Breaking News

မောင်စွမ်းရည် - နွေဦးတော်လှန်ရေး အောင်မည်

Photo- Crd
နွေဦးတော်လှန်ရေး အောင်မည်
မောင်စွမ်းရည်
(မိုးမခ) ဧပြီ ၇၊ ၂၀၂၁

ရွက်ဟောင်းကို ခြွေ 
ရွက်သစ်ဝေစ နွေဦးလ

လက်ပံလဲနီ ပေါက်လဲနီ
အနံ့ပြိုင်ကြ နွေဦးလ

ဖက်ဆစ်ဂျပန် နယ်ချဲ့ရန်ကို
တော်လှန်ခဲ့ကြ နွေဦးလ

တောင်ပေါ်မြေပြန့် အနှံ့မကျန်
တော်လှန်ခဲ့ကြ နွေဦးလ၊

ရှမ်း ချင်း ကချင် ကရင် မကျန်
မွန် ရခိုင် ကယား လားဟူ
ဝ နဲ့ ပလောင် တောင်သူ မချန်
တော်လှန်ခဲ့ကြ နွေဦးလ

အဖိုး အဖွား မြေးသား မကျန်
ကျားမ ပျိုအို ဖြူညိုမချန်
တော်လှန်ခဲ့ကြ နွေဦးလ

ရှင်လူရဟန်း တောင်တန်းတောခြေ 
ပင်လယ်မြစ်ချောင်း 
တောအောင်းတောင်နေ ပါဝင်ကြ
ဗမာ့တော်လှန်နွေဦးလ

မြေပြင်ကဒေါင်း ဝေဟင်ဒေါင်းနဲ့
ရေပြင်ကဒေါင်း၊ လေလျင်ဒေါင်းတို့
ခွပ်ဒေါင်း ကဒေါင်း ခုန်ပျံဒေါင်းတို့
အဟောင်းအညစ် ပြောင်းလဲသစ်စို့
ဒီမိုကရေစီ၊ ပြည်သစ်တည်စို့၊၊

အောင်စည်သံကြူး
အောင်လံမြူးအံ့
နွေဦးတော်လှန်ရေး အောင်ရမည်၊၊

ဧပြီ ၄၊ ၂၀၂၁
နယူးယောက်၊