Breaking News

နေစိမ့် - အမှောင် သားရဲကမ္ဘာ

အမှောင် သားရဲကမ္ဘာ
နေစိမ့် 
(မိုးမခ) ဧပြီ ၇၊ ၂၀၂၁

အမှောင်ကမ္ဘာထဲမှာ ‌အပျော်ရွှင်ဆုံးနေထိုင်ရှင်သန် မျိုးပွားနေတဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ်။ အဲဒီမျိုးနွယ်စုဟာ လူရယ်လို့အကြမ်းဖျင်း သတ်မှတ်လက်ခံလို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးချက်များအရ လူမစစ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရသာ လူနဲ့တူတာပါ။ စိတ်ပိုင်းဆိုင်ရာအရ မိုးနဲ့မြေကွာတယ်။

        သူတို့ဟာ လူသားစစ်စစ်တွေနဲ့ဒွေးရောယှက်တင် ကြာရှည်လက်တွဲပြီး မရပ်တည်နိုင်ကြပါဘူး။ သူတို့မျိုးနွယ်စုမှန်သမျှ မူလဇာစ်မြစ်အရ အမှောင်ကို နှစ်သက်ကြပါတယ်။ အလင်း‌‌ရောင်ကို ပင်ကိုယ်ဗီဇအရ လက်မခံကြပါဘူး။ 

      အမှောင်ထဲမှာ နေထိုင်ကြီးထွားနေတာ အရွယ်ရင့်ပြီး သက်တမ်းရလာတာနဲ့အမျှ အလင်းရောင်ကိုအလိုလို ကြောက်စိတ်ဝင်နေတယ်။
အလင်းထဲလှုပ်ရှားရှင်သန်နေတဲ့ လူသားစစ်စစ်တွေကိုလည်း မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော အမုန်းတရားတွေ ကိန်းအောင်းလာပါတယ်။

      လူသားတွေလက်‌တွေ့ကျင့်ကြံနေတဲ့ တရားဓမ္မ မေတ္တာတရား သီလစောင့်စည်းမှုဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေ နဲ့ အမှောင်ကမ္ဘာကမျိုးနွယ်စုတွေ အလှမ်းဝေးပါတယ်။

       အမှောင်မျိုးနွယ်တွေမှာ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့စည်းမျဉ်း‌တွေကတပုံတပင်။  သစ္စာစောင့်သိတယ်လို့ လေးစားရမလားပဲ။ ကြီးစဉ်ငယ်လိုက် အမိန့်ကို မြေဝယ်မကျ နာခံပြီး‌မြောက်‌စေကြတယ်။
စောဒကတက်ခွင့်မရှိ။ ဆင်ခြေဆင်လက်နဲ့ လေပြေထိုးလို့မရ။  ခွင့်လွှတ်ခြင်းဆိုတာမရှိ။

      ဘာသာတရားရယ်လို့ သပ်သပ်မှတ်မှတ်မရှိ။ ဥုံဖွ စုန်းကဝေ ဆယ့်နှစ်ကြိုးအောက်လမ်း ပညာရှင်မှန်သမျှ အမှောင်ကမ္ဘာမှာ တန်ခိုးထွားလို့။ အထိုထို အသီးသီး ပညာရှင်များအဖို့ အမှောင်ကမ္ဘာမှာ ဘုရားရှင်သဖွယ် ကိုးကွယ်ပူဇော်ခြင်းခံရတယ်။
 လိုတရဘဝကို စံစားခံစားရရှိတယ်။အမှောင်သားရဲသခင်ကြီးရဲ့ အလိုတော် ပြည့်ပြီဆိုရင်တပည့်သာဝကတွေအတွက်ေ အာင်သေအောင်သား ပွဲတော်ပဲ။
        နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ တရားရတနာစစ်စစ် အမှောင်ကမ္ဘာမှာမရှိ။ ဝိဘဇ္ဇဝါဒရယ်လို့ မကြားဘူး။ မဂ္ဂင်ရှစ်ပါးဆိုတာ မည်သူကမှမကျင့်ကြံ။ မဟာပထဝီမြေကြီးနှင့် အာကာသ ယူဇနာပေါင်းများစွာဝေးကွာသလိုခြားနားလျက်။ ငရဲနဲ့နိဗ္ဗာန်ကဲ့သို့ ဥပမာရှိတော့တယ်။
      အမှောင်သားရဲကမ္ဘာမှာ ကံ ကံရဲ့အကျိုးအပြစ်ကိုလည်းမသိ။ ကုသိုလ်အကုသိုလ်ဆိုတာလည်း မသိ။ အရှင်းဆုံးပြောရရင်တော့ တစ်ဖက်ကမ္ဘာလို့ဆိုရမလို။ 

       အမှောင်သားရဲကမ္ဘာမှာအရွယ်သုံးပါးမရွေး အမှောင်ထဲကဝိညာဉ်တွေနဲ့သာ မေထုန်မှီဝဲကြတယ်။

သူတို့တွေသိနေတဲ့အသိက အမျိုးချင်းထပ်မြတ်သတဲ့။ သူတို့အားလုံး အသက်ထက်ဆုံးယုံကြည်ထားတာ တစ်ခုရှိတယ်။ အသက်သတ်ခြင်းဟာ အပယ်မကျနိုင်ဘူးဆိုတာပဲ။ အမှောင်မျိုးနွယ်စုတွေ မှန်သမျှ အဝီစိရောက်ခဲ့ရင်တောင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်ချိန်မှ ကျွတ်မှာတဲ့။
ကောလာဟလတစ်ခုကတော့ ပြန့်နေတာပဲ။
        ဟုတ်မဟုတ်တော့မသိဘူး။။    
  
                    နေစိမ့် 
                    ၄ ရက် ဧပြီ ၂၀၂၁