Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၀၊ ၂၀၂၁

ရက် ၁၀၀ လည်ပြန်


စစ်ကောင်စီအာဏာသိမ်းတာ ရက်ပေါင်း ၁၀၀ ပြည့်ဖို့ ၁ ရက်သာလိုပါတော့တယ်။ စစ်ကောင်စီ ရဲ့ ရမ်းကား ရက်စက်၊ လုယက်တဲ့ လက်နက်ကိုင်တွေ ပစ်ခတ်မှု၊ အကြောင်းမဲ့ ပစ်သတ်မှု၊ စစ်ကြောရေးလို့ အမည်ပေးသော်လည်း လက်လွန်ခြေလွန် နှိပ်စက်ညှင်းပန်းနှိပ်စက်ပြီး အသက်ဆုံးရှုံးရသူ၊ အိမ်ထဲမှာ နေရင်းနဲ့ ဝင်ပြီးလာပစ်လို့ အရွယ်မရောက်သေးတဲ့ အသက်ဆုံးရှုံးသွားရတဲ့ ကလေးငယ်တွေ၊ ဆန္ဒပြရင်း ကျဆုံးသွားရသူ၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာရင်း လမ်းဘေး ထမင်းကြော်ဆိုင်ဖွင့်ဖို့ လုပ်ရင်း ရမ်းကားတဲ့ တပ်ဖွဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးရသူ၊ နာမည်ဆိုးနဲ့ ရက်စက်တယ်လို့ ကျော်ကြားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ အိမ်ထဲဝင်ဖမ်းလို့ ထွက်ပေြးစဥ် အထပ်မြင့်က ပြုတ်ကျသေဆုံးသူတွေ စုစုေပါင်းလိုက်တဲ့အခါ ဒီနေ့ဆို ၇၈၀ ဦး အတည်ပြုထားတဲ့ အရေအတွက် ရှိနေပါပြီ။

သေဆုံးသွားသူတွေထဲ ကျောင်းသား၊ ဆေးကျောင်းသား၊ ဆရာဝန်၊ ကျောင်းဆရာ၊ ကဗျာဆရာတွေကအစ ဖွဲပြာရောင်းသူတွေအထိ လူတန်းစားမျိုးစုံပါဝင်ပါတယ်။ ဒီမိုကရေစီအတွက် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ပြီး နောက်ဆုံးအသက်ရှူထုတ်တဲ့အချိန်ထိ လက်သုံးချောင်း သင်္ကေတကို ပြသွားသူတွေ၊ ကိုယ့်ဝမ်းစာကိုယ်ရှာရင်း အသက်ဆုံးရှုံးသွားရတာမျိုး အမျိုးမျိူးပါဝင်တာလည်း တွေ့ရပါတယ်။

၂၀၂၁ အရေးတော်ပုံရဲ့ မှတ်တမ်းတွေက ၁၉၈၈ အရေးတော်ပုံနဲ့မတူဘဲ ဖုန်းတွေထဲမှာ၊ လူမှုကွန်ရက် စာမျက်နှာထက်မှာ၊ သတင်းစာမျက်နှာဖုံးတွေမှာ၊ တီဗွီသတင်းတွေထဲမှာ၊ အင်တာနက် မှတ်တမ်းကလောက်ဒ်တွေထက်မှာ အားလုံး မှတ်တမ်းတင်ထားကြတယ်။ နေ့အလိုက် နာမည်အလိုက် သေဆုံးသူတွေရဲ့ ဓါတ်ပုံတွေက အစ အားလုံးမှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။

ရက်စက်မှု၊ ရာဇဝတ်မှု၊ အပြစ်မဲ့၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက နှစ်ဆယ်စုနဲ့ချီ ရာနဲ့ချီပြီး မှတ်တမ်းတွေ ရှိနေမှာဖြစ်တယ်။ တာဝန်အရှိဆုံးသူတွေ၊ ကျူးလွန်သူတွေကို ခုံရုံးတင်နိုင်ခြင်း မတင်နိုင်ခြင်းက သမိုင်းအဖြစ်အပျက် အခြေအနေအပေါ်မှာ မူတည်ကောင်းမူတည် လိမ့်မှာ ဖြစ်ပေမယ့် ဘယ်သူတွေ ကျူးလွန်ခဲ့တယ်၊ ဘယ်သူတွေ တာဝန်ရှိခဲ့တယ်ဆိုတာကတော့ သမိုင်းအစဥ်အဆက် သက်သေတွေ ရှိနေမှာ အသေအချာပင်။

လူထုအနေနဲ့ မဖြတ်သန်းချင်ဆုံး ခေတ်တခေတ် ၊ အကျည်းတန်ဆုံး ခေတ်တခေတ်ကို ဖြတ်သန်းနေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒီခေတ်ဆိုးကို ဘာကြောင့် ဒီလို ဖြတ်သန်းကြရသလဲ၊ လေပြေလေညှင်းသာယာနေရာက ရုတ်တရက် မုန်တိုင်းကျ အလဲလဲ အကွဲကွဲ အပျက်အစီးများစွာ အကျအဆုံးများစွာ ဖြစ်ခဲ့ရတာရဲ့ အကြောင်းကဘာလဲဆိုတာ ခုကတည်းက ငြင်းခုံနေကြရင် သွေးကွဲမယ်၊ စည်းရုံးရေး ပျက်ပြားမယ်လို့ ဆိုသူလည်းဆိုကြတယ်။ တချို့ကလည်း လာရာလမ်းကို ကြည်လင်ပြတ်သားစွာ မြင်နိုင်မှ သွားမယ့်လမ်းကိုလည်း ဘယ်လို လျှောက်ရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်၊ အတိတ်ကို သင်ခန်းစာယူနိုင်မှ အနာဂတ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ် ဆိုတာမျိုး တွေးကြ ပြောကြတာလည်း ရှိပါတယ်။ အတိတ်နဲ့ပတ်သက်လို့ အမြင်မရှင်းသေးရင် ၊ အနာဂတ်လည်း ဟိုကွေ့ ဟိုတက်နဲ့လှော် သည်ကွေ့သည်တက်နဲ့လှော် ဖြစ်နေဦးမှာ လို့ဆိုကြတာလည်း ရှိတာ သိရပါတယ်။

ကျနော်တို့အမြင်ကတော့ - အနာဂတ်နဲ့ချိတ်ဆက်နေတဲ့ အတိတ်ရဲ့ အစိတ်အပိုင်းတွေကိုတော့ ဖိုးကပ်စ် ပြတ်ထားမှ၊ အကွာအဝေး အနီးအဝေး အကြီးအသေး အရေးတကြီးထားရမယ့် အချက် အဓိက နဲ့သာမည၊ မူနဲ့ လူ စသဖြင့် ရှင်းထားဖို့ လိုတယ်လို့ မြင်မိပါတယ်။ အတိတ်က ဒဏ်ရာတွေချည်း ရေတွက်နေတာကတော့ ရှေ့အနာဂတ်ကို လျောက်ဖို့ အချိန်လင့်တာ ၊ တွေဝေတာတွေ ဖြစ်နိုင်တာ မှန်ပေမယ့်၊ ဒဏ်ရာရခြင်း အကြောင်း၊ ဒဏ်ရာရအောင်လုပ်သူကဘယ်သူလဲ ၊ နောက်အလားတူဒဏ်ရာမရအောင် ဘယ်လို ပြင်ဆင်ကာကွယ် ကြမလဲ ဆိုတာတော့ ခုကတည်းက ရှင်းလင်းထားဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ ဒါတွေက အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ဆက်စပ်မှု အကြောင်းအကျိုး တရားတွေ ဖြစ်မယ်လို့ ထင်ပါတယ်။

နေ့စဥ်သတင်းတွေထဲမှာ အတိတ်က ဘယ်လို ဖြစ်ခဲ့တယ် အခု ဘယ်လို ဖြစ်နေတယ်၊ အနာဂတ် ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာ အမြဲပါဝင်တာ ဂရုစိုက်ဖတ်ကြည့်ရင် သတိပြုမိပါလိမ့်မယ်။ ဒါတွေကတော့ အရေးတော်ပုံ ရက်၁၀၀ မပြည့်မီအကြိုနေ့မှာ တွေးမိတဲ့ တွေးထောင့် ၊ တွေးမိတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

အလားတူပဲ ရက်၁၀၀ ကာလမှာ တွေးမိတာ နောက်တချက်က ခေါင်းဆောင်မှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၁၀၀ ၊ အဲဒီမတိုင်ခင် ရက်၁၀၀ သို့မဟုတ် ရက် ၂၀၀ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ နဲ့ ပြီးခဲ့တဲ့ ရက် ၁၀၀ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ က သဘောသဘာဝ တူတဲ့ အပိုင်းရှိသလို မတူညီတဲ့အပိုင်းလည်း ရှိပါတယ်။

မတူညီတဲ့ အပိုင်းမှာ ဘာကို သတိပြုမိသလဲဆိုရင် ပြီးခဲ့တဲ့ ရက် ၁၀၀ မှာ ဦးဆောင်သူတဦးထဲ မဟုတ်တော့ ၊ decentralize ဗဟိုက ချုပ်ကိုင်မှုမရှိတော့တဲ့သဘော ၊ ဦးဆောင်မှုကို မြို့အလိုက် ၊ နယ်အလိုက်၊ ရပ်ကွက်အလိုက် ၊ လူမှုကွန်ရက် ပေါ်က အစုအဖွဲ့အလိုက် ခွဲဝေသွားကြတဲ့သဘောမျိုး ဖြစ်ပျက်ခဲ့တယ်လို့ ဆိုရင် မမှားဘူးထင်ပါတယ်။ Unmanaged Network တွေရဲ့ အစွမ်းတွေ မြင်ကြရပါတယ်။ ဒီအနေအထားက အခြေအနေ အရ ဖြစ်ပေါ်လာတဲ့ သဘော ပေါ်ထွန်းလာတဲ့ သဘောလည်း ဖြစ်တယ်လို့ ယူဆလို့ရမယ် ထင်ပါတယ်။ သပိတ်အဖွဲ့တွေ ကျောင်းသားသမဂ္ဂတွေ၊ defense အဖွဲ့၊ resistance အဖွဲ့တွေ၊ ကိုယ့်ရပ်ကွက်ကိုယ် ထိန်းကြတာ၊ ကာကြတာ၊ ကင်းစောင့်ကြတာတွေက ဗဟိုက ညွှန်ကြားလို့ လမ်းပြလို့မဟုတ်ပဲ အချင်းချင်း လုပ်ပုံကိုင်ပုံတွေကို ကြည့်ပြီး လုပ်ကြတဲ့ သဘောလို့ နားလည်ပါတယ်။

အဲလိုအခြေအနေမှာ ဆုံမှတ်တခုခု ထူထောင်ပြီး ဦးဆောင်မှုကိုဝင်ယူဖို့၊ လမ်းပြဖို့ ၊ အကျိုးအကြောင်း အဆိုးအကောင်း ရှင်းပြပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဦးဆောင်မှုမျိုးပေးနိုင်ရင် ပိုပြီး ခရီးရောက်နိုင်သလို အခြေအနေကို အရေးတော်ပုံကို လမ်းကြောင်း ထိန်းကျောင်းနိုင်မယ် ထင်ပါတယ်။ Unmanaged ကနေ Managed Network တွေအဖြစ် Leadership ကနေ ဦးဆောင်မှုပေးဖို့ ဖြစ်ပါတယ်။

ဘာကြောင့် အထက်က အဖြစ်အပျက်တွေကို သာဓက ပေးပြီး ဦးဆောင်မှုအကြောင်း ရေးရသလဲ လို့မေးရင် လတ်တလော ဖြစ်နေတဲ့ ပညာရေး ကိစ္စလိုမျိုး၊ စီဒီအမ် ကို ဘယ်လို အဆုံးသတ်မလဲ ဘယ်အချိန်မှာ တိုက်ပွဲကို ဘယ်အရှိန်မြှင့်မလဲ ဘယ်အချိန်မှာ ဇက်သတ်မလဲ ၊ ဘယ်နေရာမှာ ခုန်မလဲ ဆိုတာတွေက ခေါင်းဆောင်မှုရှိမှ သို့တည်းမဟုတ် ခေါင်းဆောင်မှု ကောင်းမှ ထိရောက်မှု ရှိပြီး အောင်မြင်မှုကို လက်ဝယ် ရနိုင်တယ်လို့ မြင်လို့ ဆွေးနွေးကြည့်ခြင်း လည်းဖြစ်ပါတယ်။

ဥပမာ - စစ်ကောင်စီက ကျောင်းတွေ ဖွင့်ဖို့လုပ်နေစဥ် စီဒီအမ်လုပ်တဲ့ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းမတက်ဖို့ ၊ ကျောင်းမပို့ဖို့ ဆုံးဖြတ်တဲ့ မိဘတွေ စတဲ့သူတွေကို ဘယ်လို သတင်းစကား နဲ့ ဦးဆောင်မှု ပေးမလဲ ဆိုတဲ့ အကြောင်းအချက်တွေက လတ်တလော လိုအပ်နေတဲ့ ၊ လစ်ဟာနေတဲ့ အပိုင်းတွေလို့ မြင်မိပါတယ်။ CDM အတွက် ထောက်ပံ့ဖို့ အခက်အခဲတွေ ရှိနေပြီဆိုရင် ပြည်သူလူထု၏ ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုး ရိုင်းပင်းကူညီတဲ့ ချိတ်ဆက်မှုတွေ ဖော်ဆောင်ဖို့ သဘောထားတွေ လမ်းညွှန်ချက်တွေကို ပြည်သူတွေကော CDM ဝန်ထမ်းတွေက မျော်လင့်နေပါတယ်။ ထို့အတူ ဘဏ်တွေ၏ ငွေသွင်းငွေထုတ် အခက်အခဲများ၊ အဲသည်အပေါ်မှာ အခကြေးငွေနဲ့ ငွေခေါင်းပုံဖြတ်ပြီး ငွေတန်ဖိုး ကျဆင်းအောင် လုပ်နေပုံများ၊ ဒါကို အားပေးအားမြှောက်လုပ်နေတဲ့ စစ်ကောင်စီ၏ ခြစား အမြတ်ထုတ် ခြယ်လှယ်ကြိုးကိုင်နေမှုများအပေါ်ကိုလည်း လူထုကို နားလည်အောင် တုန့်ပြန်နိုင်အောင် စိုးရိမ်မှုလျော့ချပြီး စည်းရုံးမှုတွေ လုပ်ဖို့ လုပ်မယ် ထင်ပါတယ်။

ခေါင်းဆောင်တဲ့ အဖွဲ့အစည်းအနေနဲ့၊ ခေါင်းဆောင်သူတွေ အနေနဲ့ ရေတို ရေရှည် မဟာဗျူဟာ၊ နည်းဗျူဟာတွေ စဥ်းစားသုံးသပ်ပြီး လမ်းညွှန်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ မြင်မိ ကြောင်းပါ။

(Photo - စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရောင်တော်ထုံးကျေးရွာက စစ်အာဏာရှင်ကိုဆန္ဒပြတဲ့ Flash strike မြင်ကွင်း)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar