ ချုပ်နှောင်ထားတာပါ။

ဒါကြောင့် သူတို့ရဲ့စဉ်းစားနည်းတွေဟာ (လောဘစိတ်နဲ့ ကြောက်စိတ်ကြောင့်) သိပွံနည်းကျမဖြစ်ဘဲ ဆန္ဒစွဲအမျိုးမျိုးနဲ့ အလွဲလွဲအချော်ချော် ဖြစ်နေရတာပါ။

အခု ၅-၄-၂၀၂၁ က စီအန်အန်က လွှင့်သွားတဲ့ တွေ့ဆုံဆွေးနွေးခန်းကို ကြည့်ပါ။

စီအန်အန်ဌာနချုပ်က သတင်းထောက်များက ဗမာပြည် စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ရောက်နေတဲ့ သူတို့သတင်းထောက်ကို ပြည်တွင်းအခြေအနေများကို လှမ်းမေးမြန်းတဲ့အစီအစဉ်ပါ။

စစ်ကောင်စီရဲ့ ကမ္ဘာကိုပြောပြချင်တဲ့ သတင်းစကားများ (နောင်(၂)နှစ် အတွင်း ရွေးကောက်ပွဲကျင်းပပေးမှာဖြစ်လို့ အဲဒါစောင့်ဖို့၊ ဆန္ဒပြသမားများ ကျန်ပြည်သူတွေကို ခြိမ်းခြောက်နေတာ၊ အန္တရာယ်များလှတဲ့ အကြမ်းဖက်မှုများကြောင့် စီးပွားရေးတွေ ထိခိုက်နေတာ စတာများ) ကို လာနားထောင်ရတာပါ ဆိုတဲ့ အဲဒီအမျိုးသမီးသတင်းထောက်ရဲ့ ပြောဆိုချက်များကို သူတို့ဗိုလ်ချုပ်ကြီးတွေ နားထောင်ကြည့်ရင် (စီအန်အန်က အလိုက်သိစွာနဲ့ အဲဒီမေးမြန်းခန်းတခုလုံးအောက်ကနေ မြန်မာစာတမ်းထိုးထားပေးပါတယ်) ရင်ပတ်စည်တီးဖြစ်လောက်စရာပဲ။

စစ်ကောင်စီအတွက်တော့ တွက်ချက်မှု မှားသွားပြန်ပါပြီ။

အဲဒီ သတင်းမေးမြန်းခန်းက …

ကမ္ဘာ့စင်မြင့်မှာ စစ်ကောင်စီရဲ့ရက်စက်မှု အမျိုးမျိုး၊ ပြည်သူတွေရဲ့ အံ့မခန်းရဲရင့်မှု၊ပြတ်သားမှုတွေ အလွန်ကို ထင်ရှားပြတ်သားစွာ ဖော်ထုတ်လိုက်ပါတယ်။ (လူတွေ ဘယ်လောက် သေတယ်။ ကလေးငယ်တွေ ဘယ်လောက်ပါတယ်။ ကုလကြေညာချက်ကို ကိုးကားပြောသွားပါတယ်။) ဒီမေးမြန်းခန်းတခုတည်းနဲ့ပဲ ဗမာပြည်သူတွေအနေနဲ့ ဒီအမျိုးသမီး သတင်းထောက်ကို ကျေးဇူးမှတ်တမ်း တင်ရတော့မှာပါ။

အဲဒီသတင်းမှာပဲ တချို့အကြောင်းအရာတွေလည်းပါပါတယ်။ ဥပမာ …

၁။ မော်တော်ဆိုင်ကယ်ပေါ်က လူငယ်တယောက်ကို စစ်သားတယောက်က ကားခေါင်မိုးပေါ်ကနေ သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကိုဆွဲတင်သွားတဲ့ ဗွီဒီယို အခွေလေးလည်းပြပြီး ဇော်မင်းထွန်းကို မေးခွန်းမေးလိုက်ပုံက အဲဒီလူငယ်လေးသေဆုံးရတဲ့ဆေးစာမှာ ဆိုက်ကယ်မှောက်လို့ လို့ရေးထားပါတယ်။ အဲသလို မတရားပစ်သတ်လို့ ရနေသလား တဲ့။

(ဇော်မင်းထွန်းကတော့ အဲဒီဗွီဒီယို အစစ်အမှန်ဟုတ် မဟုတ် စစ်ပါဦးမယ်တဲ့။)

၂။ ကျွန်မနဲ့ စကားပြောဆိုမိတဲ့လူတွေကို ဘာလို့ဖမ်းတာလဲ။ သူတို့ ဘာရာဇဝတ်မှုကျူးလွန်လို့လဲ ဆိုတော့ ဇော်မင်းထွန်းက ဒီလူတွေက ဆူပူမှုတွေ လှုံ့ဆော်မှာစိုးလို့ပါ။ မကြာခင် လွှတ်ပေးမှာပါ။ (နောက်ပိုင်းမှာ လွှတ်တော့ပေးပါတယ်။ သူတို့ ပြောထားတဲ့စကားအရ လွှတ်မပေးရင် မဖြစ်တော့တာလည်း လွှတ်ပေးရခြင်းရဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။ စီအန်အန် သတင်းထောက်အမျိုးသမီးက ဒီလူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာလည်း ရှိပါတယ်)

ဒါပေမဲ့ ဗမာပြည်ကြီးမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရှိတယ်ဆိုတဲ့ သတင်းစကားပေးချင်တဲ့ စစ်ကောင်စီအတွက် အရှက်ရစရာ ဖြစ်ရပ်ပါ။

တကယ်တော့ စီအန်အန် သတင်းထောက်တယောက်ကို ပြည်တွင်းဖိတ်ခေါ်ပြီး အဲသလို အရှက်တကွဲ ဖြစ်ရတာနဲ့ အလွဲလွဲ အချော်ချော်ဖြစ်နေရတာတွေဟာ အခုမှတော့ မဟုတ်ပါဘူး။ မဆလခေတ် ကတည်းကပါ။ ဒါတွေဟာ ကြာလေလေ ပိုဆိုးလာလေလေပါ။ (ပိုက်ဆံပေးရင် ဘာမဆို ဖြစ်နိုင်တယ်လို့ ထင်မြင်ထားတဲ့ ဗိုလ်ချုပ်များအရှိုက်ထိချက်ပါ။ အမေရိကန်အပါ အနောက်နိုင်ငံတွေကို မျက်နှာလိုအားရလုပ်ချင်ဇောသန်မှုကြောင့်ရော၊ အားကိုးအားထားရှာရာမှာရော သွေးရူးသွေးတန်းဖြစ်လာလို့များလားလို့ စဉ်းစားစရာကြီးပါ။)

ဒါ့အပြင် လူတွေကို လက်နက်အားကိုးအနိုင်ကျင့်ရင် ကြောက်သွား နောက်ဆုတ်သွားမှာပါ ဆိုတဲ့ သူတို့ရဲ့အမြင်တွေဟာလည်း မမှန်နိုင်ကြောင်း တွေ့လာမှာပါ။

ခေတ်ကာလအခြေအနေ ပြည်သူလူထုရဲ့စိတ်နေစိတ်ထား အပြောင်းအလဲကို ဒီစစ်ဗိုလ်ချုပ်တွေ နားလည်ပုံမရဘူး။

ဒီအမျိုးသမီးသတင်းထောက်ရဲ့ ဗမာပြည်အပေါ် သူရဲ့နိဂုံးချုပ်ချက်ကလေးကတော့ …

၁။ စစ်ကောင်စီမှာ ထူးခြားဆန်းကြယ် ရှုတ်ထွေးတဲ့ လက်နက်ကိုင်စစ်တပ်ကြီးကလွဲလို့ ဘာမှမရှိဘူး။ ပြည်သူေတွရဲ့ထောက်ခံမှုလည်း ရမထားဘူး။ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိကိုလည်း ပြည်သူတွေက မယုံကြည်ဘူး။

၂။ ပြည်သူတွေဘက်ကတော့ ခက်ခက်ခဲခဲတိုက်ယူခဲ့ရတဲ့ ဒီမိုကရေစီကို ပြန်ရဖို့ နည်းပေါင်းစုံနဲ့ကြိုးစားမှာ၊ လွယ်လွယ်နဲ့တော့ အရှုံးပေးမှာ မဟုတ်ဘူး … တဲ့။

သြော် … ဗိုလ်ချုပ်ကြီးများလည်း ဒီနိဂုံးချုပ်ချက်လေးကို ထည့်သွင်းစဉ်းစားဖို့ ကောင်းပါတယ်။

ပြည်သူတွေကတော့ နှစ်ပေါင်း ၅၀ ကျော် ခံလာခဲ့ရတဲ့ ဒီဒုက္ခနွံတွင်းကြီးဖြစ်တဲ့ စစ်အာဏာရှင်စနစ်အောက်ကိုတော့ ဘယ်တော့မှ ပြန်မသွားတော့ဘူး ဆိုတာ ပြတ်သားနေပါပြီ။

ဒီမနက် ဗွီအိုအေက စကားဝိုင်းမှာ မုံရွာက သပိတ်ခေါင်းဆောင်လေးတယောက်ရဲ့ပြောစကားလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ့မယ်။

ကျွန်တော်တို့ ဒီတိုက်ပွဲကို မုချနိုင်မယ်ဆိုတာ ပြည့်ပြည့်ဝဝ ယုံကြည်ပါတယ် … တဲ့။

လှကျော်ဇော

၆-၄-၂၀၂၁




Join Us @ MoeMaKa Telegram


#MoeMaKaMedia #WhatsHappeningInMyanmar