မောင်သံပုံး - မဟော်သဓာ မပါတဲ့ သားတရားစီရင်ခန်း
မောင်သံပုံး - မဟော်သဓာ မပါတဲ့ သားတရားစီရင်ခန်း
(မိုးမခ) မေ ၂၁၊ ၂၀၂၁စစ်ကောင်စီရဲ့ ကျောင်းပြန်ဖွင့်ရေး အစီအစဉ်ဟာ သူတို့ရဲ့ ယုတ်မာကောက်ကျစ်မှုကို ဖော်ပြနေပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ရတာပါလဲ။
လက်ရှိကာလမှာ ကိုဗစ်-၁၉ ရောဂါ က စိုးရိမ်နေရတဲ့ အခြေအနေပါ။ လူအများစုက ကာကွယ်ဆေး မထိုးနှံရသေးပါဘူး။ အရပ်သားအစိုးရရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်တွေဟာ တပ်က အာဏာသိမ်းလို့ ပျက်သွားရပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ ရည်မှန်းချက် လမ်းပြမြေပုံထဲမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်ဖို့ ပါ၀င်ပေမယ့် လက်တွေ့မှာ ဘာမျှ ဖြစ်ဖြစ်မြောက်မြောက်လမလုပ်နိုင်ပါဘူး။ လူသတ်ရ၊ အကြမ်းဖက်ရတာနဲ့ဘအချိန်ကုန်နေတာပါ။ တကယ်လို့ အရပ်သားအုပ်ချုပ်ရေး အရှိန်အဟုန်မပြတ်ခဲ့ရင် ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုဟာ "ကျောင်းဖွင့်နိုင်ဖို့" လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဟာ ရပ်တန့်သလောက်ဖြစ်နေတာမို့ ကျောင်းဖွင့်ဖို့ ကြိုးစားတာဟာ ကိုဗစ်-၁၉ ဒုက္ခတွင်းထဲ ခုန်ဆင်းသလို ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားမှု များလာရင် ထိန်းချုပ်ဖို့အတွက် ကျန်းမာရေးစနစ် ပြိုလဲနေတာကိုလည်း ထည့်တွက်ရဦးမှာပါ။
ပညာရေးကဏ္ဍမှာလည်း CDM ၀င်နေတဲ့ ၀န်ထမ်းတွေနဲ့ စစ်ကောင်စီက ဖယ်ရှားလိုက်တဲ့ ပညာရေး၀န်ထမ်းတွေကို ဖယ်လိုက်ရင် လက်ရှိအင်အားနဲ့ ကိုဗစ်-၁၉ ကင်းတဲ့ကာလမှာတောင် စနစ်တစ်ခုလုံး ပုံမှန်လည်ဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပြဿနာ၊ ကျန်းမာရေးပြဿနာတွေမရှိသေးတဲ့ နဂို အခြေအနေမှာတောင် ကျောင်းသားနဲ့ ဆရာ အချိုး မညီမျှမှုက ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။
တချိန်တည်းမှာ ပေါက်ကွဲမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့ကာလမှာ ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးဟာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ အဲဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေအကြား အပြန်အလှန် စွတ်စွဲနေကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လုံခြုံရေးတပ်ဖွဲ့အားလုံးကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီဟာ တရားခံအစစ်ကို သက်သေကောင်းကောင်း ပြနိုင်ဟန် မရှိပါဘူး။ ဒါ့အပြင် ပေါက်ကွဲမှာတွေကို လျော့ချထိန်းချုပ်နိုင်စွမ်းလည်း မပြနိုင်ပြန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ လုံခြုံရေးအရ မဖြစ်နိုင်သလို မဖြစ်သင့်ပါဘူး။
ဒါနဲ့များတောင် စစ်ကောင်စီဟာ ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘာကြောင့် ဖိအားပေးနေတာပါလဲ။ စဉ်းစားကြည့်ဖို့ လိုပါတယ်။အများ မြင်သာတဲ့ အချက်တွေကတော့ -
(၁) စစ်ကောင်စီဟာ ကျောင်းတွေပြန်ဖွင့်ပြပြီး အခြေအနေတွေ တည်ငြိမ်လာနေကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာကို လိမ်ညာဖို့ ဖြစ်ပါတယ်။
(၂) NLD အစိုးရ မလုပ်နိုင်တာကို သူလုပ်နိုင်ကြောင်း ပြသဖို့ လည်း ရည်ရွယ်ဟန် ရှိကောင်း ရှိနိုင်ပါတယ်။ NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ကြောင့် ကျောင်းသက် တစ်နှစ်နာခဲ့တဲ့အပေါ် "နစ်နာမှု" တစ်ရပ်အဖြစ် ရှုမြင်နေသူတွေအတွက် သည်းခြေကြိုက် လုပ်ပြချင်တာပါ။ ဒါကတော့ NLD လို လူထုထောက်ခံမှု မရှိရှာတဲ့ စစ်အုပ်စုရဲ့ သိမ်ငယ်စိတ်နဲ့ မနာလိုမရှုစိမ့်မှုမှာ အရင်းခံပါတယ်။
(၃) CDM လှုပ်ရှားမှုကို ဖြိုခွဲဖို့ ကျောင်းဖွင့်တာပါ။ မိဘတွေအကြား၊ ဆရာ၊ ဆရာမတွေအကြား၊ ဆရာတွေနဲ့ မိဘတွေအကြား စည်းလုံးညီညွတ်မှုကို ဖြိုခွဲပြီး CDM ကို ဖျက်စီးတာ ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီကို တွန်းလှန်ဖို့နဲ့ ထောက်ခံဖို့ ဆိုတဲ့ အတွေးအခေါ်ပဋိပက္ခ ကိုသာမက ကိုယ့်သားသမီး အတန်းတက်ရေး၊ မတက်ရေး ဆိုတဲ့ အကျိုးစီးပွား ပဋိပက္ခ ကိုပါ မီးမွှေးပေးဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။ ဒီအတွက် စစ်ကောင်စီက ကလေးငယ်တွေကို ခုတုံးလုပ်လိုက်တာပါပဲ။
စာသင်ကျောင်းတွေမှာ အခြေခံတဲ့ လူမှုပဋိပက္ခတွေကနေ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ပဋိပက္ခ ဖြစ်လာပြီး စစ်ကောင်စီကို လက်ခံ(ထောက်ခံ) တဲ့ အစိတ်အပိုင်း ကြီးတစ်ခုအဖြစ် လူထုထဲက ဖဲ့ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပညာရေးလောကကို လက်ညှိုးထိုးပြပြီး ကျန်ပဏ္ဍတွေမှာပါ CDM တွေ အားလျော့လာအောင် စိတ်ဓာတ်စစ်ဆင်ရေး ဆက်လုပ်နိုင်ပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ အချက်ကို လူအများစု သဘောပေါက်နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် မေ့လျော့နေကြတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဖိအားပေးနေတာဟာ တနည်းအားဖြင့် ပြည်သူလူထုရဲ့ ရင်နှစ်သည်းခြာတွေကို ပြန်ပေးဆွဲတဲ့ ကောက်ကျစ်ယုတ်မာမှု တစ်ရပ် ဖြစ်တယ်ဆိုတဲ့ အချက်ပါ။
ဘယ်မိဘမဆို မိမိသာ ဒုက္ခမျိုးစုံခံရဲပေမယ့် သားသမီးတွေ နစ်နာမှာကိုတော့ အင်မတန် ထိတ်လန့်ကြောက်ရွံ့ကြပါတယ်။ စစ်ကောင်စီကို လက်မခံတဲ့ မိမိယုံကြည်ချက်ကြောင့် ထောင်ကျတန်းကျ ခံချင်ခံမယ်၊ အရိုက်အသတ် ခံချင်ခံမယ်၊ သားသမီးတွေကိုတော့ ဘယ်လို ဆိုးကျိုးမှ မကျရောက်စေလိုကြပါဘူး။ ဒါဟာ သဘာ၀ လည်း ဖြစ်သလို မိဘမေတ္တာလို့လည်း ဆိုနိုင်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မဆိုထားနဲ့၊ တိရစ္ဆာန်တွေမှာတောင် မိဘစိတ် ဆိုတာ သဘာ၀အရ ပါလာပြီးသား မဟာတ်ပါလား။
စစ်ကောင်စီဟာ သူတို့ လိုချင်တာရဖို့ မိဘများက သားသမီးများအပေါ်ထားရှိတဲ့ အင်မတန် သန့်ရှင်းစင်ကြယ်မွန်မြတ်ပြီး ကြီးမားလှတဲ့ မေတ္တာတရားကို အသုံးချပြီး ရင်သွေးငယ်တွေကို ပြန်ပေးဆွဲဖို့ ကြံစည်တာပါ။ "သူများတွေ ကျောင်းတက်ပြီး၊ ငါ့သမီးလေး မတက်ရရင်"၊ "သူများတွေ ပညာတတ်ပြီး ငါ့သားလေး ပညာမတတ်ရင်" ဆိုတဲ့ တွေဝေစိတ်၊ စိုးရိမ်စိတ် တွေကို ကျောင်းဖွင့်ခြင်း ကတဆင့် မွေးဖွားရှင်သန်ကြီးထွားလာေစပြီး မိဘတွေက သူတို့ကို ဒူးထောက်လာစေဖို့ စစ်ကောင်စီက ကောက်ကျစ်ယုတ်မာစွာ ကြံစည်နေပါတယ်။
ဒီအချက်ကို ပြည်သူတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာ၊ ဆရာမတွေ မြင်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ ပြန်ပေးဆွဲစစ်ကောင်စီရဲ့ သရုပ်မှန်ကို ထင်ထင်ရှားရှား မြင်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ပါလိမ့်မယ်။
ဒီနေရာမှာ တချို့သော သူလျှိုဒလန်တွေ ဝါဒဖြန့်မှာက မဟော်သဓာ သားတရားစီရင်ထုံး ပါ။ ဘီလူးမနဲ့ မိခင်ရင်းတို့ ကလေးငယ်ကို တစ်ဖက်စီက ဆွဲတဲ့အခါ "သားငယ် နာကျင်ခံစားရတာကို မကြည့်ရက်ရှာတဲ့ မိခင်ရင်းက အလျော့ပေးပြီး သားငယ်ကို လက်လွှတ်လိုက်တဲ့ အကြောင်း" ဥပမာ ပေးလို့ စစ်ကောင်စီ အကြိုက်လိုက်ပြီး ကျောင်းအပ်ရေး သွေးထိုးပေးကြပါလိမ့်မယ်။
သတိထားရမှာက မျက်မှောက်အခြေအနေမှာ မိဘပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို စစ်ကောင်စီ ဘီလူးမနဲ့ ယှဉ်ပြီးလုနေရတာက မဟော်သဓာ သုခမိန်ရှေ့မှာ မဟုတ်ဘူး ဆိုတဲ့အချက်ပါ။ သားသမီးတွေ နာမှာစိုးလို့ လက်လွှတ်လိုက်တာနဲ့ သားသမီးတွေရဲ့ အနာဂတ်သာမက တိုင်းပြည်တစ်ခုလုံးကိုပါ စစ်အာဏာရူး ဘီလူးမတွေက စားပစ်လိုက်ကြမှာပါ။ ဒီအချက်ကို သတိမလွတ်ဖို့ လိုပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ ပညာရေးကို ပြန်ပေးဆွဲပြီး တိုင်းပြည်တစ်ခုလုံး သူတို့ရှေ့ ဒူးထောက်လာအောင် အကြပ်ကိုင်နေတဲ့ စစ်အုပ်စုရဲ့ အစီအစဉ်ကို မိဘ၊ ဆရာ၊ ကျောင်းသားတို့ရဲ့ ညီညွှတ်တဲ့ အားနဲ့ တွန်းလှန်ကြဖို့ လိုအပ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
၂၁ ရာစု သားတရားစီရင်ခန်းမှာ မဟော်သဓာ မပါဘူး ဆိုတာ သတိပြုပြီး သားငယ်သမီးငယ်တို့ အနာဂတ် လွတ်မြောက်ရေးအတွက် ခဏတာ အနာခံစေပြီး စစ်ဘီလူးလက်ထဲက လွတ်အောင် အလျော့မပေးစတမ်း ဆွဲထုတ်နိုင်ကြပါစေ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar